ပျားရည်က သင့်ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေပေးနိုင်မလဲ

Wednesday, June 24, 2015


photo- healtyfoodhouse.com

ပျားရည်ဆိုသည်မှာ သင်စားသုံးနေသော အစားအစာများကို ချိုမြိန်အောင် ပြုလုပ်ပေးနိုင်သည်သာမက သင့်ရဲ့ကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်တဲ့အပြင် သင့်ရဲ့အရေပြားကိုလည်း ကြည်         လင်တောက်ပစေပါတယ်။

ချောင်းဆိုးသက်သာစေခြင်း

သဘာဝချိုမြိန်မှုကိုပေးစွမ်းနိုင်တဲ့ ပျားရည်မှာ ချောင်းဆိုးပျောက်ဆေးများတွင်ပါရှိတဲ့ ဒီထရိုမက်သိုဖန် ဓါတ်နဲ့ ညီမျှတဲ့ စွမ်းအင်ကိုတွေ့ရှိရတာမို့ ပျားရည်သောက်သုံးခြင်းအားဖြင့် ချောင်းဆိုးခြင်းမှ သက်သာစေနိုင်ပါတယ်။ ပျားရည်ဟာ လည်ချောင်းထဲရှိ အမြှေးပါးများ ရောင်ရမ်းခြင်းကို သက်သာစေတာမို့ ပျားရည်ကို သောက်သုံးလိုက်ခြင်းအားဖြင့် ချောင်းဆိုးခြင်းကိုဖြစ်စေတဲ့ လည်ချောင်းယားယံခြင်းကို သက်သာ သွားစေပါတယ်။ ပျားရည်အား ညအိပ်ရာမ၀င်ခင် လက်ဖက်ရည်ဇွန်း (၂)ဇွန်းခန့် သောက်သုံးပေးပါက ညဖက်ချောင်းဆိုးခြင်းမှ သက်သာစေတဲ့အတွက် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်နိုင်ပါတယ်။

ကိုလက်စထရောအခြေအနေကိုကောင်းမွန်စေခြင်း

ဖြည့်စွက်အချိုရည်များကို သောက်သုံးသူများအနက် တစ်နေ့ကို ပျားရည် (၇၅)ဂရမ်အား ရေ (၂၅၀)လီတာဖြင့် ရော၍ (၁၅)ရက်ဆက်တိုက် သောက်သုံးပေးသူများဟာ ခန္ဓာကိုယ်အား အကျိုးမပြုတဲ့ ကိုလက်စထရော ပမာဏ လျော့ကျလာပြီး ခန္ဓာကိုယ်အကျိုးပြု ကိုလက်စထရော ပမာဏ မြင့်တက်လာတာကို တွေ့ရှိရတယ်လို့ ဒူဘိုင်းလေ့လာမှုတစ်ခုမှ ဖော်ပြထားပါတယ်။

အသားရည်ကိုစိုပြေစေခြင်း

ပျားရည်တွင်ပါရှိတဲ့ သကြားဓါတ်မော်လီကျူးများဟာ အရေပြားရှိ ရေဓါတ်ကို ထိန်းသိမ်းထားနိုင်တဲ့ အာနိသင်ရှိတာကြောင့် ပျားရည်ဆိုသည်မှာ အသားရည်ကို စိုပြေစေတဲ့ သဘာဝပစ္စည်းတစ်မျိုးပဲဖြစ်ကြောင်း အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာ ပက်ထရစ်ရှာ ဖားရစ်က ဆိုပါတယ်။ ပျားရည်ဟာ အရေပြားရဲ့ အပေါ်မှာ အလွှာပါးတစ်ခုအနေဖြင့် ရှိနေတာကြောင့် အရေပြားအတွင်းရှိ အစိုဓါတ်ကို အုပ်ထိန်း ထားနိုင်ကြောင်း အရေပြားအထူးကု ဒေါက်တာ ဇိုးဒိုင်ယာနာ ဒွားလိုစ့်က ထပ်လောင်းပြောဆိုထားတဲ့ အပြင် ပျားရည်နှင့်ပြုလုပ်ထားသော အလှကုန်ပစ္စည်းများဖြစ်သည့် L’Occitane၊ လက်နှင့်ခန္ဓာကိုယ် အလှဆီများ၊ သို့မဟုတ် ပျားရည်နဲ့ ဒိန်ချဉ်ရောစပ်ဖော်ထုတ်ထားသော  Dial’s 7 Day အစိုဓာတ်ထိန်းအလှဆီကို အသုံးပြုရန် အကြံပေးထားပါတယ်။

ဝက်ခြံများကိုကုစားပေးခြင်း

Joey Green၏ ကျန်းမာရေးအတွက်အံ့အားသင့်စေသော ဆေးဝါးများ စာအုပ်ကို ရေးသားသူ ဂျိုရီ ဂရင်းဆိုသူကလည်း ပျားရည်တွင်ပါရှိသည့် အလွန်သေးငယ်သော ပိုးမွှားများကို သုတ်သင်ပေးနိုင်သည့် အာနိသင်တစ်မျိုးမှာ ၀က်ခြံကြောင့် ဖြစ်ပေါ်လာသော ရောင်ရမ်းမှုများကို လျှော့ချပေးနိုင်တယ်လို့ ရေးသားထားပါတယ်။ ဇာတိပ္ဖိုလ်သီးနဲ့ ပျားရည်ကိုအချိုးကျ ရောစပ်ပြီး ၀က်ခြံများပေါ်တွင် မိနစ်(၂၀)ခန့် အုံထားပြီးနောက် ရေနဲ့ဆေးချခြင်းကို ပြုလုပ်ပေးပါက ၀က်ခြံများ သက်သာစေပါတယ်။

လည်ချောင်းနာခြင်းကို သက်သာစေခြင်း

ပျားရည်ကို သောက်သုံးခြင်းအားဖြင့် ချောင်းဆိုးပျောက်ကင်းစေတဲ့အပြင် ခံစားနေရသော လည်ချောင်းနာ ဝေဒနာကို တိုက်ထုတ်ရန်အတွက် ဘက်တီးရီးယားဆန့်ကျင်သည့် အာနိသင်ကိုလည်း ပျားရည်မှ ထုတ်လုပ်ပေးပါတယ်။ ရေတစ်ဝက်ပါဝင်သော ဖန်ခွက်တစ်ခွက်တွင် ကြိတ်ထားသော ချင်းရည်အနည်းငယ်ကို ရေနဲ့ရော မွှေပြီးနောက် သံပုရာနှင့်ပျားရည်ရောထားသောအရည်တစ်ဝက်ဖြင့် ထပ်မံရောစပ်ကာ အာလုပ် ကျင်းပေးပါက လည်ချောင်းနာခြင်းကို သက်သာစေနိုင်ပါတယ်။

အပူလောင်ဒဏ်ရာများကိုပျောက်ကင်းစေခြင်း

အပူလောင်ဒဏ်ရာများကို ကုသရာ၌ လူသုံးများသည့် silver sulfadiazine ဓာတ်ပါသော ဆေးများကို အသုံးပြုခြင်းထက် ပျားရည်ကိုအသုံးပြုပါက အနာကြပ်မြန်စေတဲ့အပြင် ရောင်ရမ်းခြင်းကိုလည်း အလျင်အမြန် လျော့ကျစေနိုင်ပါတယ်။

သွေးတွင်းအချိုဓါတ်ကိုမြှင့်တင်ပေးခြင်း

အားကစားနှင့်အာဟာရရေးရာ အပြည်ပြည်ဆိုင်ရာဂျာနယ်တစ်ခုရဲ့ဖော်ပြချက်အရ ပျားရည်ဟာ ဆူးကရို့စ် သို့မဟုတ် မဲလ်တိုဒက်စထရင်းဓါတ်များထက် ခန္ဓာကိုယ်အတွင်းရှိ ဂလူးကိုစ်သကြားဓာတ်ပမာဏကို ထိန်းသိမ်းမြှင့်တင် ထားပေးနိုင်ပါတယ်။ တချို့သောသူများအတွက် ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ပြီးတဲ့အခါမှာ ကာဗွန်ဟိုက်ဒရိတ်နဲ့ ပရိုတင်းဓါတ်များ ဆုံးရှုံးသွားတတ်တာကြောင့် သွေးအတွင်း သကြားဓါတ်များ လျော့နည်းခြင်းကို ခံစားရနိုင်ပါတယ်။ သို့ပေမယ့် သုတေသနပြုသူများရဲ့ လေ့လာချက်များအရ ပျားရည်ဟာ ထိုသို့ သွေးတွင်းအချိုဓါတ်လျော့နည်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်း အချိုဓါတ်ကျဆင်းခြင်းရောဂါကို ခံစားနေရသူများအဖို့ ပျားရည်ပါဝင်သော အစားအစာများကို စားသုံးခြင်းအားဖြင့် သွေးတွင်း အချိုဓါတ်ပမာဏကျဆင်းခြင်းကို ပြန်လည်မြင့်တင်စေနိုင်ပါတယ်။

ဗောက်များကိုဖယ်ရှားပေးခြင်း 

ပျားရည်ဖြင့် ဖော်စပ်ထားသော ခေါင်းလျှော်ရည်များကိုအသုံးပြုခြင်းသည် ဦးရည်ကို ချောမွေ့စေတဲ့အပြင် ဗောက်များကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ အဆီအိတ်များကြောင့် ဖြစ်ပေါ်တတ်သော ဦးရေပြားဆိုင်ရာ ရောဂါနှင့် ဗောက်ရှိသူများအနေဖြင့်  ပျားရည်ခေါင်းလျှော်ရည်ကို အသုံးပြုပါက ဦးရေပြား ယားယံခြင်းကို သက်သာစေတဲ့အပြင် ဦးရေပြားကိုလည်း ကောင်းမွန်စေနိုင်ကြောင်း သုတေသနပြုသူများရဲ့ လေ့လာချက် များမှ ဖော်ပြထားပါတယ်။ ဦးရေပြား ပြဿနာကြောင့် မဟုတ်ဘဲ တစ်ရံတစ်ခါ ဖြစ်တတ်သော ဗောက်ထခြင်း ကိုလည်း ပျားရည်ခေါင်းလျှော်ရည်ကို အသုံးပြုခြင်းအားဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ပျားရည်မှာ မှိုစွဲခြင်းကို ဆန့်ကျင်သော အာနိသင်တစ်မျိုးပါဝင်တဲ့အပြင် ဦးရေပြားကိုလည်း အေးမြစိုစွတ်အောင် ထိန်းသိမ်း ပေးနိုင်ပါတယ်။ ပျားရည်အနည်းငယ်ဖြင့် ရောစပ်ထားသော ရေနွေးနွေးဖြင့် ဦးရေပြားကို နှိပ်နယ်         ပေးနိုင်ပါတယ်။

ကိုယ်တိုက်ဆပ်ပြာရည်အဖြစ်အသုံးပြုနိုင်ခြင်း

အသားရည်ရဲ့အစိုဓါတ်ကို ထိန်းသိမ်းပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ပေါ်ရှိ ၀က်ခြံ နှင့် အနံဆိုးများကို ဖြစ်ပေါ်စေသော ပိုးမွှားများကို သေစေနိုင်တဲ့ အာနိသင်ရှိတာမို့ ပျားရည်ကို ကိုယ်တိုက်ဆပ်ပြာအဖြစ်လဲ အသုံးပြုနိုင်ပါတယ်။ လက်ဖက်ရည် ဇွန်း (၂)ဇွန်းခန့် ပမာဏရှိသော ပျားရည်အား စားပွဲဇွန်း (၁)ဇွန်းစာ သံလွင်ဆီနှင့် ရောစပ်ပြီး ဆပ်ပြာရည်အဖြစ် အသုံးပြုနိုင်ပါတယ်။ ခန္ဓာကိုယ်နှိပ်နယ်ဖို့ရန် အတွက်တော့ ပျားရည်အား ရနံ့ဆီများဖြစ်သည့် လာဗန်ဒါဆီ၊ ဗာဒံဆီ၊ ဗိုက်တာမင် အီး ပါဝင်သော အဆီတစ်မျိုးမျိုးဖြင့် ရောစပ်နိုင်ပါတယ်။ ထိုရနံ့ဆီများဟာလည်း ခန္ဓာကိုယ်အား အညောင်းအညာပြေပျောက်စေပြီး သင်းပျံ့တဲ့ ရနံကိုလည်း ပေးစွမ်းနိုင်ပါတယ်။ သို့မဟုတ် Scrub အနေနဲ့ အသုံးပြုလိုပါကလည်း ခွက်တစ်ဝက်ခန့်ပါရှိသော သကြားညိုနှင့် ပျားရည်အားရောစပ်နိုင်ပါတယ်။ ပျားရည်သည် ကြာမြင့်စွာ သိမ်းဆည်းထားနိုင်သော သဘာဝပစ္စည်း တစ်မျိုးဖြစ်တာကြောင့် ပျားရည်ဖြင့် ကိုယ်တိုက်ဆပ်ပြာရည် ဖော်စပ်ပါက ရေကို လုံးဝအသုံးမပြုရဘဲ အကယ်၍ ရေဖြင့်ရောစပ်ပြီး သိမ်းဆည်းထားမိပါက ဆပ်ပြာရည်မှာ လျင်မြန်စွာ  အာနိသင်ပြယ်၍ ပျက်စီးသွားနိုင်ပါ တယ်။



ခင်အေးမြလွင် 

ကိုးကားသတင်း။  ။ http://www.rd.com/slideshows/honey-benefits/#ixzz3dcU40rXm

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved