မုန်တိုင်းအမျိုးမျိုးနဲ့ ပြင်ဆင်ထားသင့်တဲ့ အချက်များ

Wednesday, June 24, 2015


photo - travel.nationalgeographic.com

အခုလို မိုးသက်လေပြင်းကျရောက်တတ်တဲ့ ရာသီအခါသမယတွေမှာ မုန်းတိုင်းလာရင်ဘယ်လို အသင့်အနေအထားနဲ့ ရင်ဆိုင်ကြမလဲဆိုတာနဲ့ မုန်တိုင်းမှာ ဘယ်လိုအမျိုးအစားတွေရှိသလဲ ဘယ်လိုအန္တရာယ်ဖြစ်စေနိုင်သလဲဆိုတာကို ဧရာဝတီဘလော့ဂ်ပရိတ်သတ်တွေအတွက် ဗဟုသုတတခုအနေနဲ့ ဖော်ပြပေးချင်တာပါ။

လေမုန်တိုင်းကျလာတဲ့အခါ လေဟာပြင်းလာပါတယ်။ တစ်ခါတစ်ရံ တစ်နာရီကို မိုင် ၄ဝ နှုန်း တိုက်ခတ်ပါတယ်။ တစ်ခါတစ်ရံ ၇၅ မိုင် တိုက်ခတ်တတ်ပါတယ်။ တစ်ခါတစ်ရံ၌မူ ၇၅ မိုင်ထက်တောင် ပိုမိုတိုက်ခတ်ပါသေးတယ်။  မြန်မာနိုင်ငံမှာ တစ်နာရီကို ၇၅ မိုင်နှုန်းတိုက်ခတ်တဲ့ လေမုန်တိုင်းမျိုး ကြုံခဲ့ရဖူးပါတယ်။  ၁၉၆၈ ခုနှစ်၊ မေလ ၁ဝ ရက်နေ့ စစ်တွေမြို့နဲ့ အနီးတစ်ဝိုက်မှာ တိုက်ခတ်သွားတဲ့ လေမုန်တိုင်းကြီးဟာ တစ်နာရီကို မိုင် ၁၅ဝ အထိ တိုက်ခတ်ခဲ့ရာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးသော လေ မုန်တိုင်းကြီးဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် အသေအပျောက်၊ အပျက်အစီး၊ အဆုံးအရှုံး အလွန် များပြားခဲ့တာပါ။ ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ရှိ လေမုန်တိုင်းများကို ဆိုင်ကလုန်းဟု ခေါ်ထွင်ကြပါတယ်။

မုန်တိုင်း ခွဲခြားသတ်မှတ်ခြင်း

ဒါပေမယ့် မုန်တိုင်း ဟူသမျှကို ဆိုင်ကလုန်းလို့ မခေါ်ပါဘူး။ လေတိုက်နှုန်း တစ်နာရီ မိုင် ၃ဝ ကျော် လျှင် မုန်တိုင်းငယ်၊ လေတိုက်နှုန်း တစ်နာရီ မိုင် ၄ဝ ကျော်လျှင် ဆိုင်ကလုန်းမုန်တိုင်း၊ လေတိုက်နှုန်း တစ်နာရီ မိုင် ၆ဝ ကျော်လျှင် ဆိုင်က လုန်းမုန်တိုင်းကြီးလို့ သတ်မှတ်ကြတာပါ။ လေတိုက်နှုန်းတစ်နာရီ မိုင် ၃ဝ အောက်ဆိုရင်တော့ လေပွေလှိုင်း လို့ သတ်မှတ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာတွင် မုန်တိုင်းများကို တိုင်ဖွန်လို့ခေါ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာတွင် လေသည် တစ်နာရီ မိုင် ၄ဝ နှုန်းတိုက်လျှင် မုန်တိုင်းငယ်လို့ သတ်မှတ်ပြီး မိုင် ၄ဝ မှ ၇၅ မိုင် အထိကို ဆိုင်ကလုန်း မုန်တိုင်းလို့ သတ်မှတ်တာပါ။ တစ်နာရီ လေတိုက်နှုန်း ၇၅ မိုင်အထက်မှသာ တိုင်ဖွန်လို့ သတ်မှတ်ပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာမှာ မုန်တိုင်းများကို ဟာရီကိန်းလို့ခေါ်ပါတယ်။ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၇၅ မိုင် ကျော်တယ်လို့ သိရပါတယ်။  ဟာရီကိန်းလေနီကြမ်း တိုက်ခတ်တော့မည်ဆိုလျှင် ဝင်ခါနီး နေဟာ မှိုင်းမှုန်နီရဲလာတာပါ။ လေဟာပူနွေးပြီး ထိုင်းမှိုင်းလာပါတော့တယ်။ လေဟာ ဖိအားများလာပြီး ငြိမ်သက်သွားပါတယ်။ ပင်လယ်ပြင်၌မူ လေကျမယ်ဆိုရင် လေရဲ့ဖိအားနည်းသွားတတ်ပြီး မိုးကုပ်စက်ဝိုင်းအစွန်းဆီမှ မိုးသားများ လျင်မြန်စွာ တက်လာတတ်ပါတယ်။ လေထဲတွင် ရေခိုးရေငွေ့များ ပါလာတတ်ပါတယ်။ လေရဲ့အရှိန်သည်လည်း ပြင်းထန်သည်ထက် ပြင်းထန်လာပါတယ်။ အဲ့ဒီလို ဖိအားနည်းတဲ့နေရာသို့ တိုက်ခတ်လာတဲ့လေဟာ ဝင်ရိုးပေါ်၌ ဖြောင့်မတ်စွာမသွားဘဲ ဝက်အူရစ်သကဲ့သို့လှည့်ကာ ဝိုင်းရစ်ပြီး တိုက်ခတ်တာပါ။ အဲ့ဒီလိုနည်းနဲ့ပဲ လေပွေ များဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

မိုးသက်လေပြင်းကျရောက်တဲ့အခါ ကောင်းကင်၌ ညိုမည်းနက်မှောင်သော မိုးတိမ်များတက်လာတတ်ပါတယ်။ အဲ့ဒီနောက် မိုးရွာပြီးလျှင် လေဟာ ဝိုင်း၍ရစ်၍ တိုက်ခတ်တတ်ပါတယ်။ မိုးသက်လေပြင်း ကျရောက်ပြီးတဲ့အခါ လျှပ်ပြက်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေကျခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။။ မိုးသက်လေပြင်းကျရောက်ခြင်းဟာ စွတ်စိုထိုင်းမှိုင်းသော လေဟာ အထက်သို့ တက်၍ အအေးဓာတ်နဲ့ တွေ့ပြီးလျှင် မိုးရေအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် ဖြစ်ပါတယ်။

မုန်တိုင်းတစ်ခုဖြစ်ပေါ်သော အဆင့်များ

မိုးသက်မုန်တိုင်းရဲ့တန်ခိုးအင်အားကို  အခုလို ခန့်မှန်းကြည့်နိုင်ပါတယ်။ စတုရန်း ၁ဝ မိုင် ကျယ်သောမြေပေါ်၌ တစ်လက်မခန့် ကျရောက်နေသော မိုးရေရဲ့ထုထည်ဟာ ၂၃၂ ၃ဝဝ ဝဝဝ ကုဗပေရှိပါတယ်။ အဲ့ဒီရေထုကို ပင်လယ်မှ စုတ်ယူပြီး မိုးရေအဖြစ်သို့ ပြန်ပြောင်းလဲပေးရန် မြင်းကောင်ရေ အား ၃၆ သန်းနဲ့ ညီမျှသောအား ရှိဖို့လိုပါတယ်။ ဟာရီကိန်းလေနီကြမ်းမှာ မြင်းကောင်ရေအား ကုဋေပေါင်းတစ်သောင်းပါရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ လေနီကြမ်း တိုက်ခတ်တဲ့အခါ အဆောက်အအုံများ၊ သစ်ပင်နဲ့ ကောက်ပဲသီးနှံများ     ကြောက်မက်ဖွယ်ကောင်းလောက်အောင်  ပျက်စီးဆုံးရှုံးကြတာ အားလုံးလည်း အသိပါပဲ။


မုန်တိုင်း တိုက်ခတ်ချိန်တွင် ဆောင်ရွက်ရမယ့် အချက်များကိုလည်း ဗဟုသုတအနေနဲ့ ဆက်လက်ဖော်ပြပေးချင်ပါတယ်။

(၁) မိမိရပ်ရွာမှ တာဝန်ရှိသူများရဲ့ အကြံပေးချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။
(၂) လျှပ်စစ်မီးလိုင်းများနဲ့ ဓာတ်ငွေ့ပိုက်လိုင်းများကို ဖြတ်တောက်ပစ်ပါ။
(၃)လွှင့်ပျံလာသော အရာဝတ္ထုများနဲ့ ထိခိုက်မှုမရှိစေရန်အတွက် လုံခြုံသော နေရာမျိုးတွေမှာသာ နေထိုင်ပါ။
(၄)အဆောက်အအုံရဲ့ ခိုင်ခံတဲ့ အပိုင်းမှာသာ ခိုလှုံပါ၊ ရေဒီယိုမှ သတင်းထုတ်ပြန်ချက်ကို အဆက်မပြတ်နားထောင်ပါ။
(၅) အသက်ကယ်အကျီ၊ ဘောကွင်း၊ ပလတ်စတစ်ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ ကားတာယာကျွတ်များကို ကိုယ်နဲ့အတူ  ဆောင်ထားပါ။
(၆) တံခါးနဲ့ ပြတင်းပေါက်များကို သေသေချာချာ ပိတ်ထားပါ၊ မုန်တိုင်းအရှိန်ကြောင့် ပွင့်ထွက်သွားပါက မျက်နှာချင်းဆိုင်ဘက်မှာ လေထွက်ပေါက်တစ်ခု အမြန်ပြုလုပ်ပါ။
(၇) လေလာသည့်ဘက်မှ တံခါးပေါက်များကို ပိတ်ထားပြီး လေကွယ်ရာအရပ်ရှိ တံခါးပေါက်များကို ဖွင့်ထားပါ။
(၈) နေအိမ်စတင်ပြိုကျလာပါက မွေ့ယာများ၊ စောင်များဖြင့် အကာအကွယ်ပေးထားပါ (သို့မဟုတ်) ခိုင်ခံ့တဲ့ စားပွဲများအောက်တွင် နေပါ။
(၉) မုန်တိုင်းဗဟိုဖြတ်သန်းစဉ် ခေတ္တလေငြိမ်သော်လည်း နာရီဝက်အကြာတွင် ဆန့်ကျင်ဘက်အရပ်မှ ပိုမြို ပင်းထန်တဲ့ လေများ ဝင်ရောက်လာတတ်တာကို သတိပြုပါ။
(၁၀) လေမုန်တိုင်းခေတ္တလျော့ပါးချိန်မှာ အိမ်အပြင်သို့ ထွက်ခြင်း၊ ကမ်းခြေသို့ သွားခြင်း မပြုပါနဲ့။

မုန်တိုင်းကျရောက်ပြီးနောက် ဆောင်ရွက်ရန်အချက်တွေကတော့

(၁) ရေဒီယိုကို ဖွင့်ထားပြီး သတိပေးချက်နဲ့ အကြံပြုချက်များကို နားထောင်ပါ။
(၂) မုန်တိုင်းအန္တရာယ် စိတ်ချရပြီဆိုတဲ့ သတင်းရရှိမှသာ နေအိမ်သို့ ပြန်ပါ။
(၃) ဒဏ်ရာရသူများကို ပြုစုပါ။ လိုအပ်လျှင် ဆေးခန်း၊ ဆေးရုံပို့ပါ။
(၄) ပြုတ်ကျပြတ်တောက်နေတဲ့ ဓာတ်ကြိုးများကိုတွေ့လျှင် မကိုင်မထိမိစေရန် သတိပြုပါ။ လျှပ်စစ်ရုံးသို့  အကြောင်းကြားပါ။
(၅) ပြုတ်ကျပျက်စီးနိုင်တဲ့ အဆောက်အအုံ၊ သစ်ပင်များနဲ့ ဝေးဝေးနေပါ။
(၆) မြွေနဲ့ အဆိပ်ရှိသတ္တဝါများကို သတိထားပါ။
(၇) ရေဝပ်သော နေရာများမှာ ကျင်းများ၊ ချိုင့်များရှိလျှင် ရေနစ်တတ်သဖြင့် ကလေးများကို အဲ့ဒီနေရာများတွင် မကစားရန် ထိန်းသိမ်းပါ။
(၈) လမ်းနဲ့ ရပ်ရွာသန့်ရှင်းရေးပြုလုပ်ပါ၊ ရေကို ကျိုချက်သောက်ပါ။
(၉) ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီပါ။
(၁၀) ကောလဟာလသတင်းများကို နားမထောင်ပါနဲ့။



ကိုးကား။  ။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၂)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved