“ငွေတံဆိပ် ဆုကလည်း မသေးပါဘူး”

Thursday, June 25, 2015



U-23 အသင်းရဲ့ ဂိုးသမား ကျော်ဇင်ဖြိုးနဲ့ သူ့ရဲ့ သမီးငယ်လေး (ဓာတ်ပုံများ - သော်ဟိန်းထက်/ The Irrawaddy)

ကျော်ဇင်ဖြိုး
အသက် (၂၂) နှစ်
ဘောလုံး ဂိုးသမား (ယူ-၂၃ မြန်မာ့ဘောလုံး လက်ရွေးစင်အသင်း)

ကျနော် ဘောလုံးကစားခဲ့တာ ဟိုးငယ်ငယ်ကလေးကတည်းက လေးတန်း၊ ငါးတန်း အရွယ်လောက်ကတည်းက စ ကစားခဲ့တာပါ။ ပြီးတော့၂၀၀၇၊ ၂၀၀၈ ခုနှစ်လောက်ကနေ အသက် ၁၄ နှစ်အောက်၊ ၁၅နှစ်၊ ၁၆ နှစ် စသဖြင့် ကစားလာခဲ့တာ အခုချိန် အသက် ၂၂ နှစ် အရွယ်ထိပါပဲ။

U-23 မြန်မာ့ဘောလုံး လက်ရွေးစင်အသင်းကို ပါဝင်ဖြစ်ခဲ့တာကတော့ အဲဒီလို ငယ်ငယ်ကတည်းကနေ အဆင့်ဆင့် ကစားရင်းနဲ့ ပါဝင်ခဲ့တာပါ။ အခု စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၈ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ဘောလုံး အားကစားပြိုင်ပွဲရဲ့ဗိုလ်လုပွဲမှာ ရွှေတံဆိပ်ဆုနဲ့ လွဲခဲ့ရတာ ဘယ်လိုခံစားရလဲဆိုတော့ ဝမ်းနည်းတာတော့ ဝမ်းနည်းမိတာပေါ့။ ဒါပေမယ့် ငွေတံဆိပ် ဆုကလည်း မသေးပါဘူး။ ငွေတံဆိပ်ဆု အဆင့်ထိယှဉ်ပြိုင်နိုင်ခဲ့တဲ့အတွက် ကျေနပ်အားရမိပါတယ်။ စင်ကာပူ၊ ဗီယက်နမ်စတဲ့ ပြိုင်ဘက် အသင်းတွေကိုလည်း အနိုင်ရခဲ့တဲ့အတွက် ဘာပဲပြောပြော အခုလို ငွေတံဆိပ်ဆုရခဲ့တာကိုလည်း ကျေနပ်ပါတယ်။

ကျနော်တို့ U-23 အသင်း ပြန်လာတဲ့အခါ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်သူလူထုက တခဲနက်လာကြိုတော့ အမှန်ပြောရမယ်ဆို လာကြိုမယ်ဆိုတာကိုတော့ သိတယ်။ ဒါပေမယ့် ဒီလောက်လူများမယ်လို့လည်း ထင်မထားဘူး၊ ဒီလောက် တခဲနက်လာပြီး ကြိုဆို ဂုဏ်ပြုမယ်လို့ ထင်မထားမိပါဘူး။ အခုလို အားလုံးက တခဲနက်အားပါးတရ လာရောက် ကြိုဆိုပြီး ဂုဏ်ပြုပေးတဲ့အတွက် အရမ်းလည်းဝမ်းသာမိသလို အရမ်းလည်း ပျော်ရွှင်မိပါတယ်။




အခုလို ပြိုင်ပွဲစကတည်းကနေ ပြိုင်ပွဲတလျှောက် တခဲနက်အားပေးကြတဲ့ ပရိသတ်တွေနဲ့ ပြန်လာတဲ့အထိ လာရောက် ကြိုဆိုပေးတဲ့ပရိသတ်အားလုံးကို ပြောချင်တာက ကျနော်တို့ကို အခုလို အားပေးတဲ့အတွက် တကယ်ကို ကျေးဇူး အများကြီးတင်ပါတယ်။ ကျနော်တို့ကလည်း ဆက်ပြီး နောက်နှစ်တွေ၊ နောက်နှစ်တွေမှာ ဒီထက်မကပိုပြီး ကြိုးစား သွားမှာပါလို့ ပြောချင်ပါတယ်။

ကျနော် ဘောလုံးအားကစားအပြင် တခြားဝါသနာပါတာက ဂိမ်းဆော့ရတာ ဝါသနာပါတယ်။ P2, P3 ဂိမ်းတွေ ကစားတယ်။

ဘောလုံးမကစားဖြစ်တဲ့အချိန်ဆို ဘာတွေလုပ်ဖြစ်လဲဆိုတော့ သီချင်းနားထောင်ပါတယ်။ ဘောလုံးသမားတွေထဲမှာ ကြိုက်တာဆိုရင်တော့ ပြည်တွင်းမှာ ရတနာပုံဘောလုံးအသင်းက ဂိုးသမား သီဟစည်သူပါ။ နိုင်ငံတကာအသင်းမှာတော့ အာဆင်နယ် အသင်းကိုကြိုက်တယ်။

ကျနော့် မိသားစုနဲ့ မိတ်ဆက်ပေးရရင်တော့ ကျနော်၊ ကျနော့်အမျိုးသမီးနဲ့ သမီးလေး မိသားစု (၃) ယောက်ရှိပါတယ်။ ကျနော့် အမျိုးသမီးက မစုစုငယ်ပါ။ သမီးလေးက အသက် (၆)လ ရှိပါပြီ။

ကျနော် ငယ်ငယ်လေးကတည်းက ဘောလုံးအားကစားကို ဝါသနာပါခဲ့တာ၊ ငယ်ငယ်ကတည်းက ဘောလုံးသမား ဖြစ်ချင်ခဲ့တာ။ ငယ်ငယ်ကစိတ်ကူးအိပ်မက်နဲ့ အခုလက်ရှိဘဝက တထပ်တည်းကျတယ် ပြောလို့ရပါတယ်။ အခု လက်ရှိဘဝကိုလည်း ကိုယ့်ကိုယ်ကိုယ်ကျေနပ်ပါတယ်။

ရည်မှန်းချက်ကိုပြောပါဆိုရင်တော့ကျနော်က တကယ်တော်တဲ့ လက်ရွေးစင် ဘောလုံးကစားသမားကောင်းတဦး ဖြစ်ချင်ပါတယ်။ဘောလုံးအားကစားကို ဝါသနာပါတဲ့ လူငယ်တွေကို ပြောချင်တာက ကြိုးစားပါ၊ ဇွဲ   မလျှော့ပါနဲ့။ လက်ရွေးစင်အသင်းမှာ ဝင်ပြီး ကစားနိုင်အောင်ထိကြိုးစားပြီး ကန်ကြပါလို့ ပြောချင်ပါတယ်။

မြန်မာနိုင်ငံက ဘောလုံးကွင်းတချို့မှာ ဘောလုံးကန်ခွင့်မပေးတာနဲ့ ပတ်သက်ပြီး ပြောပါဆိုရင်တော့ ဒါက နိုင်ငံတကာနဲ့ ယှဉ်မယ်ဆိုရင် မကောင်းဘူးပေါ့။ ဘောလုံးကွင်းတွေမှာ ဘောလုံးကစားခွင့်မပေးဘူးဆိုတာ မဖြစ်သင့်ဘူး။ ဘောလုံးကွင်းတိုင်းမှာ ဘောလုံးကန်ခွင့် ပေးသင့်တယ်လို့မြင်မိပါတယ်။

ကျနော်တို့  မြန်မာနိုင်ငံရဲ့ ဘောလုံးလောကကို ဒီထက်တိုးတက်အောင်ဆိုရင် ငယ်စဉ်ကတည်းက ဘောလုံးအားကစား ဝါသနာပါတဲ့ ကလေးတွေကို သေချာပြုစု ပျိုးထောင်လေ့ကျင့်ပေးဖို့ လိုအပ်တယ်။ နိုင်ငံတကာနဲ့ ယှဉ်ရင်လည်း လိုအပ်ချက်တွေရှိနေသေးတဲ့အတွက် စနစ်တကျသေချာ ပြုစုပျိုးထောင်ပေးမယ်ဆို ရင် မြန်မာ့ဘောလုံးလောက ဒီထက်မကပိုပြီး တိုးတက်မယ်လို့ ယုံကြည်မိပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved