ပြည်တွင်းမှာ လူစီးအများဆုံး Hatchback အမျိုးအစား Honda Fit

Wednesday, June 24, 2015


www.motortrends.com

အခု တစ်ပတ်မှာတော့ ပြည်တွင်းမှာ လူစီးများတဲ့ မော်ဒယ် တစ်ခုဖြစ်တဲ့ Honda Fit အကြောင်းကို ကြည့်ရအောင်ပါနော်။ အခု မော်ဒယ် အနေနဲ့ ပြည်တွင်း ဈေးကွက်ကို ၀င်ရောက်လာတာကတော့ နှစ်အနည်းငယ်ပဲ ရှိနေသေးတာဖြစ်ပေမယ့် နိုင်ငံတကာ ဈေးကွက်အတွက်ကိုတော့ ထုတ်လုပ်ရောင်းချနေတာ ကြာပြီဖြစ်တဲ့ မော်ဒယ် တစ်ခုပါ။ အထူးသဖြင့်တော့ ဈေးနည်းနည်းနဲ့ ၀ယ်ယူနိုင်အောင် ဖန်တီး ထုတ်လုပ်ထားတာကြောင့် ဈေးကွက်မှာ လူကြိုက်များတာ ဖြစ်နိုင်ပါတယ်။ ကောင်းပါပြီ၊ Fit အကြောင်းကို ဆက်ကြည့်  လိုက်ရအောင်ပါနော်။

သမိုင်းကြောင်း

ဂျပန်အခြေစိုက် မော်တော်ကား ကုမ္ပဏီ Honda ရဲ့ မော်ဒယ်တစ်မျိုး ဖြစ်ပြီးတော့ Fit လို့ အခေါ်များတာ ဖြစ်ပေမယ့် တချို့ဈေးကွက်တွေမှာ Jazz အနေနဲ့လည်း ခေါ်ပါတယ်။ ဒါပေမယ့် အဆိုပါ Jazz ကိုတော့ ဥရောပ ဈေးကွက်လို အပိုင်းတွေမှာ ခေါ်ဝေါ် သုံးစွဲတာ တွေ့နိုင်ပါတယ်။ မော်ဒယ် အနေနဲ့ သက်တမ်းပိုင်း အနေအထားကို ကြည့်မယ်ဆိုရင် ၂၀၀၁ ခုနှစ်ကတည်း ကနေစတင် ထုတ်လုပ်လာတဲ့ မော်ဒယ် ဖြစ်ပြီး သက်တမ်းပိုင်း အနေအထား လက်ရှိ အချိန်ထိအောင် ၂၀၁၅ ခုနှစ် မော်ဒယ် အထိ ထွက်ရှိနေပြီ ဖြစ်ပြီး မျိုးဆက်ပိုင်း ပြောင်းလဲ ထုတ်လုပ်မှု အနေအထားအရ အခုချိန်ထိအောင် မျိုးဆက် သုံးဆက် ပြောင်းလဲ အဆင့်မြှင့်တင် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။ မော်ဒယ်ရဲ့ အမျိုးအစားကို Subcompact တန်းဝင် အနေအထားနဲ့ သတ်မှတ်တာ တွေ့နိုင်ပြီး အဆိုပါ အနေအထားကတော့ ပုံမှန် Compact တန်းဝင် မော်ဒယ်ထက် အရွယ်အနည်းငယ် ပိုသေးတာ တွေ့နိုင်ပြီး ကိုယ်ထည်ပိုင်း အရွယ်အစားနဲ့မဟုတ်ပဲ ကိုယ်ထည် ဒီဇိုင်းနဲ့ အခြေခံပြီး မော်ဒယ်ကို အမျိုးအစားခွဲမယ်ဆိုရင်တော့ Hatchback နဲ့ Wagon တွေ အဖြစ် သတ်မှတ်ရမှာ ဖြစ်ပြီး ကျွန်တော်တို့ ပြည်တွင်း ဈေးကွက် အနေအထားကိုတော့ Hatchback လို မော်ဒယ်တွေပဲ အ၀င်များတာ တွေ့ရပါတယ်။


ကိုယ်ထည်ပိုင်း …

မော်ဒယ် အနေနဲ့ တံခါးငါးပေါက်စနစ် မော်ဒယ်တွေ အနေနဲ့ ဖန်တီးထုတ်လုပ်တာ ဖြစ်ပြီးတော့ အင်ဂျင်ပိုင်း အနေအထားကို ကြည့်မယ်ဆိုရင် အင်ဂျင် အထိုင်ပိုင်းက ရှေ့ဖက် အင်ဂျင် အထိုင်စနစ် နဲ့လာတာ တွေ့ရပြီး ရှေ့ဘီးယက်စနစ်နဲ့လည်း ဈေးကွက်တင်တာ များပေမယ့် ချွင်းချက် အနေအထားနဲ့တော့ ဂျပန်မှာ ဆိုရင် လေးဘီးယက်စနစ်နဲ့ ထုတ်လုပ်ရောင်းချတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဆီစားပိုင်း အနေအထားတွေကြောင့် အဆိုပါ လေးဘီးယက်စနစ်နဲ့ မော်ဒယ်တွေက ဒီလောက် လူကြိုက်များတာ မတွေ့ရပါဘူး။ ကိုယ်ထည် အထိုင်ပိုင်း အနေအထားကို ကြည့်မယ်ဆိုရင်တော့ ထူးခြားတဲ့ အထိုင်မျိုး မတွေ့ရပဲ Honda ရဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာကို ထုတ်လုပ်ရောင်းချနေတဲ့ အောက်ဖက် ကိုယ်ထည် အထိုင်မျိုးနဲ့ပဲ ဖန်တီးနေတာ တွေ့နိုင်ပါတယ်။

သိကောင်းစရာများ …

မော်ဒယ်အနေနဲ့ ၂၀၀၁ ခုနှစ်ကနေ စတင်ပြီး ဈေးကွက်တင်လာတဲ့ အခု မော်ဒယ်ကို တစ်ကမ္ဘာလုံး အတိုင်း အတာထိအောင် ဈေးကွက်တင်ရောင်းချလာခဲ့တာ ဖြစ်ပြီး တစ်နှစ်ထက် တစ်နှစ်ရောင်းအားပိုင်း တက်လာတာ တွေ့နိုင်သလို တစ်ဖက်ကလည်း ကုမ္ပဏီက မော်ဒယ်ကို ရွေးချယ်နိုင်စရာ Grade အများအပြား ဖန်တီး ထုတ်လုပ်လာတာကြောင့် လူကြိုက်နည်းသွားတာမျိုး မတွေ့ရပါဘူး။ နောက်ပိုင်းမှာ EV မော်ဒယ်တွေအနေနဲ့ တွင်ကျယ်လာဖို့ ရှိနေသလို လက်ရှိမှာလည်း ပုံမှန် အင်ဂျင်တပ် မော်ဒယ်တွေအနေနဲ့တင် မဟုတ်ပဲ Hybrid မော်ဒယ်တွေ အနေနဲ့ပါ ရရှိနိုင်အောင် ဖန်တီးရောင်းချနေတာ တွေ့နိုင်ပါတယ်။ ရောင်းချပြီး အနီးစပ်ဆုံး စာရင်းတွေအရဆိုရင် ၂၀၁၃ခုနှစ် နှစ်လယ်ပိုင်းမှာတင် Fit အစီးရေ ၅သန်းပြည့်မြောက်အောင် ရောင်းချ ထားနိုင်တာတွေ့ရပြီး အထူးသဖြင့် ၂၀၁၀ ခုနှစ် အောက်တိုဘာအတွင်းက စတင်ရောင်းချတဲ့ Hybrid တွေကြောင့် လူကြိုက်ပိုမိုများပြားလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် EV မော်ဒယ် အနေနဲ့ ဆိုရင်လည်း အရေအတွက် အကန့်အသတ်နဲ့ပဲ ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းမှာ အမေရိကန် ဈေးကွက်အတွင်း ဖြန့်ချိရောင်းချခဲ့တာ တွေ့နိုင်ပြီး အဲ့ဒီနောက်ပိုင်း တစ်လအကြာမှာ ဂျပန်နိုင်ငံ ဈေးကွက်အတွင်း ရောင်းချခဲ့ပါတယ်။

ပထမ မျိုးဆက် …

မော်ဒယ်ရဲ့ ပထမ မျိုးဆက်အနေနဲ့ ထုတ်လုပ်ရောင်းချခဲ့တာကတော့ စတင် ထုတ်လုပ်တဲ့ ၂၀၀၁ ခုနှစ်ကနေ ဖြစ်ပြီး ၂၀၀၈ ခုနှစ်ထိအောင် ထူးခြားတဲ့ ပြောင်းလဲမှု များများစားစား မတွေ့ရပဲ ရောင်းချခဲ့တာပါ။ အဆိုပါ မော်ဒယ်ကို တပ်ဆင်မှု စက်ရုံတွေအနေနဲ့ ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်နဲ့ ဘရာဇီးမှာ ရှိတဲ့ Honda ရဲ့ စက်ရုံတွေကနေ ထုတ်လုပ်ခဲ့တာတွေ့နိုင်ပြီး အဆိုပါ မော်ဒယ်နဲ့ ဆက်စပ် မော်ဒယ်တွေကတော့ Honda Airwave နဲ့ Honda City တွေဖြစ်ပါတယ်။ အဆိုပါ ပထမ မျိုးဆက်အတွက် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေမှာတော့ တပ်ဆင် အင်ဂျင်စနစ်ကို ၁.၂ လီတာသုံး၊ ၁.၃ လီတာသုံးနဲ့ ၁.၅ လီတာသုံး အင်ဂျင်တွေ အဖြစ် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပြီး ဂီယာချက် ပြောင်းလဲအသုံးပြု မောင်းနှင်နိုင်မှု အပိုင်းမှာ ၅ချက် Manual စနစ် နဲ့ ၅ချက် Auto စနစ်တွေအပြင် ၅ချက် CVT စနစ်တွေနဲ့လည်း ရနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ မျိုးဆက် အနေနဲ့ အောင်မြင်မှု အဓိက ရရှိစေတဲ့ အချက်ကတော့ မော်ဒယ်ရဲ့ လုံခြုံစိတ်ချရမှု အပိုင်းပဲ ဖြစ်ပြီးတော့ ၂၀၀၇ ခုနှစ်ရဲ့ စစ်ဆေးချက်တွေ အရဆိုရင် တစ်စီးလုံး အနေအထားအရ ကြယ်လေးပွင့် အဆင့်ထိအောင် ရခဲ့တာမို့ တန်ကြေးနည်း မော်ဒယ်တွေထဲမှာ အကောင်းဆုံး အနေအထား ဖြစ်ခဲ့တာပါ။

ဒုတိယ မျိုးဆက် …

၂၀၀၇ ခုနှစ်မှာ မော်ဒယ်ရဲ့ ဒုတိယ မျိုးဆက်ကို စတင် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပြီး ပထမ မျိုးဆက်ကလည်း ၂၀၀၈ ခုနှစ်ထိအောင် ဆက်လက်ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒီနှစ်မှာတော့ ထူးခြားတဲ့ မော်ဒယ်ရဲ့ ထုတ်လုပ်မှု နည်းပညာသစ် ပုံစံ ထွက်ရှိလာတာ တွေ့နိုင်သလို မော်ဒယ်ရဲ့ ဈေးကွက် အနေအထားအရ ဂျပန်နိုင်ငံမှာတင် ဆူဇူကာနဲ့ ဆေယာမတွေမှာ စက်ရုံနှစ်ရုံ ထားရှိ ထုတ်လုပ်လာရတာ တွေ့နိုင်သလို ထိုင်း၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ တရုတ်၊ အိန္ဒိယ၊ အင်္ဂလန်နဲ့ ဘရာဇီးတွေမှာပါ မော်ဒယ်တွေကို တိုးချဲ့ ထုတ်လုပ်လာရပါတယ်။ Honda City တွေ Honda Insight တွေ Honda Freed တွေနဲ့ ဒီဇိုင်း အခြေခံချင်း တူညီအောင် ဖန်တီးထားတာတွေ့နိုင်ပါတယ်။ ပြီးတော့ ဒီမော်ဒယ် မျိုးဆက်မှာလည်း ပထမ မျိုးဆက်တုန်းက အတိုင်းပဲ အင်ဂျင် အရွယ်အစားတွေပဲ ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပေမယ့် အင်ဂျင်ရဲ့ လည်ပတ်တဲ့ စနစ်တွေကတော့ အဆင့်မြှင့်လာတာ တွေ့နိုင်ပါတယ်။ ဒီလိုပဲ ဂီယာချက် ပြောင်းလဲ အသုံးပြုနိုင်မှု အပိုင်းမှာလည်း ပြောင်းလဲမှု မရှိပဲ အရင် မော်ဒယ်တွေ အတိုင်းပဲ ထုတ်လုပ်လာခဲ့တာပါ။

တတိယ မျိုးဆက် …

၂၀၁၃ ခုနှစ်ကနေ စတင် ထုတ်လုပ်လာတာ ဖြစ်ပြီးတော့ လက်ရှိ အချိန်ထိအောင် ထုတ်လုပ်ရောင်းချနေဆဲ ဖြစ်သလို ဒီမျိုးဆက်မှာလည်း ရှေ့မျိုးဆက်တွေလိုပဲ မော်ဒယ်မျိုးဆက် နှစ်ခုကို အပြိုင် ထုတ်လုပ် ရောင်းချခဲ့တာပါ။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀၁၄ ခုနှစ် မော်ဒယ် အနေနဲ့ပဲ စတင် ထုတ်လုပ်ရောင်းချခဲ့တာ တွေ့ရပြီး ဒီမော်ဒယ်ကိုတော့ ဂျပန်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ မလေးရှား၊ တရုတ်၊ မက္ကဆီကို နဲ့ အိန္ဒိယနိုင်ငံတွေမှာ တပ်ဆင် ထုတ်လုပ်ရောင်းချခဲ့တာပါ။ Honda City နဲ့ Honda HR-V မော်ဒယ်တွေကို အခြေခံယူ ဖန်တီးထားတာ ဖြစ်ပြီးတော့ အင်ဂျင်အပိုင်းမှာ ၁.၃ လီတာသုံး အင်ဂျင်စနစ်နဲ့ ၁.၅ လီတာသုံး အင်ဂျင်စနစ် နှစ်မျိုးကို ဖန်တီးထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။ ဂီယာချက် အပိုင်းမှာလည်း ၆ချက် Manual နဲ့ ၇ချက် Semi-auto စနစ်တွေနဲ့ ထုတ်လုပ်လာတာကြောင့် ဥရောပ ဈေးကွက်မှာ လူကြိုက်များလာတာပါ။

မှတ်သားစရာ …

မော်ဒယ် အနေနဲ့ ဂျပန်မှာ ရောင်းအား အကောင်းဆုံး မော်ဒယ်အဖြစ်နဲ့ ၂၀၀၂ ခုနှစ်၊ ၂၀၀၈ ခုနှစ်တွေမှာ ရပ်တည်နိုင်ခဲ့တာ တွေ့နိုင်ပြီး ၂၀၀၃ ခုနှစ်၊ ၂၀၀၄ ခုနှစ်၊ ၂၀၀၉ ခုနှစ်တွေမှာ ဒုတိယ ရောင်းအားအကောင်းဆုံး၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ခုနှစ်တွေမှာ တတိယ ရောင်းအားအကောင်းဆုံး မော်ဒယ်အနေနဲ့ ရပ်တည်နိုင်ခဲ့တာပါ။ ၂၀၀၁ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေမှာ Japan Car of the Year ဆုကို ရခဲ့တာတွေ့ရသလို Top Gear ရဲ့ အကောင်ဆုံး ကားသေးဆုကို ၂၀၀၆ ခုနှစ်မော်ဒယ် အနေနဲ့ရခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာလည်း အမေရိကန် တစ်ဝှမ်း ဆီစားအနည်းဆုံး ကားအဖြစ် သတ်မှတ်ခံရသလို လုံခြုံရေးစနစ်ပိုင်းနဲ့ စိတ်ချရမှုဆိုင်ရာ ဆုတွေလည်း အများကြီး ရခဲ့သေးတာပါ။


လင်းထက် (IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved