အနောက်တိုင်းအပြင်အဆင်နဲ့ ဂျပန်စားသောက်ဆိုင် Gekko

Wednesday, June 17, 2015


Gekko ဆိုင်အတွင်းပိုင်းနှင့် ဘားအား တွေ့ရစဉ်

ရန်ကုန်မြို့လယ်လို့ပြောလို့ရတဲ့ ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာရှိတဲ့ နှစ်ပေါင်းတရာကျော် ကိုလိုနီ အဆောက်အအုံထဲမှာ ဖွင့်ထားတဲ့ Gekko Restaurant Yangon ဂျပန် စားသောက်ဆိုင်ရဲ့ အပြင်အဆင်က ဂျပန်ပုံစံနဲ့မတူဘဲနဲ့ ခင်းကျင်းထားတဲ့ အခင်းအကျင်း၊ ဖွင့်ထားတဲ့ မီးရောင်မှိန်မှိန်တို့က အနောက်တိုင်းပိုဆန်ပါတယ်။

စားသောက်ဆိုင်ထဲကို ဝင်လိုက်တာနဲ့ အလယ်ကောင်မှာဆူရှီစတဲ့ ဂျပန်စာတွေကို စမတ်ကျကျ စားသောက်နိုင်တဲ့ ခပ်မြင့်မြင့် စားပွဲခုံတန်းရှည်နဲ့ ဘေးတဖက်တချက်ဆီမှာတော့ ဂျပန် ကော့တေး၊ ဝိုင်၊ ရှန်ပိန်၊ အရက်စတဲ့ သောက်စရာတွေ ဖျော်စပ်ပေးမယ့် ဘားတခုကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

ပုဇွန် တန်ပူရာကြော်နှင့် ဂျပန်ဆူရှီ အမည်စုံ

ဒါ့အပြင် နောက်တခုထူးခြားချက်က ဆိုင်ရဲ့မီးဖိုချောင်ဟာ ဆိုင်အတွင်းစားပွဲတွေနဲ့ မလှမ်းမကမ်းမှာ တည်ရှိတာဖြစ်ပြီး စားပွဲတချို့နဲ့ ဆက်စပ်ထားတဲ့ မီးဖိုချောင်ဟာ ဂျပန်စာတွေပြုလုပ်၊ အစားအစာတွေ လတ်လတ်ဆတ်ဆတ် ကြော်လှော်ချက်ပြုတ် အလှဆင်တာတွေကို အလွယ်တကူ မြင်သာနိုင်စေပါတယ်။ သန့်ရှင်းမှု ရှိမရှိဆိုတာလည်း စားသုံးသူတွေက သိနိုင်တာပေါ့။

အစားအသောက် မှာယူလိုက်တဲ့အခါ ဖော်ရွေပျူငှာ သွက်လက်တဲ့ဆိုင်ရဲ့ စားပွဲထိုးဝန်ထမ်းတွေဟာ မီးဖိုချောင်ရဲ့ ကောင်တာမှာ ဧည့်သည်တွေမှာယူလိုက်တဲ့ အော်ဒါကို မမှားယွင်းအောင် စားပွဲနံပါတ်နဲ့ ဟင်းလျာအမည် သေချာတွဲလို့ မှာယူပေးတာကို သတိထားမိပါတယ်။

ပျားပန်းခပ်အောင် လူကျတဲ့ဆိုင်ထဲမှာ မီးဖိုချောင်က စားဖိုမှူးတွေကလည်း မနားတမ်းကြော်လှော် ချက်ပြုတ် အလုပ်ရှုပ်နေပါတယ်။ မှာယူထားတဲ့ ဂျပန်စာဟင်းလျာတွေဖြစ်တဲ့ ဂျပန် ဆူရှီမျိုးစုံ၊  ဆယ်လ်မွန်ငါးဗိုက်သားကြော်နဲ့  ဝါဆာဘိ ဂျပန်ဆန်  ထမင်းနယ်တို့ကိုတခုချင်းစီ ပြင်ဆင်ချက်ပြုတ် အလှဆင်ပြီးတဲ့အခါမှာတော့ ကျနော်တို့ စားပွဲဝိုင်းကို စားပွဲထိုးလာရောက်ပြီး ဝန်ဆောင်မှု စတင်ပေးပါတယ်။

ဂျပန် ဖက်ထုပ်များ

ပထမဦးဆုံးလာချပေးတဲ့ Grilled လုပ်ထားတဲ့ ပဲသီးစိမ်းဟာ ထူးဆန်းသလို ဖြစ်နေတာကြောင့် အရင်ဦးဆုံး မြည်းစမ်းကြည့်တဲ့အခါမှာတော့ ဘေးကအခွံမှာဆား၊ ငရုတ်ကောင်းစတာတွေနဲ့ အရသာရှိအောင် လိမ်းနယ်ထားပြီး အတွင်းပိုင်းမှာရှိတဲ့ ပဲသီးအစေ့ကို စားရတာပါ။

ပဲသီးအရသာက အပြင်ကနေ Grilled လုပ်ပြီး ကင်ထားတာကြောင့် အထဲအတွင်းပိုင်းမှာ ကျက်နေပြီးစားလို့ အရသာရှိလှပါတယ်။ ဒီပဲသီးတွေက ဂျပန်နိုင်ငံကနေ မှာယူပြီး ပြုလုပ်ရောင်းချတာလို့လည်းသိရပါတယ်။

ထပ်မံပြီး မှာယူထားတဲ့ အရောင်စုံဆူရှီတွေထဲက ဆယ်လ်မွန်ငါးဆူရှီ၊ တူနာငါးဆူရှီနဲ့ ပုစွန်ဆူရှီတွေကို       မြည်းစမ်းကြည့်တဲ့အခါ တခြားသောအပြင်မှာစားဖူးနေကျ ဆူရှီတွေနဲ့ အရသာ မတူညီတာက Gekko ဆူရှီအရသာဟာ အနည်းငယ် ခပ်ပြင်းပြင်းလေးနဲ့ ရှိန်းဖိန်းဖိန်းစပ်စပ်လေးလို့ ကျနော့် ခံတွင်းမှာ ခံစားမိပါတယ်။

Cherry Tomato လို့ခေါ်တဲ့ ချယ်ရီသီးနဲ့တူတဲ့ ခရမ်းချဉ်သီးအသေးလေးတွေနဲ့ အလှဆင်ထားတဲ့ ဆယ်လ်မွန် ငါးဗိုက်သားကြော်ကို စားကြည့်တဲ့အခါ ဆယ်လ်မွန်ငါးဗိုက်အသားက ညှီနံ့ကင်းပြီး ကျက်နေအောင်      ကြော်ထားတဲ့အတွက်ကြောင့်ကော၊ တွဲဖက်ထားတဲ့ ဆော့စ်အရသာက အချိုဖြစ်တာကြောင့်ပါ စားရတာ ခံတွင်းထဲမှာ အတွဲအဖက်ညီပြီး အရသာရှိလှပါတယ်။

ဂျပန်စာများ ချက်ပြုတ်ကြော်လှော်နေသော စားဖိုမှူးတဦး

ဆယ်လ်မွန်ငါး ဗိုက်သားကြော်စားရင်း အအီဖြေဖို့ ဂျပန် ဝါဆာဘိ၊ ဂျပန်ဆန်ထမင်းရောနယ်ထားတဲ့ ဝါဆာဘိ ထမင်းနယ်ကို ထပ်မံမြည်းစမ်းကြည့်တဲ့အခါ အရသာက ဂျပန်ဆန် ဖြစ်တာကြောင့် ဆန်လုံးစေ့ သေးသေးနဲ့ အီမနေဘဲ စားဝင်ပါတယ်။ တဖြည်းဖြည်းစားရင်း ဝါဆာဘိရဲ့ အခိုးက တရှိန်းရှိန်းနဲ့ လည်ချောင်းထဲ၊ ခံတွင်းထဲ တက်လာတယ်လို့ ခံစားမိပါတယ်။

အတွဲအဖက်ညီတဲ့ ဂျပန်အစားအစာတွေကို မြည်းစမ်းကြည့်ရင်းနဲ့ ဂျပန်လက်ဖက်ရည်အေးတခွက်သောက်ပြီး ငြိမ့်မယ်ဆိုရင် ပူအိုက်စပ်ပြီး ရှုပ်ယှက်ခတ်နေတဲ့ ရန်ကုန်မြို့ကြီးကို ခဏမေ့ပြီပေါ့။ သက်တမ်းက နှစ်ပေါင်းတရာ ကျော်ရှိပြီဖြစ်တဲ့ ကိုလိုနီခေတ်အဆောက်အအုံမှာ အတွင်းပိုင်း  ပြင်ဆင်မှုတွေကို မူလလက်ရာမပျက်ဘဲ အနည်းငယ်သာ ပြင်ဆင်ထားတဲ့ Gekko Sushi Bar ဟာ နိုင်ငံခြားသားတွေ အထိုင်များတဲ့ စားသောက်ဆိုင် ဘားတခုလို့ ဆိုနိုင်ပါတယ်။

အဆောက်အအုံရဲ့ မူလပိုင်ရှင် မိသားစုပုံကို ဆိုင်အတွင်းမှာ အမှတ်တရချိတ်ဆွဲထားတာကို တွေ့ရပြီး အဆောက်အအုံရဲ့ နောက်ဆုံးပိုင်ဆိုင်ထားတဲ့ ပိုင်ရှင်တွေကတော့ လက်ရှိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ နေထိုင်လျက်ရှိတယ်လို့ ဆိုင်မန်နေဂျာ ကိုဇေယျာအောင်ရဲ့ ပြောပြချက်အရ သိရပါတယ်။
ဆိုင်ရဲ့ Menu တွေကိုစားသုံးသူတွေ ရိုးအီမသွားအောင် ၃ လ တခါနီးပါး အပြောင်းအလဲလုပ်ပေးဖြစ်သလို Menu မှာ ရရှိနိုင်တဲ့ အစားအစာတွေရဲ့ အရသာတွေကိုလည်း ကိုယ်တိုင်တီထွင် ချက်ပြုတ်အလှဆင် ဆန်းသစ်လေ့ရှိတယ်လို့ ဆိုင်ရဲ့ Sous Chef ကိုအောင်မျိုးဦးက ပြောပါတယ်။

Hotel Life ထဲမှာ အလုပ်လုပ်လာတာ ၁၈ နှစ် ကျော်ပြီဖြစ်တဲ့ စာဖိုမှူး ကိုအောင်မျိုးဦးက ရန်ကုန် J-Day လို့ အမည်ရတဲ့ ဂျပန်ရိုးရာ စားသောက်ဆိုင်တဆိုင်ကနေစလို့ Nikko Royal Lake, Traders ( ယခုSule-ShangriLa) မှာ ၇ နှစ်၊ ဒူဘိုင်းနိုင်ငံ ShngriLa ဟိုတယ်မှာ ၇ နှစ်ကျော် ၈ နှစ်နီးပါး စားဖိုမှူးအဖြစ် အလုပ်လုပ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလအတွင်းမှာ မြန်မာနိုင်ငံကို ပြန်လာပြီး Gekko မှာ ဝင်ရောက် အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဆယ်လ်မွန်ငါး ဗိုက်သားကြော်အား Waitress မှ သယ်ယူလာစဉ်

ဆူရှီ Menu တွေရဲ့ ဈေးနှုန်းက အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ၊ ၅ ဒေါ်လာကနေ ၁၀ ဒေါ်လာ ဝန်းကျင် အစားစားရှိတာ တွေ့ရပြီး ဂျပန်ဆူရှီ၊ ဂျပန် Ramenခေါက်ဆွဲ၊ ဆယ်လ်မွန်၊ ဆာရှိမီ၊ အကင်၊ ဆာတေးစတဲ့ ဂျပန်ဟင်းလျာ စားစရာ အစားအစာတွေနဲ့အတူ သောက်စရာဂျပန် ကော့တေး၊ ဝိုင်၊ ရှမ်ပိန်၊ အရက်နဲ့ လက်ဖက်ရည် စတာတွေကို ဘားမှာ မှာယူသောက်သုံးနိုင်ပါတယ်။

ဆိုင်ဖွင့်ချိန် နေ့လယ် ၁၁ နာရီကနေ ည ၁၁ နာရီထိဖြစ်ပြီး နေ့လယ်ခင်းဘက်တွေနဲ့ ညနေဘက်တွေမှာ နိုင်ငံခြားသား ဧည့်သည်တွေနဲ့ လူကျနေတတ်တဲ့၊ တခါတရံ ညဘက် Classic တေးဂီတဖျော်ဖြေမှုတွေနဲ့       ဖျော်ဖြေတတ်တဲ့ ကိုလိုနီခေတ် အဆောက်အအုံထဲက ဂျပန်ဆိုင် Gekko Restaurant Yangon ကို တခါတခေါက် သွားရောက် မြည်းစမ်းစားသုံးကြည့်ဖို့ လက်တို့ပေးလိုက်ချင်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved