ပါကစ္စတန် ထိပ်တန်း မော်ဒယ်တဦး နှစ်ရှည် အကျဉ်းကျခံရနိုင်တဲ့ အခြေအနေမှ အာမခံဖြင့် လွတ်မြောက်လာ

Monday, July 20, 2015


photo - time.com

အသက် ၂၁ နှစ်အရွယ် ပါကစ္စတန် မော်ဒယ်လ်တဦးဟာ နှစ်ရှည် အကျဉ်းကျခံရမယ့် အခြေအနေကနေ အာမခံနဲ့ လွတ်မြောက်လာခဲ့တာပါ။

သူမကတော့  ပါကစ္စတန်နိုင်ငံက စူပါမော်ဒယ်လ်တဦးဖြစ်တဲ့ အေယန်းအလီ ဆိုသူ အမျိုးသမီးငယ်တဦးပါ။ သူမဟာ တရားမ၀င် ငွေကြေး သယ်ဆောင်မှုနဲ့ ထောင်ဒဏ် ၁၄ နှစ်နဲ့ များပြားတဲ့ ဒဏ်ငွေ ဆောင်ရဖွယ် ရှိနေရာကနေ ပြီးခဲ့တဲ့ အင်္ဂါနေ့က အစောင့်အကြပ်တွေနဲ့ အကျဉ်းထောင်ပြင်ပ ထွက်လာခဲ့တာပါ။

တရားလို အစိုးရ ရှေ့နေများရဲ့ အဆိုအရ ပြီးခဲ့တဲ့ မတ်လအတွင်း အစ္စလာမာဘတ် လေဆိပ်မှာ အလီရဲ့  ခရီးဆောင်အိတ်ထဲက ဒေါ်လာ သန်းတ၀က် ( ၅ သိန်း)ကို တာဝန်ရှိသူတွေက တွေ့ရှိဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ပါကစ္စတန်ကနေ ထွက်ခွာတဲ့အခါ လူတယောက်မှာ ဒေါ်လာ တသောင်းသာ ကိုင်ဆောင် ခွင့်ရှိတယ်လို့    လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဒူဘိုင်းဇာတိသူ အသက် ၂၁ နှစ်အရွယ် အလီဟာ တောင်ပိုင်းအစ္စလာမာဘတ်မြို့ရဲ့ လုံခြုံရေး တင်းကြပ်တဲ့ Rawalpindi အကျဉ်းထောင်မှ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မလွတ်မြောက်ခင် Lahore တရားရုံးကနေ ခံဝန်ဖြင့် အာမခံရရှိခဲ့ကြောင်း BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အလီဟာ သူမအပေါ် စွဲချက်တင်ထားတာတွေ အားလုံးကို ငြင်းဆို ခဲ့တယ်လို့လည်း သူမရဲ့ရှေ့နေဖြစ်သူက AP သတင်းဌာနကို ပြောပါတယ်။

အလီပြောတာကတော့ အဲဒီငွေတွေဟာ မြေနှင့် ပစ္စည်းဥစ္စာရောင်းချရာမှ ရလာတဲ့ငွေ ဖြစ်ပြီး သူမ အနေနဲ့ အကောက်ခွန် ဥပဒေ သတ်မှတ်ချက်များကို သတိမမူမိခဲ့ကြောင်း ပြောပါတယ်။

အဆိုပါ ပါကစ္စတန် စူပါမော်ဒယ်လ်တဦးဖြစ်တဲ့ အေယန်းအလီရဲ့ သတင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ ဘယ်လို ကိုင်တွယ် ဆုံးဖြတ်မယ် ဆိုတာ မေးခွန်းထုတ်စရာတွေ မြင့်တက်လာနေတယ်လို့ သိရပါ တယ်။


ကိုးကားသတင်း။  ။ http://time.com/3962211/pakistan-supermodel-ayyan-ayan-ali-smuggling-released/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved