မအ ဖို့ ကျောင်းသားသမဂ္ဂသမိုင်းကြောင်းတွေကို လက်ဆင့်ကမ်းပြောပြရမယ်

Tuesday, July 7, 2015


ဓာတ်ပုံများ- ကောင်းမြတ်မင်း / The Irrawaddy

ရန်ကုန်တက္ကသိုလ်အတွင်းက ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ၅၃ နှစ်မြောက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို ပြည်နည်းပညာတက္ကသိုလ်၊ ပြည်ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်ကျောင်းသားတွေ စုပေါင်း ဦးဆောင်ပြီး ဂျူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းက ပြည်မြို့ တလမ်းမောင်းကွေ့ ၈၈ ပွင့် လင်းလူ့အဖွဲ့အစည်း ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖျက်ဆီးလိုက်တာ သူပုန်တွေမဟုတ်ပါဘူး၊ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်းစီအစိုးရ ကိုယ်တိုင်ပဲဖြစ်ပြီး ဒီနေ့ခေတ် လူငယ်ကျောင်း၊ သားတွေ ဒီအကြောင်းတွေကို မသိအောင် ခေတ်အဆက်ဆက် အမှောင်ချထားခဲ့ပါတယ်။


ဒီကနေ့ခေတ် ကျောင်းသားထုရဲ့ ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ အရည်အတွက်လောက်သာ  7 July အကြောင်း သိနေသေးတဲ့အတွက် အခုလို ကျောင်းသားတွေအချင်းချင်း အခမ်းအနားပြုလုပ်ပြီး သမိုင်းကို လက်ဆင့်ကမ်း ပြောပြနေရ တာဖြစ်တယ်လို့ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားတဦးဖြစ်တဲ့ ကိုစောသီဟက ဧရာဝတီကိုပြောပါတယ်။

“7 July ဆိုတာ သမဂ္ဂတခုတည်းနဲ့ သက်ဆိုင်တာမဟုတ်ဘူး၊ ကျောင်းသားထု တရပ်လုံးနဲ့ သက်ဆိုင်တယ်။ ဒီအကြောင်းအရာတွေကိုသိတာ ကျောင်းသားထုရဲ့ ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘူးထင်ပါတယ်။ ကျောင်းသားတွေ အနေနဲ့ ဒီသမိုင်းတွေကို သေသေချာချာ သိရှိအောင် လေ့လာဖို့လိုတယ်။ အဲဒါကြောင့် ဒီလိုအခမ်းအနားတွေလုပ်တယ်၊ သမိုင်းကို သင်တယ်ဆိုတာ မ အ အောင်လို့ပါ၊ ကျောင်းသားတွေရဲ့လှုပ်ရှားခဲ့တဲ့ သမိုင်းတွေကို ကျောင်းသားတွေအနေနဲ့ သိသင့်တယ်။ ကျောင်းသားတွေ မ အ အောင်နဲ့ သင်ခန်းစာယူတတ်ဖို့ ကျနော်တို့ ဒီအကြောင်းအရာတွေကို သိထားမှ ဖြစ်မှာပါ။” လို့ သူက ဆက်ပြောပါတယ်။


လက်ရှိ ဒီမိုကရေစီခေတ် ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ကျောင်းသား လူငယ်တွေအနေနဲ့ ဒီလို နေ့မျိုးတွေမှာ ပါဝင်မလာဖို့ နည်းပေါင်းစုံနဲ့ ပိတ်ပင်တားဆီးမှုတွေ ရှိနေသေးတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အမြဲတမ်းစောင့်ကြည့်ခံနေရဆဲ ဖြစ်တယ်လို့ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဒု- ဥက္ကဌ ကိုရန်နိုင်ကျော်က ဧရာဝတီကို ပြောပါတယ်။        

“ဒီလိုပွဲတွေ ကျောင်းတွင်းမှာ လုပ်ခွင့်မပေးဘူး ကျောင်းပြင်မှာပဲ လုပ်ရတယ်၊ အခုပြောနေတဲ့ ဒီမိုကရေစီဆိုတာ အတုအယောင်တွေနဲ့ ဖုံးနေတဲ့ နိုင်ငံဖြစ်တယ်။ စစ်အာဏာရှင် စနစ်ကြောင့်သာ အခုလို လှုပ်ရှားတဲ့အခါ ကျောင်းသားထု အင်အားနည်းနေတာဖြစ်တယ်၊ တချို့ဝန်ထမ်း သားသမီး ကျောင်းသားတွေ ဒီကိုလာချင်တဲ့ ဆန္ဒတွေရှိတယ်၊ သို့သော် မိဘတွေအပေါ် ဖိအားပေးခံရတာတွေ ရှိနေဆဲပဲဖြစ်တယ်။ အခုကျောင်းမှာ ဘာအဖွဲ့ပဲဖွဲ့ဖွဲ့ ပရဟိတ၊ သွေးလှူအဖွဲ့ပဲ ဖွဲ့ဖွဲ့ ကျောင်းအုပ်ချုပ်ရေး ကျောင်းအာဏာပိုင်တွေက လက်ညှိုးထောင် ခေါင်းညိတ် ဆရာတွေ ထည့်ထားတာကို ကျနော်တို့ အပြင်းအထန် ကန့်ကွက်တယ်။” လို့သူက ဆက်ပြောပါတယ်။


ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ မတရားအကြမ်းဖက် အဖမ်းအဆီးခံရတဲ့ ကျောင်းသားတွေ အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ဒီလိုလှုပ်ရှားမှုတွေဖြစ်ပြီးနောက်ပိုင်း ကျောင်းသား ၂ မျိုးကို မြင်တွေ့လာတယ်လို့ သူက ဆက်ပြောပါတယ်။

“ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုတွေ လက်ပံတန်းမှာဖြစ်ပြီးတဲ့နောက်ပိုင်း နိုင်ငံရေးမလုပ်ချင်တော့တဲ့ ကျောင်းသားတွေ ရှိလာသလို၊ မဟုတ်မခံချင်တဲ့စိတ်ဓါတ် ပိုမိုမြင်ထန်ပြီး ထဲထဲဝင်ဝင် နိုင်ငံရေး လုပ်လာတဲ့ ကျောင်းသားတွေ အများကြီး ပေါ်ထွက်လာတာ ကျနော်တို့ အခုလက်ရှိ မြင်တွေ့နေရပါတယ်။” လို့ ကိုရန်နိုင်ကျော်က ဆိုပါတယ်။



မကြာခင်ရက်ပိုင်းအတွင်းမှာလည်း ပြည်ခရိုင်အတွင်းက ကျောင်းသားတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေပြုလုပ်သွားဖို့ အစီအစဉ်တွေရှိနေတယ်လို့လည်း သိရပါတယ်။


ကောင်းမြတ်မင်း

1 comments :

  1. ye win said... :

    I agree that the history of Student Union of Burma must be known by the successive ages of the people. On 07.07.2005, the terror group of a few create the mayhem and human catastrophe in the centre of London. The bomb blasts had killed more than 50 innocent people of multi-nationalities. Today is the 10 year anniversary to commemorate the historic sad day in London. I asked the young girl of 20 something age whether she had a memory about the day. I asked her where has she been. To my complete astonishment, she said she was only in early teenage years at school and got no idea about it. This anniversary was convened by the UK her majesty government and civic societies and religious leaders in The Saint Paul Cathedral and beamed the live show for global audiences. Such a magnanimous occurrence could not be remembered by the younger generation was something I would like to say here. The Student union of Burma was bomb-blasted by the terrorist called General Ne Win. If the terrorist become the government, is is hell for the whole population under the system. Please pass the history to the further generations is the most desirable option for union of Burma.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved