လိင်တူချင်းလက်ထပ်ဖို့ မြန်မာနိုင်ငံမှာ မဖြစ်နိုင်သေးပါဘူး

Wednesday, July 8, 2015


မျိးကိုကိုစန်း(ခေါ်) ချစ်လမင်းငယ်(ဓာတ်ပုံ -ဧရာဝတီ)

ကိုယ့်သားတယောက် လမ်းမှားရောက်ပြီး ပျက်ဆီးသွားတာထက်စာရင် နေရာတခုမှာ လက်မထောင်နိုင် အောင်ပဲ ဖြစ်အောင်လုပ်ပေးသင့်ပါတယ်လို့ ကျမရဲ့ အမေက အမြဲပြောလေ့ရှိတယ်ဆိုတဲ့အကြောင်းကို ဧရာဝတီကို ပြောပြလာသူက “နိုင်ငံတကာ လိင်တူချစ်သူများ အလှမယ်ပြိုင်ပွဲ” မှာ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ ထိုင်းနိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ Miss International Queen Myanmar 2014 မျိုးကိုကိုစန်း(ခေါ်) ချစ်လမင်းငယ်” ဆိုသူပါ။

သူ့ အသက် ၁၉ နှစ်လောက်မှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ဖြစ်လာတဲ့အချိန်က စလို့ ယောကျာ်း တယောက်ဘ၀အဖြစ်ကနေ မိန်းကလေးတယောက်ဘ၀အဖြစ်ကို ပြောင်းလဲခံယူခဲ့သူလည်းဖြစ်ပါတယ်။

မိန်းကလေးဘ၀ကိုခံယူလိုက်ပြီးတဲ့နောက် မိသားစုအနေနဲ့ အပြင်းအထန်ကန့်ကွက်မှုမရှိခဲ့ဘူးဆိုပေမယ့် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်တော့ အနည်းငယ်ရှိခဲ့ပါတယ်လို့ သူကပြောပါတယ်။

“ကျမတို့ အဓိက ကြုံရတဲ့ ပြဿနာကတော့ လူတွေရဲ့ အကြည့်ပါ။ ကျမ ထိုင်းမှာ မယ်ပြိုင်ပွဲ သွားပြိုင်တဲ့ အချိန်မှာ လေဆိပ်နှစ်ခုလုံးကို ၀င်ရတာချင်းက လုံးဝမတူဘူး။ သူတို့ဆီမှာ မျက်လုံးအကြည့်တွေက သာမာန်ပေါ့နော်။ ကျမတို့ဆီမှာ ကြည့်တဲ့အကြည့်တွေက တချို့ဆို ပြုံးမိသွားတာမျိုးတွေ ပါတယ်။ အဲ့လိုမျိုး တွေဆို ကျမတို့ကိုအရမ်း စိတ်ဒုက္ခရောက်ရစေတယ်။ တချို့တွေဆို လှောင်တာမျိုးပေါ့။ အဓိကတော့ လှောင်တာပြုတာမျိုးပေါ့။ ဟိုလိုမျိုးကြီးကြီးမားမား ပြဿနာရယ်လို့ ကြုံဖူးတာမျိုးတော့ မရှိပါဘူး။ တချို့တွေဆို ရင်တော့ ငယ်ကတည်းက အစခံရတာမျိုး အနိုင်ကျင့်ခံရတာမျိုးတွေရှိတယ်။ အဲ့လိုမျိုးတွေ ကျမ မရှိခဲ့ပါဘူး။ ကျမတို့နိုင်ငံမှာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကတော့ ဒီလိုမျိုးဆို အထင်အမြင်သေးကြတာများတယ်လေ။ ကိုယ့်ဘက်က ဘယ်လောက်အနေအထိုင် တည်ကြည်ပါစေ မိန်းကလေးလို ဘယ်လောက်ပဲလှနေပါစေ သူတို့ မိန်းကလေးတယောက်ကို မစရဲဘူး။ ဒါပေမယ့် ကျမတို့ကိုကျတော့ သူတို့ သရမ်းရဲတယ်။ စရဲ နောက်ရဲကြ တယ်။ ဒါမျိုးကျတော့ ကျမတို့ အပိုင်းနဲ့ မဆိုင်တော့ဘူး။ သူတို့အပိုင်းနဲ့ ဆိုင်သွားပြီ။ ပတ်ဝန်းကျင်ကတော့ ပြောမှာပဲ။  ကိုယ့်ဘက်က အနေအထိုင်မှန်ဖို့ပဲ အရေးကြီးပါတယ်။ ကိုယ့်ဘက်က အနေအထိုင်မမှန်ရင်တော့ အပြောခံ အဆိုခံရမှာပဲ။” လို့ မျိုးကိုကိုစန်းကပြောပါတယ်။

မျိုးကိုကိုစန်း(ခေါ်) ချစ်လမင်းငယ်ဟာ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss International Queen 2014 ရဲ့ ပင်ကိုယ်စွမ်းရည်ပြိုင်ပွဲ(Talent Competition)မှာ တပင်တိုင်အကနဲ့ 1st runner up ရရှိခဲ့သူလည်းဖြစ်ပါတယ်။

ဒါ့ထက် သိပ်မကြာသေးခင်ကလည်း မျိုးကိုကိုစန်းဟာ တရားအားထုတ်ဖို့အတွက် တရားရိပ်သာဝင်တဲ့အခါမှာ ကျောင်းထိုင်ဘုန်းကြီးရဲ့ ခွင့်ပြုချက်မရရှိခဲ့တာနဲ့ပတ်သက်လို့ သူ့ကိုယ်ပိုင်ဖေ့ဘုတ်အကောင့် ပေါ်မှာ သူ့ခံစားချက်ကို ရေးသားခဲ့ဖူးပါသေးတယ်။ အဲ့ဒီကိစ္စကို မေးမြန်းကြည့်တော့…

“ဒါက ကျမတို့ အမှားလည်းပါပါတယ်။ အမေက တရားစခန်း စာရင်းသွင်းတဲ့အချိန်မှာ ဒီအတိုင်းပဲ မိန်းကလေး အနေနဲ့ သွင်းလိုက်တယ်။ ဒါပေမယ့် တချို့ တရားစခန်းလာတဲ့ ယောကီတွေထဲမှာ ကျမကို သိတဲ့သူတွေ ပါနေတယ်လေ။ အဲ့လိုမျိုးသိတဲ့အချိန်မှာ ကျောင်းထိုင်ဘုန်းကြီးဆီ တိုက်ရိုက်သွားတွေ့တော့ ဒါမျိုးဆို လက်မခံဘူးတဲ့။ ကျမလည်း အစတုန်းကတော့ ပြေပြေလည်လည်လျှောက်ပါသေးတယ်။ နောက်တော့ နည်းနည်းစကားနဲ့ ပဋိပက္ခလေးဖြစ်သွားတာပေါ့။ ဒါပေမယ့် တခြားပြသနာ ထွေထွထူးထူးတော့မရှိပါဘူး။ ကျမလည်း အဲ့ဒီနေ့ညကတည်းက ပြန်ထွက်လာခဲ့တယ်။ တရက်ပဲ ၀င်လိုက်ရပါတယ်။”

“တချို့ကျောင်းတွေမှာ ကျမတို့လိုမျိုးကို လက်ခံပြီး တရားစခန်းသွင်းတာမျိုးတော့ရှိတာပေါ့။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ စည်းမျဉ်းဥပဒေချင်းမတူသလိုမျိုးပေါ့။ ကျောင်း တကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးဆိုတာ အဲ့ဒီကျောင်းရဲ့အရှင်သခင်ပဲလေ။ သူအမိန့်ထုတ်ထားတဲ့ စည်းကမ်းတွေကို ကျမတို့ မလိုက်နာလို့မရဘူးလေ။ သူ့ပိုင်နက်ဖြစ်တဲ့အတွက် ကျမတို့အနေနဲ့ လိုက်နာဖို့ရှိတယ်။ ကျမအနေနဲ့လည်း ကျမဘက်က ပြောပိုင်ခွင့်ရှိတဲ့အတွက် အဲ့လိုမျိုးလျှောက်တယ်။ သူတို့ဘက်က လက်မခံတဲ့အတွက် ကျမပြန်လာတယ်။ ကျမတို့အနေနဲ့ ဘာသာတရား အားထုတ်ခွင့်မရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။ ကိုယ့်ကို လက်ခံတဲ့ကျောင်းမှာပဲ သွားအားထုတ်တာ ပိုအဆင်ပြေမယ်ထင်တယ်။ ကျမကလည်း အဲ့လို လက်မခံတဲ့ ကျောင်းမှန်းမသိလို့ သွားလိုက်မိတာ။ အိမ်ကလည်း အဆင်ပြေတယ်။ အမေကလည်း သူတို့နဲ့ အတူတူသွားမယ်ဆိုတာနဲ့ အမေ့စကားနားထောင်ပြီး လိုက်ခဲ့လိုက်တာပေါ့။ ဒါပေမယ့် ဒီလိုမျိုးဖြစ်လာတဲ့အချိန် မှာလည်း အဲ့ဒီတုန်းကတော့ တော်တော်လေး စိတ်ကသိကအောက်ဖြစ်မိတယ်။ ဒါပေမယ့်  ပြန်စဉ်းစား ကြည့်မိတော့လည်း သူတို့ဘက်က ကြည့်တော့လည်း မမှားပြန်ဘူး။ အဲ့လိုမျိုးဆိုတော့ ကိုယ့်ကို လက်ခံတဲ့ ကျောင်းမျိုးမှာ ပိုအဆင်ပြေမှာပါ။ တချို့ရိပ်သာတွေမှာဆို ကျမတို့လိုမျိုးကို သက်သက် အဆောင်ပေးပါတယ်။ တခြား မိန်းကလေးတွေနဲ့ရော ကျန်တဲ့သူတွေနဲ့ရော ရောရောနောနောမရှိတော့ဘူး။” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်ပြည်ထောင်စုမှာ လိင်တူအချင်းချင်း ထိမ်းမြားလက်ထပ်ခွင့်ရရှိခဲ့တာနဲ့ ပတ်သက်လို့ မျိုးကိုကိုစန်းက မြန်မာနိုင်ငံအနေနဲ့ကတော့ မဖြစ်နိုင်သေးတဲ့အခြေအနေဖြစ်ကြောင်း အခုမှ စလို့ သူတို့လို လူမျိုးတွေပေါ် အနည်းပြောင်းလဲလာတဲ့ အမြင်တွေရှိလာခဲ့တယ်ဆိုပေမယ့် လက်ထပ်ဖို့အခြေအနေထိ ရလာဖို့ဆိုတာ သူတို့တွေဘက်က အများကြီးပေးဆပ်မှုတွေ လုပ်ဆောင်ချက်တွေ ကြိုးစားဖို့တွေ အများ  ကြီး လိုသေးကြောင်း သူ့အမြင်ကို ပြောပါတယ်။

လွတ်လပ်ပွင့်လင်းလာတဲ့ အခုလိုခေတ်ကြီးမှာ ယောက်ျားဘ၀ကနေ မိန်းကလေးဘ၀ကို ပြောင်းလဲတာ၊   မိန်းမဘ၀ကနေ ယောကျာ်းလေးဖြစ်လာတာ စတဲ့ အဖြစ်အပျက်အနေအထားတွေကို အတိုင်းသားတွေ့မြင် လာကြရပေမယ့် သူတို့တွေအနေနဲ့ ရင်ဆိုင်လာရတဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အထင်အမြင်သေးမှု၊ မလိုမုန်းထားမှု မိသားစုတွေရဲ့ ပြစ်တင်မှု စတဲ့ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်နေရဆဲပါပဲ။

အဲ့လိုအခြေအနေမျိုးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာ သူတို့လို ဘ၀တူ ဂေးလ်တွေအနေနဲ့  ဘယ်လိုမျိုး နေထိုင်သင့်သလဲဆိုတဲ့အပေါ် မျိုးကိုကိုစန်းက .

.“ကျမပြောချင်တာကတော့ အိမ်နဲ့ မဆန့်ကျင်ဖို့ပဲ။ ဘာကြောင့်လည်းဆိုတော့ ဒီလိုဘ၀မျိုးဆိုတာ ပိုပြီးတော့ မိဘရဲ့ထိန်းသိမ်းမှုကို ပိုပြီး လိုအပ်တယ်လေ။ ကိုယ့်ဘက်က ကောင်းအောင်နေဖို့လေ။ ကျမတို့လည်း ကောင်းအောင်နေနေရင်းနဲ့ကို တခါတလေကျရင် အိမ်နဲ့ အဆင်မပြေတာမျိုးတွေရှိတယ်။ သူများတွေဆိုရင် ကျမကို အားကျကြတယ်။ ဒီလိုမျိုး နိုင်ငံတကာနဲ့လည်း သွားပြိုင်ပြီးပြီ။ ဒီလိုမျိုးလည်း နေလို့ရနေပြီ။ ဒါပေမယ့် ကျမမှာလည်း ကျမ ပြသနာနဲ့ကျမ ရှိနေတုန်းပဲ။ စင်းလုံးချောကြီး အဆင်ပြေတယ်လို့လည်း မဟုတ်ဘူး။ ကျမလည်း အခုချိန်မှာ ကြိုးစားနေရတုန်းပဲ။ အိမ်နဲ့ အတိုက်အခံပေါ့။ အရာအားလုံးအဆင်ပြေတယ်လို့လည်း ဒီအချိန်မှာ မဟုတ်သေးဘူး။ နောက်လူတွေကို ပြောချင်တာက အိမ်နဲ့တော့ အတိုက်အခံမလုပ်ပါနဲ့။ နောက်   ပြီး မိဘတွေကိုလည်းပြောချင်တာက ဒီ ဟာမျိုးကတော့ အကုန်လုံးလည်း လက်ခံလာကြပါပြီ။ ကိုယ့်သားသမီးကို ဒီ့ထက်ပိုပြီး ဖိအားတွေတအားပေးလာရင် စပရိန်လိုပဲ ကလေးက ပြန်ကန်မှာပဲလေ။ အဲ့ဒီအချိန်မှာ အရမ်း ဆိုးဆိုးဝါးဝါး လွတ်ထွက်မသွားဖို့အရေးကြီးတယ်။ ကလေးတယောက်ရဲ့ အနာဂတ်က ကိုယ်သေချာ အချောကိုင် ပေးရင် ကိုင်ပေးသလို တောက်ပလာမှာပဲလေ။ ဒီလိုမျိုးတွေက သူများတွေထက်လည်း ပို ပြီး ဥာဏ်ရည်ဥာဏ်သွေးကောင်းကြတာမျိုးလေ။ ကျမ အမေဆိုရင်လည်း ကျမကို လမ်းမှားရောက် ပျက်ဆီးသွား မှာထက်စာရင် ဒီလိုမျိုးဘ၀မျိုးနဲ့ အောင်မြင်နေတာကိုပဲ အမြဲတမ်း ကူညီပံ့ပိုးပေးခဲ့တာပေါ့။ ဒါဟာ ကလေးတယောက်ရဲ့ မွေးရာပါ ဗီဇပဲလေ။ သေမှပဲ ပျောက်မှာပဲ။ ဒီလိုဘ၀မျိုးရောက်ပြီး ယောကျာ်းစစ်စစ်    ပြန်ဖြစ်သွားတယ်ဆိုတဲ့ ဘ၀မျိုးက ရှိတယ်ဆိုပေမယ့် တကယ်တမ်းတော့ မဖြစ်နိုင်ဘူး။ ကလေးတွေအနေနဲ့ ကလည်း အရမ်းကြီး မိုက်ရူးရဲမဆန်ကြပါနဲ့။ အိမ်နဲ့ လုံးဝမကင်းကွာပါနဲ့။ အိမ်နဲ့ ကင်းကွာလိုက်တဲ့အခါ ကျရင် ကိုယ်က အသက်မွေးဝမ်းကျောင်းပညာတခုခု ရှိနေရင်ထားလေ။ ကိုယ့်ခြေထောက်ပေါ် ရပ်တည် နေနိုင်ရင် လည်း ထား။ ကိုယ့်ခြေထောက်ပေါ်လည်း မရပ်တည်နိုင်တဲ့အချိန် ဥပမာ - ၁၅၊ ၁၆  လောက်ဆိုရင် ဒီလိုဘ၀မျိုးတွေ အရမ်းပြောင်းလဲချင်ကြတာလေ။ သူများ လှချင်သလို လှချင်ကြတာ။ အဲ့လိုအချိန်မျိုးမှာပဲ အိမ်နဲ့ ပြဿနာ အများစုဖြစ်ကြတာပဲ။ ဒီအချိန်မှာ ကိုယ့်လက်ထဲမှာလည်း မယ်မယ်ရရ အလုပ်အကိုင်ကလည်း မရှိသေးဘူး။ ကိုယ်ခြေထောက်ပေါ်လည်း မရပ်တည်နိုင်သေးဘူး။ ကိုယ်အိမ်ပေါ်က ဆင်းမယ်ဆိုရင် ဒုက္ခ ရောက်မှာ အရင်ဆုံးက ကိုယ်ပဲ။ အလိမ္မာလေး သုံးပြီးတော့ အိမ်နဲ့ အဆင်ပြေအောင် နေကြပါလို့ ပြောချင်ပါတယ်။”

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved