မစ္စတာတော့ပ်ရဲ့ နယ်လှည့်မျက်လှည့်သင်တန်း စပြီ

Thursday, July 9, 2015


မျက်လှည့်ပြကွက်တခုကို ပြသနေသူ မစ္စတာတော့ပ်(ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy)

မြန်မာပြည်အနှံ့အပြားက မျက်လှည့်ပညာကို စိတ်ဝင်စားကြတဲ့ လူကြီးလူငယ်တွေအတွက် ဟာသမျက်   လှည့်ပညာရှင် မစ္စတာတော့(ပ်) က မျက်လှည့်ပညာကို နယ်လှည့်ပြီး လိုက်လံသင်ကြားပေးတဲ့ အစီအစဉ်ကို  ပြုလုပ်နေပါပြီ။

ဒီအစီအစဉ်ကို Mobile Magic School လို့ အမည်ပေးထားပြီး မျက်လှည့်ပညာရှင် မစ္စတာတော့(ပ်) ကိုယ်တိုင် လိုက်လံသင်ကြားပေးမှာပါ။ ဒီိအစီိအစဉ်ကို လွန်ခဲ့တဲ့ တလကတည်းက စတင်ခဲ့တာဖြစ်ပြီး နယ်ဘက်က သင်ကြားလိုတဲ့ မျက်လှည့်ပညာကို စိတ်ဝင်စားသူများ အဆင်ပြေချောမွေ့စေရန် နယ်ဘက်အထိ မျက်လှည့်ပစ္စည်း အပြည့်အစုံနဲ့ လိုက်လံသင်ကြားပေးနေတာ ဖြစ်ပါတယ်။

ဒီလိုလိုက်လံသင်ကြားပေးရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့  “မျက်လှည့်ပညာရပ်ကို ကိုယ့်နိုင်ငံမှာက မျက်လှည့်ပညာရှင်က နည်းတယ်လေ။ မျက်လှည့်ပညာနဲ့ပတ်သက်ပြီး တိမ်မြှုပ်ပျောက်ကွယ်သွားမှာစိုးတာရယ်၊ မျက်လှည့်ပညာရှင်တွေ မွေးထုတ်ဖို့ ရည်ရွယ်ချက်ရယ်ကြောင့် သင်ကြားဖြစ်တာပါ။  သင်တန်းကျောင်းဖွင့်ဖို့ စီစဉ်တဲ့အခါ သင်တန်းကျောင်းဆိုရင် အဆောက်အအုံတွေပါ လိုလာတယ်လေ။ အဲဒီအခါ နှစ်နှစ်၊သုံးနှစ်လောက် ဆောက်နေရဦးမယ်၊ အဲလိုလည်း အချိန်တွေ မစောင့်ချင်တော့တာနဲ့ ဒီ Mobile Magic School အစီအစဉ်လေးကို လုပ်ဖြစ်သွားတာပါ” လို့ မစ္စတာတော့(ပ်)က ဧရာဝတီကို ပြောပြပါတယ်။

မစ္စတာတော့(ပ်)ဟာ အရင်ကလည်း Mobile Magic Show ဆိုပြီး မျက်လှည့်ပညာကို နယ်လှည့်ပြီး ဆယ်ဘီးကားကြီးနဲ့ လိုက်လံပြသနေသူတဦးလည်း ဖြစ်ပါတယ်။

သင်ကြားလိုတဲ့ သူတွေအနေနဲ့ မစ္စတာတော့(ပ်)ထံ ဖုန်းဆက် စာရင်းပေးသွင်းနိုင်ပြီး ရန်ကုန်တွင်းမှာဆိုရင် ချက်ချင်းလာရောက်သင်ပေးမှာဖြစ်ကာ နယ်ဘက်များမှ သင်ကြားလိုသူတွေအနေနဲ့ဆိုရင်တော့ အနည်းဆုံး လူငါးယောက်စုပြီးစာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

လက်ရှိ သင်ကြားနေတဲ့အချိန်မှာ များသောအားဖြင့် ကျောင်းသားအရွယ်ကလေးငယ်များကို အများဆုံးသွားရောက် သင်ကြာပေးနေရပြီး မျက်လှည့်ပညာအပေါ် စိတ်ဝင်စားမှုအနေနဲ့ ကျောင်းသားအရွယ် ကလေးငယ်များ အများဆုံးဖြစ်ကြောင်း သိရှိရပါတယ်။ မျက်လှည့်ပညာရပ်ကို Professional အဖြစ်ပြသနိုင်အောင် သင်ကြားပေးမှာ ဖြစ်ပြီး ပညာရပ် ၁၀ မျိုးကို သင်ကြားပေးမှာဖြစ်ကာ သင်တန်းကြေးကိုတော့ တသိန်းနှစ်သောင်း သတ်မှတ် ထားကြောင်း သိရပါတယ်။



သင်ကြားမှုပိုင်းနဲ့ပတ်သက်ပြီး  “သင်တဲ့အချိန်ကလည်း အများကြီးမလိုပါဘူး။ အချိန်နှစ်နာရီပဲကြာမှာပါ။ ဒီ နှစ်နာရီအတွင်းမှာ သူ့ရဲ့လျှိုဝှက်ချက်တွေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ သင်ကြားပေးမှာလေ။ အဲဒီအချိန်အတွင်းမှာ အကုန်သိသွားပြီလေ။ ကျန်တဲ့ Performance ပိုင်းကတော့ ကိုယ့်ဘာသာလေ့ကျင့်မှုတွေ ဆက်လုပ်ရမှာပါ။ သင်တန်းကြေးကလည်း ကျနော်က လိုအပ်တဲ့ Accessories တွေပေးရတဲ့အတွက် တသိန်းနှစ်သောင်းယူတာပါ ၊ နောက်ပြီး ဒီပညာရပ်က စဉ်းစားရတာလေ၊ စဉ်းစားဥာဏ်ကို ရင့်သန်စေတဲ့ ပညာရပ်တခုပါ” လို့ ဆက်ပြီးပြောပြပါတယ်။

မစ္စတာတော့(ပ်)အနေနဲ့မျက်လှည့်ပညာကို ပြသခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော်နီးပါးရှိပြီ ဖြစ်ပြီး မျက်လှည့် ပညာရပ်များကို အနယ်နယ်အရပ်ရပ်သို့ လှည့်ပြီးပြသခဲ့သူတဦးဖြစ်သလို ရန်ကုန်မှာလည်း ဆူးလေဘုရားနားမှာ ခန္တာကိုယ်ကို လေထဲပျံဝဲတဲ့ မျက်လှည့်ပညာရပ်အား ပြသခဲ့စဉ်က လူအများ နှစ်ခြိုက်ကာ အားပေးမှု အများအပြား ရရှိထားသူတယောက်ဖြစ်ပါတယ်။ နောက်ထပ် ရေထဲ လမ်းလျှောက်ပြသမယ့် အစီအစဉ်ကို စီစဉ်နေပြီး ပြသဖြစ်ပါက ပရိသတ်များကို ကြိုတင်အသိပေးအကြောင်းကြားသွားမယ်လို့လည်းပြောပြခဲ့ပါတယ်။

မျက်လှည့်ပညာရပ်ကို သင်ကြားလိုတဲ့သူများအနေနဲ့ ဖုန်း ၀၉၄၂၀၀၈၉၂၉၄ ကို ဆက်သွယ်နိုင်ပါတယ်။



ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved