Traverse နဲ့ XC 90 ဘယ်သူက ပိုပြီးဆရာကျသလဲ

Thursday, July 9, 2015


XC 90 (photo - www.edmunds.com

အခုတစ်ပတ်မှာတော့ ကျွန်တော်တို့ အမေရိကန် အခြေစိုက် နာမည်ကျော် အမေရိကန် ကားကုမ္ပဏီတစ်ခု  ဖြစ်တဲ့ Chevrolet က ထုတ်လုပ်တဲ့ Traverse မော်ဒယ်နဲ့ ဆွီဒင် အခြေစိုက် Volvo ရဲ့ အခုနှစ်အတွင်းမှာ အကောင်းဆုံး SUV အဖြစ်နဲ့ သတ်မှတ်ခြင်းခံထားရတဲ့ XC90 မော်ဒယ်တွေ နှစ်ခုကို နှိုင်းစာပြချင်ပါတယ်နော်။ မော်ဒယ်တွေကတော့ သိကြတဲ့အတိုင်းဈေးကွက်မှာလည်း မျက်နှာပန်းလှနေတာ တွေ့ရပေမယ့် သူတို့  ကြားမှာ အောင်မြင်တဲ့ ဈေးကွက်ချင်း မတူညီတာလည်း တွေ့နိုင်ပါတယ်။ ဘယ်လိုမတူတာလဲဆိုရင်တော့ Traverse က တောင်နဲ့ မြောက် အမေရိကဈေးကွက်တွေမှာ နေရာရနေပြီးတော့ XC90 ကလည်း ဥရောပတ၀ှမ်းနဲ့ အရှေ့ အလယ်ပိုင်းဒေသတွေမှာ ဈေးကွက်လှနေတာပါ။ ဒီတော့ ကျွန်တော်တို့က ဒီမော်ဒယ် နှစ်ခုလုံးကို တစ်နေရာတည်းခေါ်ပြီး ကြည့်လိုက်မယ်ဆိုရင် ဘယ်မော်ဒယ်က ဆရာပိုကျတယ်ဆိုတာ သိနိုင်မှာဖြစ်လို့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ ကောင်းပါပြီ၊ ဒါဆို ကျွန်တော်တို့ အခုမော်ဒယ် နှစ်ခုအကြောင်းကို ဆက်ကြည့်လိုက်ရအောင်ပါနော်။

အားသာချက် …

Traverse မော်ဒယ်အနေနဲ့ သိသာတာ တချက်ကတော့ ကိုယ်ထည်ပိုင်း တည်ဆောက်မှုပုံစံတွေက အခု ကျွန်တော် မိတ်ဆက်ပေးနေရင်းပုံကို မြင်လိုက်တာနဲ့တင် မှတ်မိလွယ်စေနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ပြီးတော့ Chevy က အခု မော်ဒယ်ကို လုံခြုံစိတ်ချရမှုအပိုင်းမှာပိုပြီး ကောင်းမွန်အောင် ဦးစားပေး ထုတ်လုပ်ထားတာကြောင့် စီးနင်းရမှုလည်း သက်သာကောင်းမွန်သလို တဖက်ကလည်းအကြမ်းခံနိုင်မှု အပိုင်းတွေ အပါအ၀င် အဖက်ဖက်က စိတ်ချယုံကြည်ရတဲ့ အနေအထားတွေ ဖြစ်ပါတယ်။ အကြီးစား တန်းဝင် မော်ဒယ် ဖြစ်တာကြောင့် အတွင်းခန်းလည်း ကျယ်ဝန်းပြီး အထူးသဖြင့် နောက်ဖက်ဝန်တင်ခန်း နေရာ အထူး ကျယ်ဝန်းလှပါတယ်။ နောက်ပြီးTraverse ကို ခရီးသည် ၈ ယောက်စီး မော်ဒယ်အနေနဲ့လည်း ပြောင်းလဲ စီးနင်းနိုင်တာက မိသားစုလိုက် သွားလာချင်သူတွေအတွက် အဆင်ပြေစေမယ့် အချက်တချက် ဖြစ်နေတာပါပဲ။

XC90 ရဲ့ ပထမဆုံးပြောရမယ့် အားသာချက်ကတော့ အကြီးစားအရွယ်ရှိတဲ့ မော်ဒယ်တစ်ခု ဖြစ်နေပေမယ့် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု ဆိုတဲ့ သွက်လက်မှု ကောင်းမွန်တာပဲ ဖြစ်ပါတယ်။ ကားတော်တော်များများမှာကအလေးချိန် များသွားပြီဆိုတာနဲ့ အမြန်နှုန်း မြှင့်တင်နိုင်မှု အားနည်းသွားပေမယ့် အခု XC90 ကတော့ လျင်မြန်တဲ့ ရွေ့နှုန်းကို ပြသနိုင်တဲ့ မော်ဒယ်တစ်ခုပါ။ နောက်ထပ် အားသာချက်ကလည်း အခုလို မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ပဲ တစ်ဆက်တည်းဖြစ်တဲ့ ဆီစားနှုန်းအပိုင်း ဖြစ်ပြီးတော့ ပြိုင်ဖက် Q7 တို့လို မော်ဒယ်တွေထက် ဆီစားနှုန်း သိသိသာသာကိုပဲ လျော့နည်းတာပါ။ နောက်ဆုံးပြောချင်တဲ့ အားသာချက်ကတော့ မော်ဒယ်ရဲ့ အကြမ်းခံနိုင်မှုအပိုင်းပဲ ဖြစ်ပြီးတော့ ဥရောပအခြေစိုက် ကားအကြမ်းခံနိုင်မှုနဲ့ လုံခြုံစိတ်ချရမှုဆိုင်ရာအဖွဲ့ရဲ့ စစ်ဆေးချက်အရတော့ XC90 က ကြယ်လေးပွင့်ခွဲထိအောင် ရရှိထားတာပဲ ဖြစ်ပါ တယ်။

Traverse

ကိုယ်ထည်ပိုင်း … 

Traverse မော်ဒယ်က အကြီးစားတန်းဝင် SUV တစီး ဖြစ်ပြီးတော့ ကိုယ်ထည်က အလျား ၁၆ပေ နဲ့ ၁၁.၇ လက်မရှိမှာဖြစ်တာကြောင့် Parking နေရာအတွက်တော့ တော်တော်လေး အလေးပေး စဉ်းစားရွေးချယ်ရမယ့် အနေအထားပါ။ မျက်နှာစာအကျယ်က ၆ ပေ နဲ့ ၆ လက်မခွဲ ရှိမှာဖြစ်သလို အမြင့်ကတော့ ၆ ပေကို လက်မစိတ်တစ်စိတ်ပဲ လျော့ပါတယ်။ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက ၂၂ ဂါလံ ထိအောင်ဖြစ်ပြီး သူ့ရဲ့ဆီစားနှုန်းနဲ့ ကိုယ်ထည်တွေနဲ့ စာရင်နည်းနည်းသေးနေသလိုပါ။ ၀န်တင်ဆောင်ရုန်းကန်နိုင်မှုက ၁၇၆၄ ပေါင် ထိအောင် ဖြစ်ပြီး မော်ဒယ်က ၄၆၄၇ပေါင် အလေးချိန် ရှိမှာဖြစ်ပါတယ်။

XC90 ကလဲ အကြီးစားတန်းဝင် SUV တစ်စီး ဖြစ်ပြီးတော့ တတိယထိုင်ခုံတန်း တပ်ဆင်ထည့်သွင်းထားတဲ့ တစ်ချက်က လိုက်ပါနိုင်မယ့် ခရီးသည် အရေအတွက်ကို ၇ဦးထိ ဖြစ်လာစေတဲ့အပြင် တကယ်လို့ နောက်ဆုံး ထိုင်ခုံတန်းမှာကလေးတွေ ထိုင်ခိုင်းမယ်ဆိုရင် သုံးယောက်ထိအောင် ရမှာလည်း ဖြစ်ပါတယ်။ အဆိုပါ နောက်ဆုံးထိုင်ခုံတန်းကတော့ ခေါက်ထားချင်တယ်ဆိုရင် ခေါက်သိမ်းလိုက်နိုင်မှာ ဖြစ်ပြီးတော့ ဖြုတ်ထား ချင်တယ်ဆိုရင်လည်း ဖြုတ်ထုတ်လိုက်နိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ပုံမှန် အနေအထားအရ ရှေ့ဖက်ခန်းနဲ့ နောက်ဖက် ခရီးသည်ခန်းတွေကတော့ တခြားမော်ဒယ်တွေထက် အနည်းငယ် ပိုမို ကျယ်ဝန်းတာ တွေ့ရပေမယ့် နောက်ဆုံး ၀န်တင်ခန်းကတော့ ထိုင်ခုံတန်းထည့်သွင်းထားတာကြောင့် အနည်းငယ် ကျဉ်းမြောင်းပါတယ်။

အင်ဂျင်ပိုင်း …

Traverse မှာတပ်ဆင်ထားတဲ့ အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် ၃.၆ လီတာသုံး V6 အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး မော်ဒယ်ရဲ့ အရွယ်အစားနဲ့ စာရင်တော့ နည်းနည်းလေးကြီးနေတာလည်း ဖြစ်ပါတယ်။ V6 ထဲမှာ အကြီးဆုံးအင်ဂျင် အရွယ်အစားကို တပ်ဆင်ထားတာ ဖြစ်ပြီးတော့ ၃.၀ လီတာသုံး အင်ဂျင်လောက်ပဲ ဖြစ်သင့်တယ်လို့ ယူဆမိပါတယ်။ အင်ဂျင်က တစ်မိနစ် လည်ပတ်အား အပတ်ရေ ၃၄၀၀ မှာ ရုန်းအား ၂၆၆ပေါင်-ပေရှိမှာ ဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှု အပိုင်းကတော့ မြင်းကောင်ရေ ၂၈၁ ကောင်အား ထိအောင် ရှိမှာလည်း ဖြစ်လို့ စွမ်းအင်ထွက် ကောင်းတာကြောင့် အခုလို ရုန်းအားနည်း အနေအထားမှာ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် နည်းသွားပါလိမ့်မယ်။

XC90 အနေနဲ့ ရှေ့ဖက် အင်ဂျင် အထိုင်စနစ်နဲ့ ဖန်တီးထားတာ တွေ့နိုင်ပြီး ၂.၀ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာတစ်ခုကတော့ အံ့သြစရာပါ။ ပုံမှန်ဆိုရင်တော့ V6 အင်ဂျင်စနစ် မဟုတ်ရင် တောင်မှာ ၂.၅ လီတာသုံးဆိုတာ အသေးဆုံးတပ်ဆင်ထုတ်လုပ်လေ့ရှိတဲ့ အင်ဂျင်အရွယ်အစားဖြစ်ပေမယ့် အခုတော့ အင်ဂျင်စနစ်ကလိုတာထက် အနည်းငယ် သေးနေသလိုပါ။ ဒါပေမယ့် ရုန်းအားအပိုင်းမှာတော့ အားကောင်းတာတွေ့ရပြီးအင်ဂျင်ကတစ်မိနစ် လည်ပတ်အားအပတ်ရေ ၄၂၅၀ မှာ ရုန်းအား ၃၄၇ပေါင်-ပေ ရှိတာတွေ့နိုင်ပြီးစွမ်းအင် ထွက်ရှိမှုနှုန်းကတော့ မြင်းကောင်ရေ ၂၂၂ ကောင်အား ဖြစ်ပါတယ်။

စွမ်းဆောင်ရည် …

Traverse ရဲ့ LTZ Grade မော်ဒယ်ခွဲအနေနဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်လေးဆိုရင် Exhaust စနစ်မှာ Double နဲ့ လာတာကြောင့် အင်ဂျင်သံပိုင်း အထူးတည်ငြိမ်ကောင်းမွန်တာ တွေ့နိုင်သလို အဆိုပါ မော်ဒယ်က ရုန်းအား ၂၇၀ပေါင်-ပေ ဖြစ်တာကြောင့် တခြား Grade တွေထက် ရုန်းအားပိုကောင်းပြီး လမ်းကြမ်းပိုင်းနဲ့ ပို သင့်တော် ပါတယ်။ မော်ဒယ်တွေရဲ့ ပျမ်းမျှ မောင်းနှင်နိုင်မှုနှုန်းက အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တစ်နာရီမိုင် ၆၀နှုန်းကိုအချိန် ၈.၁ စက္ကန့်နဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
XC90 ကတော့ ရုန်းအားများတဲ့ အင်ဂျင်စနစ်အနေနဲ့ ပုံမှန် မြေပြန့်လမ်းကြောင်းမှာတော့ အကောင်းဆုံး ရုန်းကန်နိုင်မှာ ဖြစ်ပြီးတော့ ဂီယာချက် ၈ချက်ထိအောင် အသုံးပြု မောင်းနှင်နိုင်မယ့် မော်ဒယ်က ဇိမ်ခံကား တန်းဝင် တခြား Land Rover နဲ့ VW ရဲ့ SUV တွေကို Transmission ပိုင်းမှာ စိန်ခေါ်နိုင်စွမ်းရှိတာ တွေ့ရပါတယ်။ Auto စနစ်နဲ့ သွားမှာဖြစ်လို့ လူတိုင်းမောင်းနှင်ရလွယ်ကူမယ့် XC90 အနေနဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တစ်နာရီကီလိုမီတာတစ်ရာနှုန်းကို အချိန် ၇.၆ စက္ကန့်ပဲ ကြာမှာ ဖြစ်ပါတယ်။

သုံးသပ်ချက် …

Traverse အနေနဲ့က ဘရိတ်ပိုင်းမှာ တစ်နာရီမိုင် ၆၀ နှုန်းကနေ ရပ်တန့်မယ်ဆိုရင် အကွာအဝေး ၁၁၉ ပေ ထိအောင်ပဲ ယူမှာဖြစ်လို့ တခြားမော်ဒယ်တွေထက် ပိုပြီးတည်ငြိမ်ကောင်းမွန်တာလည်း တွေ့နိုင်ပါတယ်။ Transmission ပိုင်းမှာက Auto စနစ်နဲ့ ဖန်တီးထားတာ တွေ့ရပြီး ဂီယာချက် ၆ ချက်ထိအောင်ပဲ အသုံးပြု မောင်းနှင်နိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ရှေ့ဘီးယက်စနစ်နဲ့လည်း ရနိုင်သလို ဘီးစုံယက် စနစ်နဲ့လည်း ရွေးချယ်နိုင်မှာဖြစ်ပြီး ဆီစားနှုန်းအပိုင်းမှာ ဆီတစ်ဂါလံကို ပျမ်းမျှ ၁၉ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာဖြစ်ပါတယ်။

XC90 ကတော့ ဆီတစ်ဂါလံကို ပျမ်းမျှ မိုင် ၅၀နီးပါးထိအောင် စီးနင်းနိုင်မယ့် အနေအထားက လူတိုင်း လှည့်ကြည့်မယ့် အနေအထားပါ။ ကျွန်တော်ကတော့ ဈေးနှုန်းဆိုတဲ့ တစ်ချက်ကို မေ့ထားလိုက်နိုင်မယ် ဆိုရင်တော့ XC90 ကို ရွေးချယ်မိမှာအမှန်ပါ။ ဒါပေမယ့် Traverse ထက် ဈေးသိသိသာသာများနေတာ တစ်ချက်ကတော့ လူတိုင်းနှစ်သက်ပါ့မလားနော်။


လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved