ရေပန်းစားနေတဲ့ COC နဲ့ Candy Crush

Tuesday, July 21, 2015




စမတ်ဖုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ ဒီနေ့ခေတ်မှာတော့ စမတ်ဖုန်းကို အသုံးပြုပြီး ဂိမ်းကစားတဲ့ အလေ့အထကလည်း လူငယ်၊ လူရွယ်တွေအကြားမှာ Trend တခုလို ဖြစ်နေပါတယ်။

ဂိမ်းဆော့တဲ့ အလေ့အထက စမတ်ဖုန်းတွေ မပေါ်ခင်ကတည်းက ဆိုပေမယ့် စမတ်ဖုန်းတွေ ပေါ်လာပြီးတဲ့ နောက်မှာတော့ HD အရည်အသွေးရှိတဲ့ မိုဘိုင်းဂိမ်း App တွေ တနေ့တမျိုး မရိုးရအောင် အသစ်သစ်တွေ  ပေါ်ထွက်လာပြီး လူငယ်တွေကြားမှာလည်း တမျိုးပြီးတမျိုး ခေတ်စားလိုက်၊ ရေပန်းစားလိုက် ပေါ်လိုက်    ပျောက်လိုက်ပါပဲ။

လက်ရှိ စမတ်ဖုန်းအသုံးပြုသူ လူငယ်တွေကြားမှာဆိုရင် ရေပန်းအစားဆုံး ဂိမ်းကတော့ COC လို့ ခေါ်တဲ့ Clash of Clan (မျိုးနွယ်စု တိုက်ပွဲ) ဂိမ်းလေးပါပဲ။ ဒီဂိမ်းမှာတော့ Clan War  ဆိုပြီးတော့ ဂိမ်းကစားသူတွေ အချင်းချင်း အုပ်စုဖွဲ့ပြီး နောက်ထပ် အုပ်စုတစုနဲ့ ပြိုင်တိုက်ရတာမျိုးပါ။

COC ဂိမ်း အကြောင်းကို အနည်းငယ် ပြောပြရမယ်ဆိုရင်တော့ COC ဂိမ်းက ဖင်လန်နိုင်ငံနဲ့ Helsinki အခြေစိုက် Supercell  ဂိမ်းကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Free Mobile MMO stagey Video Game အမျိုးအစားပါ။

ဂိမ်းအကျဉ်းကတော့ Clan တခု ဆောက်ပြီးသွားပြီဆိုရင် ကိုယ်ဆောက်ထားတဲ့ Clan ကို အဖက်ဖက်ကနေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရပြီး တခြားသူရဲ့ Clan ကို သွားတိုက်ပြီး ငွေရှာ၊ ကစားတဲ့သူအချင်းချင်း Clan တွေအုပ်စုဖွဲ့ စစ်ပွဲတွေခေါ်တိုက်ရတာပါ။ ပြီးတော့ Clan တိုက်တာကလည်း ပြည်တွင်းအပြင် နိုင်ငံတကာနဲ့ပါ ယှဉ်ပြီး ဖိတ်ခေါ်ပြီး ကစားနိုင်ပါတယ်။

ကိုယ်နဲ့ နီးစပ်ရာ Clan အချင်းချင်းကိုလည်း အုပ်စုတွေဖွဲ့ပြီး စီးချင်းထိုးတိုက်ပွဲတွေ ဆင်နွှဲ ကစားကြပါသေးတယ်။ ဒီဂိမ်းက များသောအားဖြင့် ဆယ်ကျော်သက်လူငယ်တွေနဲ့ လူလတ်ပိုင်း၊ လူကြီးပိုင်း (အမျိုးသား၊ အမျိုးသမီးမရွေး) စိတ်ဝင်တစား ဆော့ကြတဲ့ဂိမ်းပါ။

ဒီဂိမ်းရဲ့ အားနည်းချက်ကတော့ အင်တာနက် အွန်လိုင်းမရှိရင် ဆော့လို့မရသလို Clan အုပ်စုဖွဲ့မယ်ဆိုရင် အဖွဲ့ဝင် (၁၀)ဦး မရှိဘဲနဲ့ စစ်တိုက်လို့ မရပါဘူး။ ပြီးတော့လည်း ကိုယ်တိုက်ချင်တဲ့ Clan ကို သွားတိုက်လို့မရဘဲ အွန်လိုင်းက သတ်မှတ်ပေးထားတဲ့ ကိုယ်နဲ့ Level တူ Clan တွေကိုသာ သွားရောက် တိုက်ယူနိုင်တယ်လို့သိရပါတယ်။

COC ဂိမ်းက iOS Platforms အတွက်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Android အတွက်တော့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ မှာ ဖင်လန်နိုင်ငံနဲ့ ကနေဒါတို့မှာ Soft-launched အရင်စလုပ်ခဲ့ကာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ မှာတော့ Google Play ကနေ နိုင်ငံတကာကို ဖြန့်ချိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဂိမ်းကိုဆော့ရတဲ့အဓိက ရည်ရွယ်ချက်ကတော့ ဒီဂိမ်းဆော့ရတာ ဆော့နေတဲ့သူအတွက် စိတ်ဝင်စားစရာ ကောင်းပြီး စစ်ရေးအမြင်တွေ၊ စစ်ရေးတွက်ချက်မှုအပိုင်းတွေကို စဉ်းစားရတာဖြစ်ပြီး ကိုယ်တည်ဆောက်ထားတဲ့ Clan အဖွဲ့အစည်း ကို စစ်ပွဲနိုင်အောင် ဘယ်လိုဆော့ကြမလဲဆိုတာ အဖွဲ့ဝင်ချင်းချင်း ဆက်သွယ် ဆွေးနွေးနိုင်တဲ့ Chat Box လည်းပါဝင်တာကြောင့် Skills တွေ တက်လာတဲ့ အကျိုးကျေးဇူးရှိတယ်လို့ COC ကစားသူတွေက ဆိုပါတယ်။

ဒီဂိမ်းကစားရင်းနဲ့ ကစားသူက Level အရမ်းမြင့်လာပြီဆိုရင် သူ့ရဲ့ Town Hall Level အလိုက် ပြင်ပမှာ ကိုယ့် Clan နဲ့ Gmail Account ကိုတွဲပြီး အပြင်မှာ တခြားသူကို ပြန်လည်ရောင်းချကစားကြတယ်လို့လည်း သိရပါတယ်။

နောက်ထပ် အဆော့များတဲ့ ဂိမ်းကတော့ Candy Crush Saga လို့ ခေါ်တဲ့ အမျိုးတူ၊ အရောင်တူ ချိုချဉ်လေးတွေကို ထုခွဲရတဲ့ ဂိမ်းလေးပါ။

Candy Crush ဂိမ်းကတော့ King ဂိမ်းကုမ္ပဏီကနေ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှာ Match-three puzzle video game အဖြစ် Facebook အတွက်ကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ iOS, Android နဲ့ Window Phone တွေအတွက် ထုတ်   လုပ်ဖြန့်ချိပေးခဲ့ပါတယ်။

Candy Crush ဂိမ်းဟာဆိုရင်အပိုင်းလိုက်၊ Level တခုပြီး တခု ဆော့သွားရတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး ဒီဂိမ်း ကစားသူ အရေအတွက်ဟာ အစပိုင်းမှာ လစဉ် ပျမ်းမျှ ၄၆ မီလျံရှိတယ်လို့ သိရပါတယ်။

COC ဂိမ်း မထွက်ပေါ်လာခင်မှာ Candy Crush ဂိမ်းဟာ အဆော့များဆုံးနဲ့ ပေါ်ပြူလာ အဖြစ်ဆုံးဂိမ်းလို့ ဆိုရင် မမှားပါဘူး။ ဒီဂိမ်းက COC လို အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး ကစားရတဲ့ ဂိမ်းအမျိုးအစား မဟုတ်ပေမယ့်အွန်လိုင်းနဲ့ ချိတ်ဆက်ပြီးဆော့နိုင်သလို Offline တဦးချင်းလည်း ဆော့နိုင်တဲ့ဂိမ်းပါ။

Candy Crush ဂိမ်းကတော့အဓိကကတော့ စိတ်ရှည်ရပါတယ်၊ ဒီဂိမ်းက ဆော့နေရင်း အကြိမ် ၅ ကြိမ် ရှုံးခဲ့ရင် တကြိမ်ကစားဖို့ သွေးပြည့်အောင် မိနစ် ၃၀ ပြန်လည် စောင့်ပြီး ဆော့ရတဲ့ ဂိမ်းပါ။ ဒီဂိမ်းတာဟာ အပျင်းပြေဖို့၊ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ နေရာမရွေး၊ အချိန်မရွေး အွန်လိုင်းရှိရှိ၊မရှိရှိ ဆော့နိုင်တယ်လို့ သိရပါတယ်။

အဓိကအားဖြင့်တော့ ဒီဂိမ်းက အမျိုးသမီးအများစု နှစ်သက်စွဲလမ်းစွာ ဆော့ကြတဲ့ ဂိမ်းဖြစ်ပြီး အွန်လိုင်းကနေတဆင့် ကစားသူအချင်းချင်း သွေးအပြန်အလှန်ပေးတာ၊ တခြားလက်ဆောင်တွေ အပြန်လှန်ပေးတာ စတဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်ပါတယ်။

အခုအပေါ်မှာ ပြောပြသွားတဲ့ COC ဂိမ်းနဲ့ Candy Crush ဂိမ်းနှစ်ခုစလုံးက အပျင်းပြေစေပြီး စဉ်းစားတွေးခေါ်မှု၊ တွက်ချက်မှုစွမ်းရည် စတဲ့ အတွေးအခေါ် ဉာဏ်ပိုင်းဆိုင်ရာတွေကို တက်စေနိုင်တဲ့ ဂိမ်းတွေလို့ ဆိုနိုင်ပေမယ့် “တန်ဆေးလွန်ဘေး” ဆိုတဲ့အတိုင်း အလွန်အကျွံ ဆော့ ကစားမယ်ဆိုရင်တော့ ရေရှည်မှာ မျက်လုံးနဲ့အာရုံကြောကို ထိခိုက်လာနိုင်စေပါတယ်။

ဒါကြောင့်မို့လို့ ဂိမ်းဆော့မယ်ဆိုရင်လည်း ကိုယ့်ရဲ့ ကိုယ်ပိုင်အားလပ်ချိန်မှာ အနားယူ၊ အပန်းဖြေတဲ့      သဘောအနေနဲ့သာ ဆော့ကြပါလို့ တိုက်တွန်းရင်း မျှဝေပေးလိုက်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved