(၄၃)နှစ်တိုင် ယောကျာ်းယောင်ဆောင်ပြီး သမီးငယ်အားလုပ်ကျွေးခဲ့သူအမျိုးသမီး

Wednesday, July 22, 2015


ယောကျာ်းယောင်ဆောင်ပြီး သမီးငယ်ကို လုပ်ကျွေးခဲ့တဲ့ မိခင် (photo - bryan denton)

ပြီးခဲ့တဲ့ မတ်လလောက်က အီဂျစ်အစိုးရမှ စစ်ဆာအဘူးဒေါင်အယ်လ်နီးမ် ဆိုသူအား “စံပြမိခင်” ဆုကို   ချီးမြှင့်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူမဟာ သမီးငယ်ကို ပြုစုပျိုးထောင်ဖို့ရန်အတွက် ယောကျာ်း တစ်ဦးကဲ့သို့ (၄၃)နှစ်ကြာအောင် ၀တ်စားဆင်ယင်ပြီး အလုပ်လုပ်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ RTလို့ခေါ်တဲ့ ရုရှား-အင်္ဂလိပ်ဘာသာ သတင်းအေဂျင်စီမှ လက်စာမြို့မှာ နေထိုင်တဲ့ စစ်ဆာကို ဆက်သွယ်ပြီး “ယဉ်ပါးဖို့ရန် ခက်ခဲသော အမျိုးသမီးတစ်ဦး”ဆိုသော ခေါင်းစဉ်ဖြင့် မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးဖို့ရန် စီစဉ်လျက်ရှိပါတယ်။ မိနစ်(၅၀)စာ ကြာမြင့်မယ့် အဲ့ဒီမှတ်တမ်းတင် ဗီဒီယိုမှာတော့     ဖိနပ်တိုက်သမား တစ်ဦးအဖြစ် ဟန်ဆောင်ထားတဲ့ စစ်ဆာကို အမျိုးသားပုံစံဖမ်းထားကြောင်း ရိပ်စားမိတဲ့ သူတွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ စစ်ဆာကလည်း သူ့အကြောင်းကို မှတ်တမ်းတင် ရိုက်ကူးခံမှာဖြစ်ပြီး သူဘာကြောင့် ဆယ်စုနှစ်များစွာအထိ အမျိုးသားတစ်ဦးကဲ့သို့    ဟန်ဆောင်နေခဲ့သလဲ ဆိုတာကို ဆွေးနွေးပြောဆိုမှာပဲဖြစ်ပါတယ်။

အုတ်နဲ့ကွန်ကရစ်ရောပြီး တည်ဆောက်ထားတဲ့ စစ်ဆာရဲ့တဲငယ်ကလေးကို ရိုက်ကူးရေး အဖွဲ့ဝင်များက အလည်အပတ် ရောက်ရှိခဲ့ကြပြီး သူမရဲ့အိမ်နီးချင်းများဟာ မြို့ထဲမှာ အလုပ်သွားရောက်လုပ်ကိုင်နေသူ လူတန်းစားများဖြစ်ပါတယ်။

“ကျွန်မ အိမ်ထောင်ကျတော့ အသက်(၁၆)နှစ်ပဲရှိပါသေးတယ်။ ကျွန်မကိုယ်ဝန်ခြောက်လရတဲ့ အချိန်မှာ ကျွန်မရဲ့ယောကျာ်းဆုံးပါးသွားခဲ့ပါတယ်။ မီးဖွားပြီး ရက်(၄၀)အကြာထိ ယောက္ခမနဲ့ အတူ နေထိုင် ခဲ့ပါသေးတယ်။ အဲဒီမှာ ကျွန်မကို နောက်အိမ်ထောင်ထပ်ပြုခိုင်းတယ်။ ကျွန်မသာ နောက် အိမ်ထောင်ပြုရင် ကျွန်မ သမီးလေးကို ဘယ်သူကြည့်ရှုပေးမှာလဲ”လို့ ယခုအချိန်မှာ အသက်(၆၅)နှစ်ရှိနေပြီး ဖြစ်တဲ့ စစ်ဆာက RT ရုရှား သတင်းအေဂျင်စီကို ပြောပြခဲ့ပါတယ်။

ယနေ့ခေတ် အချိန်အထိ အီဂျစ်နိုင်ငံမှာ ကျားမခွဲခြားဆက်ဆံရေးအတွက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ (၁၉၇၀)၀န်းကျင်လောက်တုန်းက အမျိုးသမီးတွေ အလုပ်လုပ်ခြင်းဆိုတဲ့ ကိစ္စဟာ တားမြစ်ထားတဲ့ အရာတစ်ခုဖြစ်ပြီး အလုပ်လုပ်တဲ့ အမျိုးသမီးရယ်လို့ တစ်ခါမှ မကြားဖူးခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားပါတယ်။

 “တကမ္ဘာလုံးမှာ တစ်ယောက်တည်း ချန်ထားရစ်ခံရသလိုပါပဲ။ နောက်အိမ်ထောက်ပြုမယ့်အစား သမီးကလေးကို ကျွေးမွေးပြုစုဖို့ အလုပ်ထွက်လုပ်ခဲ့ပါတယ်။ လက်လုပ်လက်စားအလုပ်တွေ အတော်များများလုပ်ခဲ့ပါတယ်။ အရမ်းပင်ပန်းခဲ့တယ်။ ဒါပေမယ့် လုပ်ပျော်တယ်လို့ ခံစားမိတယ်။ နောက်ယောကျာ်းယူမယ့်အစား အလုပ်ကို ကြိုးစားလုပ်တာက ပိုကောင်းပါတယ်။ ကျွန်မအတွက် ယောကျာ်းတစ်ယောက်ထပ်ရှာနေတာထက်စာရင် ကျွန်မရဲ့သမီးကို ခဲလုံးတွေကျွေးပြီး ကျွန်မကိုယ်တိုင်လည်း အမှိုက်သရိုက်အညစ်အကြေးတွေထိုင်စားနေတာက ပိုအဓိပ္ပါယ်ရှိပါတယ်။” လို့ မှတ်တမ်းတင်ရိုက်ကူးချိန်မှာ ပြောပြခဲ့ပါတယ်။

ခင်ပွန်းသည်မရှိတော့ အတော်ခံစားခဲ့ရလားလို့ မေးတော့ သူမက “ မခံစားရပါဘူး။ သွားလေသူလည်း သွားခဲ့ပါပြီ။ ခုတောင် ကျွန်မသမီးက အသက်(၄၃)နှစ်ရှိနေပြီလေ။ အခုဆို သူတောင် အသက်ရလာပြီလေ။ ကျွန်မလည်း သူ့ထက်စာရင် အိုစာလာခဲ့ပါပြီ။ ဒါပေမယ့် ကျွန်မ ပိုပြီး တည်ကြည်လာသလို ယေဘုယျ  အားဖြင့်တော့ ကျွန်မကျန်းမာလို့ နေပါသေးတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

ရိုက်ကူးမှတ်တမ်းတင်တဲ့ အချိန်တချို့မှာ ရိုက်ကူးရေးအဖွဲ့တွေဟာ စစ်ဆာနဲ့ ပတ်သက်လို့ အမျိုးသားတွေထံမှာ အမြင်ကို တောင်းခံမေးမြန်းကြည့်ပါတယ်။ ရိုက်ကူးရေးအဖွဲ့သားတွေဟာ စစ်ဆာရဲ့ အိမ်အပြင် လမ်းပေါ်က အမျိုးသားတွေကို တွေ့ပြီး စစ်ဆာအကြောင်း မေးကြည့်တော့ အမျိုးသားတစ်ဦးက “ သူမဟာ တကယ်ပဲ (၁၀၀) ရာခိုင်နှုန်း မြင့်မြတ်တဲ့သူ ဖြစ်ပါတယ်”လို့ ကင်မရာဘက်ကို လက်မထောင်ပြီး မှတ်ချက် ပေးသွားခဲ့ပါတယ်။ နောက်တစ်ဦးကလည်း “သူမဟာ ယောကျာ်း (၁၂)ယောက်လောက်နဲ့တောင် ညီမျှပါတယ်” လို့ ထင်မြင်ချက်ပေးသွားပါသေးတယ်။

ယနေ့အချိန်မှာတော့ စစ်ဆာဟာ သူမနေထိုင်ရာ လက်စာမြို့လေးမှာ ကုန်စုံဆိုင်လေးဖွင့်လို့ အသက်မွေးဝမ်းကြောင်းပြုလျက်နေပါပြီ။ စစ်ဆာအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းတင် ဗီဒီယိုကိုလည်း https://www.youtube.com/watch?t=63&v=IpV8L5sAIi8 ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။



ခင်အေးမြလွင် 

ကိုးကားသတင်း။  ။ http://nytlive.nytimes.com/womenintheworld/2015/07/13/meet-the-woman-who-disguised-herself-as-a-man-for-43-years-so-she-could-provide-for-her-daughter/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved