အနုပညာရှင်ပေါင်းများစွာနဲ့ ပြုလုပ်မယ့် တေးရေးမင်းချစ်သူရဲ့ ဂီတသက်တမ်း ၃၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲ

Monday, August 3, 2015


တေးရေး - မင်းချစ်သူ (ယုမွန်ကျော်/ The Irrawaddy)

တေးဂီတ သက်တမ်းတလျှောက် ရေးခဲ့တဲ့သီချင်းတိုင်းလိုလို ပရိသတ်အားပေးမှုရရှိခဲ့ကာ သူ့ရဲ့တေးသီ     ချင်းတွေနဲ့ အောင်မြင်တဲ့အဆိုတော်ဖြစ်လာစေခဲ့သူ တေးရေးဆရာ တယောက် ရှိပါတယ်။သူကတော့      တေးရေး မင်းချစ်သူပါ။

အခုအခါမှာ တေးရေး မင်းချစ်သူက သူရဲ့  ဂီတသက်တမ်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မင်းချစ်သူရဲ့  ကြယ်တွေစုံ/ဆုံတဲ့ သီချင်းပွဲတော်ကို သြဂုတ်လ ၉ ရက်နေ့မှာ ရန်ကုန်မြို့ ရှင်စောပုဘုရားလမ်းမှာရှိတဲ့ Myanmar Event Park  မှာ  ကျင်းပပြုလုပ်မှာပါ။

ဂီတသက်တမ်း နှစ် ၃၀ ကျော်အတွင်း အောင်မြင်မှုရရှိခဲ့တဲ့ တေးသီချင်းတွေကို သီဆိုခဲ့တဲ့ အဆိုရှင်များစွာတို့က ပြန်လည်သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ ပါဝင် သီဆိုကြမယ့် အဆိုတော်တွေကတော့ ဇော်ဝင်းရှိန်၊ ဂျေမောင်မောင်၊ ဇော်ဝင်းထွဋ်၊ ချစ်ကောင်း၊ ရင်ဂို၊ စည်သူလွင်၊ ဂရေဟမ်၊ ဖိုးကာ၊ ဇော်ပိုင်၊ Rဇာနည်၊        ကျော်စည်သူကျော်၊ ထက်နေကြည်၊ ကျော်သီဟ၊ ဖြိုးပြည့်စုံ၊ အားမာန်၊ မိုးဈာန်၊ ၀ိုင်းလမင်းအောင်၊ နွဲ့ယဉ်ဝင်း၊ မေဆွိ၊ မေခလာ၊ ဟေမာနေ၀င်း၊ ကော်နီ၊ မီမီဝင်းဖေ၊ ထွန်းအိန္ဒြာဗိုလ်၊ သျှီ၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ ရေဗက္ကာဝင်း၊ ဖြူဖြူကျော်သိန်း၊ ရတနာမိုင်၊ တွင်ကယ်လ်၊ ခေမီကို၊ အေသင်ချိုဆွေ၊ စိုးပြည့်သဇင်၊ ဆုပန်ထွာ၊ ဖြိုးသိရီခေတ်၊ သန္တာဗို၊ ဆုထက်လှိုင်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ထိုက်ထိုက်၊ ရွှေရည်ဖြိုးမောင်၊ ၀တ်ရည်  ထက်၊ ဂျူးဂျူးစံတို့ဖြစ်ကြပြီး  အဆိုတော်တယောက်ကို တပုဒ်နှုန်းနဲ့ ပါဝင်သီဆိုဖျော်ဖြေပေးကြမှာပါ။

ပွဲလုပ်ဖြစ်တဲ့ အကြောင်းနဲ့ ပတ်သက်လို့ တေးရေးမင်းချစ်သူက “ဒီပွဲလေးကတော့ ခေါင်းစဉ်မှာပါတဲ့အတိုင်း ဂီတလောကရဲ့ ကြယ်တွေစုံလည်းစုံ၊ ဆုံလည်းဆုံကြတဲ့ ပွဲလေးတခုပါ။ အဆိုတော်တွေက အကုန်လည်း မပါသေးပါဘူး။ အားလုံးပါမယ်ဆိုရင် မိုးလင်းမယ့်ပွဲဖြစ်သွားပါလိမ့်မယ်။ တချို့သီချင်းတွေကို နှစ်ယောက်ပေါင်း ဆိုကြပြီး၊ တချို့သီချင်းတွေကို ငါးယောက်ပေါင်းဆိုကြမယ့် သီချင်းတွေလည်းပါပါတယ်။ ပွဲလေးမှာ သီချင်းတွေ ကိုလည်း အားလုံးအဆင်ပြေအောင်ရွေးထားကြပြီး အကောင်းဆုံးဖျော်ဖြေမှုတွေကို ပေးကြမှာပါ”လို့ ပြောပြပါတယ်။


ဒီပွဲမှာ တေးရေးမင်းချစ်သူသီချင်းတွေနဲ့ လူကြိုက်များခဲ့တဲ့အဆိုတော်စည်သူလွင်က “ကိုယ့်ကြောင့်”၊ တင်ဇာမော်က “မှားပြန်တယ်”၊ ဂျေမောင်မောင်က “တယောက်မျက်နှာကိုတယောက်ကြည့်ကာ”၊ Rဇာနည်က “အသည်းကွဲမြို့တော်”၊ ရေဗက္ကာဝင်းက “အရင်လိုပဲ အရင်တိုင်းပဲ”၊ ထွန်းအိန္ဒြာဗိုလ်က “မမေ့နဲ့နော်”၊ စိုးသူက “ကြည်ဖြူပါတော့”၊ ဖြူဖြူကျော်သိန်းက “အဘယ့်ကြောင့်ဆိုသော်”၊ ဆုန်သင်းပါရ်က “အကြင်နာစစ်ရင်” စသဖြင့် တေးသီချင်းတွေကို သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

ပါဝင်တီးခတ်ပေးမယ့် band တွေကတော့ Emperor ၊ Dream Lover နဲ့ Dj သော်သော်တို့ပဲ ဖြစ်ပြီး        ဖျော်ဖြေပွဲကို ညနေခြောက်နာရီခွဲအချိန်မှစတင်ကာ MRTV- 4 မှာ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာ  လည်း  ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းများကိုတော့ VIP အတွက် ကျပ် ၅၀၀၀၀ နဲ့ ရိုးရိုး ကျပ် ၃၀၀၀၀၊ ၂၀၀၀၀၊ ၁၀၀၀၀ သတ် မှတ်ထားပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved