“သူတို့ရဲ့အခက်အခဲတွေ လျော့သွားတယ်ဆိုရင် ကျနော်တို့က ပျော်ပါတယ်”

Friday, August 7, 2015


ဓာတ်ပုံ - ဂျေပိုင်/ The Irrawaddy 

စည်သူဟိန်း (ခ) ဇင်ဟိန်း

၂၁ နှစ်

B.A (English) ၊ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (တာဝ) 

ကျနော်က လက်ရှိ Sunday ဂျာနယ်မှာ သတင်းထောက် အလုပ်လုပ်နေပါတယ်။ ပညာရေးက B.A (English) နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (တာဝ)မှာ ဘွဲ့ရ၊ ကျောင်းပြီးထားပါတယ်။

ကျနော့် ဝါသနာက အားကစားမှာ ရေကူးဝါသနာပါတယ်။ လူငယ်ဆိုတော့ Music အပိုင်းကိုလည်း ဝါသနာပါတာကြောင့် အရင်တုန်းက လုပ်ခဲ့တယ်။ Music မှာဆို ကျနော် Hip Hop နဲ့ Rap တွေ ဆိုခဲ့တယ်။ အခုနောက်ပိုင်း တောက်လျှောက် တော့ ပရဟိတအလုပ်တွေလုပ်ဖြစ်နေပါတယ်။

ကျနော်တို့က သူငယ်ချင်းတွေ စုပြီး B2 Charity ဆိုပြီး ပရဟိတအဖွဲ့လေး တဖွဲ့ထောင်ထားတယ်။ ဒါပေမယ့် သူငယ်ချင်း တွေ မစုဖြစ်တော့ အဖွဲ့လေးက နည်းနည်းအေးနေတယ်။ B2 ကိစ္စနဲ့ပဲ “ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ရက်” မှာ ကျနော်တို့ဝင်ဖြစ်တယ်။ အဲဒီ ရန်ကုန်အခြေစိုက်မှာ ကျနော်တို့အဖွဲ့ B2 ပါဝင်လာတာ(၂)နှစ်လောက်ရှိပြီ။ အဲဒီမှာ လုပ်ဖြစ်နေရင်းနဲ့ ရန်ကုန်အခြေစိုက် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးတို့၊ နောက်ပြီးတော့ အရေးပေါ် ကယ်ဆယ်ရေးတုန်းက ကျနော်တို့ဝင်ကူပြီး အလုပ်တွေလုပ်ဖြစ်တယ်။

အခုလို နိုင်ငံအဝှမ်းမှာ ရေဘေးရှိနေတယ်ဆိုတော့ ကျနော်တို့က အရင်လုပ်နေကျတွေ အတိုင်းပဲ လုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတခေါက်က ဖြစ်ချင်တော့ ဒီရှေ့မှာ အမ်း ရေဘေးကလည်း ရှိခဲ့တော့ရန်ပုံငွေ အဆင် သင့်မဖြစ်တာနဲ့ ကျနော်တို့ဆက်ပြီး အလှူခံဖြစ်ခဲ့တာပါ။

ကျနော် အစကအလှူခံဖြစ်ခဲ့တာက ကိုယ့်ရင်းနှီးတဲ့ လူတွေဆီကနေ အလှူခံဖြစ်တာပါ။ နောက်ပိုင်းမှာတော့ အရေးပေါ် အလှူငွေထွက်ခံတဲ့အခါကျတော့ ကျနော်တို့လူစည်ကားတဲ့ Junction တွေဘာတွေမှာ လုပ်တယ်။ ခွင့်ပြုချက်ရရင်လည်း သူတို့ ဧရိယာအတွင်းမှာလုပ်တယ်။ ခွင့်ပြုချက်မရဘူးဆိုရင်လည်း သူတို့နဲ့ ခပ်လှမ်းလှမ်းလောက်မှာ လုပ်ခဲ့တယ်။

ကျနော်တို့ FMI Center (Parkson ကုန်တိုက်) တို့၊ ရန်ကင်းစင်တာတို့၊ ဒဂုံစင်တာ (၁) ရှေ့၊ Ruby Mart ရှေ့အဲဒီ ဧရိယာမလှမ်းမကမ်း လူစည်ကားတဲ့နေရာတွေမှာ သီချင်းတွေဆိုပြီး အလှူခံခဲ့ပါတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက် လောက်မှာဆိုရင် Lucky Seven ၊ Morning Star အဲဒီဆိုင်တွေမှာ သွားဆိုဖြစ်ခဲ့ပါတယ်။

ကျနော်တို့က ရေဘေးဆိုလည်း ရေဘေးကို လှူတယ်။ တခြားမြေပြိုတဲ့နေရာတွေကိုလည်း လှူတယ်။ ကျနော်တို့က ဒီတခု လှူခြင်းအားဖြင့်၊ ကျနော်တို့ရဲ့ငွေအားတွေ၊ လူအားတွေ တတပ်တအား ပါဝင်ခြင်းအားဖြင့် လတ်တလောမှာ ဒုက္ခဖြစ်နေတဲ့ ပြည်သူတွေအနည်းနဲ့ အများ ကူညီလိုက်နိုင်တယ်၊ သူတို့ရဲ့အခက်အခဲတွေ လျော့သွားတယ်ဆိုရင် ကျနော်တို့က ပျော်ပါတယ်။

ကျနော်တို့က အဓိကကတော့ ပရဟိတဆိုတဲ့အတိုင်း ကိုယ့်အလုပ်တွေလည်း မကြည့်ဖြစ်ပါဘူး။ အလုပ်တွေဖျက်ပြီး ပရဟိတတွေ လိုက်လုပ်ပေးတယ်။ သူတို့ရဲ့ လက်ထဲကို ကျနော်တို့ရဲ့ လုပ်အားတွေ၊ အလှူရှင်တွေရဲ့ ငွေအားတွေ ရောက်သွားတဲ့အခါမှာ အရမ်းပျော်ပါတယ်။ ကျနော်တို့အလုပ်ကလည်း ပီတိကို စားနေတဲ့ အလုပ်လေ။ ကိုယ့်ရဲ့ အလှူပြီးမြောက်သွားပြီဆိုရင် စိတ်ထဲမှာ အတိုင်းမသိပျော်ပါတယ်ခင်ဗျ။

လူတိုင်းမှာ ပရဟိတစိတ်ဆိုတာ ရှိသင့်တယ်၊ လူကြီး လူငယ်မရွေးပေါ့။ သူများမှာ လိုအပ်နေတဲ့ အချိန်မှာ ကိုယ့်မှာရှိတာဖဲ့ပြီး လှူတယ်၊ဒါလည်း ပရဟိတပဲ။ လူငယ် လူငယ်တွေတိုင်းမှာ ဒီလိုမျိုး ပရဟိတစိတ်ရှိတာကောင်းတာပေါ့။ ဒါပေမယ့် ပရဟိတစိတ်ဓာတ်တွေ များနေတယ်ဆိုပေမယ့် ဒီလိုမျိုးအကြီးကြီးတွေကျ ကျနော်တို့က မဖြစ်စေချင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီလိုဖြစ်တဲ့နေရာတွေမှာ ခံစားရတယ်လေ။

ကျနော်တို့ ပရဟိတသမားတွေကလည်း ရှင်းရှင်းပြောရရင်သူများတွေကို လိုက်ကူညီပေးနေတဲ့ သူတွေဆိုတော့ ဖြစ်နိုင်ရင်တော့ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေချင်ဘူး။ ပရဟိတ လုပ်တဲ့ လူငယ်တွေများလာတာ ကျနော်တို့က အားပေးတယ်။ ဘာလို့လဲဆိုတော့ ဒီလိုလူငယ်တွေ များလာလေလေ၊ ဒုက္ခရောက်တဲ့သူ           နည်းလေလေပဲ။ အဲဒါကြောင့်မို့လို့ ကျနော်ကတော့ လက်ကမ်းကြိုပါတယ်ခင်ဗျ၊ ပရဟိတစိတ်ရှိတဲ့          လူငယ်တွေကော လူကြီးတွေကော မျိုးဆက်သစ်တွေ ကိုကော ကျနော် ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျ။

ကျနော့် အနာဂတ်ရည်မှန်းချက်က အလုပ်နဲ့ ပတ်သက်ပြီးတော့ တောက်လျှောက်ကတော့ သတင်းထောက် အလုပ် လုပ်နေတယ်။ နောက်ပိုင်းမှာ ဒီဇိုင်းအပိုင်း Graphic Designer လိုင်းကို လေ့လာချင်တယ်။ အဲဒီဘက်ကိုလည်း အခုချိန်မှာ အခြေပြန်ချပြီး လေ့လာနေတယ်။ ကျနော် Designer ဖြစ်သွားရင်တော့ Volunteer ဘက်ကိုလည်း အချိန်ပေးနိုင်မှာပါ။

Volunteer နဲ့ ပတ်သက်ပြီးတော့ ကျနော်က ရှင်းရှင်းပြောရရင် လုပ်အားနဲ့ လုပ်နေတဲ့အတွက် ကိုယ်လုပ်နိုင်သရွေ့ ကတော့ တောက်လျှောက်လုပ်နေဦးမှာပဲ။ နောက်လည်း တတ်နိုင်လို့ရှိရင် ကိုယ့်အဖွဲ့ကိုကိုယ် ဒီထက်ကောင်းအောင် မြှင့်တင်သွားမယ်။ သူများအဖွဲ့ကို လူငယ်တွေ လာလို့ရှိရင် လက်ကမ်းကြိုသွားမယ်။ ပရဟိတစိတ်ဓာတ်ရှိတဲ့ လူတွေ အားလုံးစုပေါင်းပြီး ဒီကွန်ရက်ကြီး ထပ်ပြီး ကျယ်ပြန့်အောင် ကျနော့်စိတ်ထဲမှာ ရည်မှန်းထားပါတယ်။

လူငယ်တွေကို ဘယ်လိုမြင်မိလဲဆိုရင် ဒီခေတ်ကလူငယ်တွေက အကုန်လုံးက အဆင်ပြေလာကြပါပြီ။ အင်တာနက် သုံးတာလည်း မကောင်းဘူးလို့မပြောချင်ဘူး။ ကျနော်တို့ ပရဟိတလုပ်တာဆိုရင်လည်း အင်တာ နက်နဲ့ပဲ Facebook နဲ့ ညှိပြီး သုံးလာကြတာ။ အခုနောက်ပိုင်း ပရဟိတနဲ့ ပတ်သက်ပြီးတော့လည်း သူတို့က လိုက်လာနိုင်ကြပြီ၊ စိတ်ဝင်စား လာကြပြီဆိုတော့ ပရဟိတပိုင်းလည်း လူငယ်တွေအတွက်        အားရစရာကောင်းပါတယ်။

အဓိကကတော့ လူငယ်တွေကို စာဖတ်အားတွေ ပြန်ကောင်းကြစေချင်တယ်။ ကျနော့် အမြင်ကတော့ ဘာစာပဲဖြစ်ဖြစ်၊ Facebook မှာစာဖတ်တာလည်းကောင်းပါတယ်။ ဒါပေမယ့် အပြင်စာတွေ၊ ဗဟုသုတရမယ့်စာတွေ၊ ကိုယ့်အတွက် ကောင်းမယ့်စာတွေဖတ်စေချင်တယ်။

ကဏ္ဍအသီးသီးမှာ ကြိုးစားနေတဲ့ လူငယ်တွေကို ကျနော်တိုက်တွန်းချင်တာက ကိုယ့်ရဲ့ Goal တခုကို တနှစ်အတွင်းမှာ ထားမလား၊ ရေရှည်ထားမလား၊ ကိုယ်ထားတဲ့ Goal တခုကို သေချာ ယုံကြည်မှုရှိရှိနဲ့ ထားလိုက်ပါ။ ဘာလို့လဲဆိုတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကိုကိုယ်တိုင်ယုံကြည်မှပဲ သူများကိုယုံကြည်အောင် အသက်သွင်းနိုင်မှာဖြစ်တဲ့အတွက် ကိုယ်ဘာပဲလုပ်လုပ်ယုံယုံကြည်ကြည်နဲ့ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကိုယ်လုပ် မယ့်အရာအားလုံးကိုသိနေပြီး ကျွမ်းကျင် ပိုင်နိုင်အောင် လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။


သီဟတိုး 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved