စမ်းမြသော်တာ အနုပညာဘိုးဘွားရိပ်သာတည်ဆောက်ရန်နဲ့ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ကျင်းပမည်

Friday, August 7, 2015


ဓာတ်ပုံများ - ယုမွန်ကျေ်/ The Irrawaddy

စမ်းမြသော်တာ အနုပညာဘိုးဘွားရိပ်သာတည်ဆောက်ရန်နဲ့ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေအနုပညာဖျော်ဖြေပွဲကို အနော်မာသုခုမမှ စီစဉ်တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကို သြဂုတ်လ ၁၆ ရက်နေ့ ည ၇ နာရီအချိန်မှာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားမှာဖြစ်ပြီး ရရှိလာတဲ့ လက်မှတ် ရောင်းချရတဲ့ ငွေကြေးများကို စမ်းမြသော်တာ အနုပညာဘိုးဘွားရိပ်သာတည်ဆောက်ရန်နဲ့ ရေဘေးသင့်ဒေသများကို သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။

ဒီ အစီအစဉ်မှာ နှင်းဆီအဖွဲ့သားများနဲ့ ဝေဠုကျော်၊ နေမင်း၊ မင်းသွေး၊ ရွှေမှုံရတီ၊ ခင်ဇာခြည်ကျော်၊ ခိုင်နှင်းဝေ၊ ၀ါဆိုမိုးဦး၊ Snare ၊ စန္ဒီမြင့်လွင်၊ အေသင်ချိုဆွေ၊ ငွေမှုံရတီ၊ ၊ စာပေဂီတရုပ်ရှင်သဘင် ပန်းချီပန်းပု အနုပညာရှင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။ အနော်မာသုခုမ မှ မန္တလေးသိန်းဇော်၊ နန်းဝင်း၊ ချမ်းသာ၊ မိုးဝင်း၊ မိုးမင်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဇံဟိန်း၊ ဟန်ဇာမိုးဝင်း၊ ရဲမင်းသွေး၊ ချမ်းညီချမ်း၊အရိုင်း၊ မေတ္တာ၊ နန်းခင်မွှေး၊ တင်ဇာမိုးဝင်း၊ သန္တာလင်း၊ ဒါလီလင်း၊ ၀င်းသပြေထွန်းတို့က ဖျော်ဖြေတင်ဆက်ကြမှာပါ။

စမ်းမြသော်တာ အနုပညာဘိုးဘွားရိပ်သာနဲ့ တည်ထောင်မှုနဲ့ ပတ်သက်လို့ သဘင်အနုပညာရှင် ဦးမိုးမင်းက “ပထမတော့ သဘင်အနုပညာရှင်ဘိုးဘွားတွေအတွက် ဖန်တီးရင်ကောင်းမလား ရည်ရွယ်ရင်းကနေ   နောက်တော့ တဖြေးဖြေး ဘယ်အနုပညာရှင်မဆို လက်ခံမယ့် သဘင် ရုပ်ရှင် အနုပညာဘိုးဘွားရိပ်သာဟာ အခုဆို အားလုံး ဘယ်ဘိုးဘွားမဆို မသေခင်လေးမှာ ရွှင်ရွှင်လန်းလန်းနဲ့ နေသွားရအောင် စီစဉ်ရင်း ဒီလို အနုပညာဘိုးဘွားရိပ်သာ အစီအစဉ်လေး ဖြစ်လာရတာပါ။ အခုဆိုရင် ဘိုးဘွားတွေအတွက် နှစ်      ထပ်ဆောင်မှာ တဆောင်ကို ၁၆ ဦးဝင်နဲ့ နှစ်ဆောင်ဆောက်လုပ်ပြီးပါပြီ။ ကျနော်တို့ နောက်ထပ် အဆောင် ၁၈  ဆောင် ဆောက်လုပ်မယ်လို့ စဉ်းစားထားပါတယ်” လို့ ပြောပြပါတယ်။

စမ်းမြသော်တာ အနုပညာဘိုးဘွားရိပ်သာမှာ စာပေ၊ဂီတ၊ သဘင်၊ အနုပညာရှင် ပန်းချီပန်းပု ဘယ် အနုပညာရှင်မဆို လက်ခံပေးဖို့ ဖြစ်မြောက်ရေးကော်မတီက စီစဉ်ထားကြောင်းနဲ့ အပြင်မှာ ဘယ် ဘိုးဘွားမဆို လက်ခံပေးနိုင်ရန် အတွက်လည်း ကော်မတီမှ ထည့်သွင်းစဉ်းစားနေကြောင်းလည်း သိရပါတယ်။


ရန်ပုံငွေပွဲနဲ့ပတ်သက်လို့ ပါဝင်တဲ့ အနုပညာရှင်များကိုယ်စားလူရွှင်တော်မေတ္တာကလည်း  “ပထမတော့ ကျနော်တို့ ဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေရှာမယ်ဆိုပြီး ကြိုတင်စီစဉ်ထားတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ      ရေဘေး  ကြုံပါတယ်။ အဲဒီအတွက်ဒီပွဲမှာ ခေါင်းစဉ်က ရေဘေးအတွက် ပြန်လည်ထူထောင်ရေးအတွက်ပါ ပါလာတဲ့အတွက် ၀မ်းသာမိပါတယ်။ ကျနော်တို့ အနုပညာသမားတွေဆိုတာ ပြည်သူက ကျွေးတဲ့ ထမင်းကို စားနေ  ကြတဲ့သူတွေပါ။ ပြည်သူကို ပြန်အလုပ်အကျွေးပြုရမယ့်စိတ်တွေအများကြီး ရှိပါတယ်။ အနုပညာ  ရှင်ပေါင်းမြောက်မြားစွာဟာ ပြည်သူနဲ့တသားထဲ ဖြစ်ပါတယ်။ အခု ရေဘေးသင့် ပြည်သူတွေ ပြန်လည်ထူထောင်တဲ့အခါမှာ စိတ်ထားဖြူဖြူစင်စင်နဲ့ အကောင်းဆုံး စိတ်တွေနဲ့ အတ္တမပါသော မေတ္တာတရားကြီးမားစွာ ဂရုဏာတရားကြီးမားစွာ ပါဝင်ကြမှာပါ”လို့ ပွဲနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။


ဒီရန်ပုံငွေ ကပြဖျော်ဖြေပေးမယ့် နေ့ရက်အတွက် အမျိုးသားဇာတ်ရုံမှာ ကျသင့်ငွေ သိန်းလေးဆယ်ကိုလည်း ယဉ်ကျေးမှုဝန်ကြီုးဌာနက အခမဲ့စီစဉ်ပေးထားကြောင်းကိုလည်း သိရပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved