သူမအတွက်တော့ ကမ္ဘာပြိုတဲ့နေ့တစ်နေ့

Tuesday, August 25, 2015


ကျန်ရစ်ခဲ့တဲ့ ချစ်သူ ခရစ်ဆူဒါ (photo - bangkok post)

ပြီးခဲ့တဲ့ တနလာင်္နေ့က ဘန်ကောက်မြို့လေးမျက်နှာဘုရားမှာ ဗုံးပေါက်ကွဲခဲ့ပြီး အသက် (၃၈)နှစ် အရွယ်ရှိ ယွတ်သနာရုန်စင်ဂလာဟာ အဲဒီဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် အသက်သေဆုံးခဲ့ရပါတယ်။ သူ့ရဲ့ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်ကိုတော့ ဘန်းနနိုင်းဘုန်းကြီးကျောင်းမှာပြုလုပ်ခဲ့ပြီး မိသားစုနဲ့ သူငယ်ချင်းများက သူ့ကိုနောက်ဆုံး နှုတ်ဆက်စကားဆိုခဲ့ကြပါတယ်။ ယွတ်သနာရုန်ဟာ ဆူကွန်ဗစ် မြို့နယ်ရှိ ပုဂ္ဂလိက လုပ် ငန်းတစ်ခုအတွက် အောက်ခြေသိမ်းအလုပ်သမားတဦးအဖြစ် အလုပ်လုပ်ပေးနေသူလည်း ဖြစ်ပါတယ်။ အဲ့ဒီညနေ (၆)နာရီ ၀န်းကျင်မှာ ယွတ်သနာရုန်ဟာ စန်ထရယ်ဝေါလ် ဈေးဝယ်စင်တာမှာရှိတဲ့ ဖောက်သည်    တဦးထံ ပစ္စည်းပို့ဖို့  အမြန်ရထားလိုင်းကို စီးနှင်းလိုက်ပါလာပါတယ်။

ယွတ်သနာရုန်ရဲ့ ချစ်သူမိန်းကလေးဟာ အသက် (၃၀)အရွယ်ရှိ ခရစ်ဆူဒါ နရွန်ပလင်း ဖြစ်ပြီး ညနေ (၆)နာရီ (၄၅)မိနစ်မှာ ယွတ်သနာရုန်နဲ့ နောက်ဆုံး ဖုန်းအဆက်အသွယ်ရခဲ့တာပါ။ သူမဟာ နောက်ထပ် နာရီဝက် အတွင်း အိမ်ပြန်လာမယ့် ယွတ်သနာရုန်ကိုစောင့်မျှော်နေခဲ့ပါတယ်။ ယွတ်သနာရုန်ကလည်း အဲဒီ ပစ္စည်း ပို့ပေးပြီးရင်တော့ အလုပ်သိမ်း အိမ်ပြန်လာတော့မှာပါ။

သို့ပေမယ့် သူမဟာ နောက်ထပ်နာရီဝက်လောက်အကြာမှာ ယွတ်သနာရုန်ကို ဖုန်းခေါ်ကြည့်တော့ အဆက်အသွယ်မရတော့ပါဘူး။ ယွတ်သနာရုန်ရဲ့ ဖုန်းဘက်ထရီအားကုန်သွားလို့ ဖြစ်မယ်လို့ပဲ သူမက ထင်နေခဲ့မိတာပါ။ အဲဒီညမှာ သူမအိပ်လို့ မရခဲ့ပါဘူး။ နောက်နေ့မနက်မှာတော့ ယွတ်သနာရုန်ရဲ့အစ်ကိုက သူမကို ဖုန်းခေါ်လာပြီး ရဲဖက်ဆိုင်ရာ အထွေထွေဆေးရုံကို လိုက်လာခဲ့ဖို့ အကြောင်းကြားလာပါတယ်။ အဲဒီအချိန်ထိ သူမဟာ ယွတ်သနာရုန်နဲ့ပတ်သက်လို့ ထွေထွေထူးထူး ဘာတစ်ခုမှ ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ အဆိုးဆုံးဖြစ်ရင် ကားမတော်တဆမှုလောက်ဖြစ်မယ်လို့ပဲ သူမ ထင်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံကို သူမရောက်တဲ့အချိန်မှာတော့ သူမရဲ့ကမ္ဘာတစ်ခုလုံး ပြိုလဲသွားခဲ့ပါတယ်။

“ကျွန်မ မနေ့ညက တညလုံး ယွတ်သနာရုန်ကို ဖုန်းခေါ်ခဲ့ပါသေးတယ်။ နောက်တစ်နေ့ မနက်မှာတော့ သူ့အစ်ကိုက ကျွန်မကို ဖုန်းနဲ့ ဆက်သွယ်လာပါတယ်။  တကယ်တော့ သူ့အစ်ကိုက သူသေသွားပြီဆိုတာကို သိနှင့်ပြီးသား ဖြစ်နေပါပြီ။ ဒါပေမယ့် သူလည်း ကျွန်မကို ပြောမထွက်ခဲ့ဘူးထင်ပါတယ်။ သူက သူနဲ့အတူ ဆေးရုံလိုက်ခဲ့ဖို့ ခေါ်ပါတယ်။ ကျွန်မထင်တာက ယွတ်သနာရုန်တစ်ယောက် သာမန်မတော်တဆမှုနဲ့ တွေ့လို့ ဆေးရုံကို လိုက်ကြည့်ခိုင်းတယ်လို့ ထင်ခဲ့တာပါ။ ဆေးရုံရောက်တဲ့အခါမှာတော့ ကျွန်မမှာ ခံနိုင်ရည်လုံးဝကို မရှိခဲ့တော့ပါဘူး။” လို့ ယွတ်သနာရုန်နဲ့ လက်ထပ်မယ့်သူ ခရစ်ဆူဒါ နရွန်ပလင်းဆိုသူ အမျိုးသမီးက ပြောပြခဲ့ပါတယ်။

ခရစ်ဆူဒါဟာ ယွတ်သနာရုန်နဲ့ (၆)နှစ်တာမျှ အတူနေထိုင်ခဲ့ပြီး မကြာခင်အချိန်မှာ လက်ထပ်ဖို့ စီစဉ်ထား  ကြသူများ ဖြစ်ပါတယ်။ ခရစ်ဆူဒါရဲ့မိဘများကတော့ ယွတ်သနာရုန်ဟာ ခရစ်ဆူဒါနဲ့ အသက်ကွာနေတာမို့ အိမ်ထောင်တစ်ခု ထူထောင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆထားကြပါတယ်။ အဲဒီအယူအဆမှားကြောင်းကို သက်သေပြဖို့ သူတို့ကလည်း လက်ထပ်ဖို့ စီစဉ်ထားခဲ့ကြတာပါ။

သေဆုံးသွားခဲ့တဲ့ ယွတ်သနာရုန်နှင့် သူ့ချစ်သူ ခရစ်ဆူဒါ
“ယွတ်သနာရုန်ဟာ အတည်တကျဖြစ်တဲ့ ဆက်ဆံရေးမျိုးကို    လက်ခံနိုင်ပါ့မလားလို့ ကျွန်မရဲ့ မိဘတွေ စိတ်ပူမိခဲ့ကြပါတယ်။ ကျွန်မတို့ကို အတူနေထိုင်ခွင့်ပြုခဲ့ပေမယ့် ကလေးတော့ ယူခွင့်မပေးခဲ့ပါဘူး။ ဒါပေမယ့်  ကျွန်မတို့နှစ်ယောက် လက်ထပ်ပြီး ကလေးယူဖို့ စီစဉ်ခဲ့ကြပါတယ်။ သူက သမီးမိန်းကလေး လိုချင်တာလေ။” လို့    ခရစ်ဆူဒါက ဆိုပါတယ်။

ယွတ်သနာရုန်မှာ အလုပ်အကိုင်နှစ်မျိုးရှိပြီး တစ်မျိုး   ကတော့ ပစ္စည်းပို့ဆောင်တဲ့ ပြာတာအလုပ်ဖြစ်ပြီး နောက်တစ်မျိုးကတော့ ဆိုင်ကယ်တက္ကစီ ဆွဲတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ သူဟာ မနက်(၅)နာရီဆို အိပ်ယာထတတ်ပြီး အပိုဝင်ငွေရအောင် ဆိုင်ကယ်တက္ကစီ ဆွဲပါတယ်။ မ    နက်ဆိုရင် ခရစ်ဆူဒါကို သူမရဲ့ ရုံးခန်းမှာ အရင်ချထား  ပြီးမှ သူ့အလုပ်ကို သွားတတ်ပါတယ်။ သူ့ရဲ့ဆိုင်ကယ်တက္ကစီအလုပ်နဲ့ အခြားအပိုစောင်း အလုပ်အကိုင်လေးတွေကနေ တစ်နေ့ကို ဘတ် (၁၅၀၀)လောက်    ၀င်ငွေရရှိခဲ့ပါတယ်။ သူတို့စုထားတဲ့ ငွေလေး နဲ့ ဆာရာဘူရီမှာရှိတဲ့ ပေတစ်ရာပတ်လည် မြေကွက်တစ်  ကွက်ကို ၀ယ်ယူထားခဲ့ပါတယ်။ အဲဒီ မြေကွက် ကလည်း သူမရဲ့မိဘတွေအိမ်နဲ့ သိပ်မဝေးပါဘူး။

“မြေကွက်ဝယ်ဖြစ်သွားတာက ကျွန်မရဲ့စိတ်ကူးပါ။ ကျွန်မမိဘတွေက အသက်ကြီး လာကြပြီဆိုတော့ သူတို့နဲ့ နီးနီးနားနားနေချင်တာ ကျွန်မဆန္ဒပါ။ အဲဒီနေရာမှာနေရင် သူ့အလုပ်ပြောင်းရမှာကို သိရက်နဲ့ သူက လုံးဝ မကန့်ကွက်ခဲ့ပါဘူး။ သူက ကျွန်မမိသားစုဝင်တွေ သူ့ကို သဘောကျနှစ်သက်လာအောင်လို့ ကျွန်မတို့အတွက် အမြဲတစေ စဉ်းစားပြီး လိုက်လျောပေးခဲ့သူလည်း ဖြစ်ပါတယ်” လို့ ခရစ်ဆူဒါကဆိုပါတယ်။

ယွတ်သနာရုန်ဟာ ခရစ်ဆူဒါကို တကယ်ကြည့်ရှုစောင့်ရှောက်ခဲ့သူဖြစ်ရုံမက လွှမ်းမိုးနိုင်မှုရှိသူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ သူ့ကြောင့် သူမဟာ ယခုတော့ စိတ်ရှည်တဲ့သူ၊ ရင့်ကျက်တဲ့သူဖြစ်လာခဲ့ပါပြီ။ “လွန်ခဲ့တဲ့ (၆)နှစ်တုန်းက ကျွန်တို့နှစ်ယောက် စကားများခဲ့ဖူးတယ်။ ကျွန်မက စိတ်တွေလှုပ်ရှားပြီး ဂဏာမငြိမ်ဖြစ်နေ ချိန်မှာ သူကတော့ အားလုံး ငြိမ်သက်သွားတဲ့ အထိစောင့်နိုင်ခဲ့တယ်။ ကျွန်မတကယ်ပဲ ပြောင်းလဲသွားတယ်လို့ သူများတွေကပြောတယ်။သူ့ကြောင့် ကျွန်မမှာ ပြောင်းလဲမှုတွေ ရှိလာခဲ့တယ်ဆိုတာ ကိုလည်း သူများတွေကသိတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မပြောင်းလဲလာခဲ့ပါတယ်။”လို့ ခရစ်ဆူဒါက ပြောပါတယ်။

အသက် (၄၄)နှစ်အရွယ်ရှိ ဖခဖုန် စင်ဂလာဆိုသူကတော့ သေဆုံးသူ ယွတ်သနာရုန်ရဲ့အစ်ကိုကြီးဖြစ်ပြီး အင်္ဂါနေ့မနက်ပိုင်းမှာ ရဲဖက်ဆိုင်ရာအထွေထွေဆေးရုံမှ ၀န်ထမ်းတစ်ဦးဟာ အလောင်းလာယူဖို့ သူ့ကို    ဆက်သွယ်လာခဲ့ပါတယ်။ သူကလည်း ညီဖြစ်သူ ယွတ်သနာရုန်ကို အကူအညီပေးဖို့ နိုင်ငံတော်ကို        တောင်းဆိုခဲ့ပါတယ်။

“ကျွန်တော့်ညီမှာ အရင်မိန်းမနဲ့ရထားတဲ့ ဆူပါဝပ်နဲ့ နတ်တသ၀ပ်ဆိုတဲ့ သားနှစ်ယောက်ရှိပါတယ်။ သူဟာ မိသားစုအတွက် အဓိက ၀င်ငွေရှာပေးနေသူပါ။ ကျွန်တော်ကတော့ ဗုံးဒဏ်သင့်တဲ့ ပြည်သူတစ်ဦးရဲ့မိသားစုဝင် တစ်ဦးအနေနဲ့ ဗုံးဖောက်ခွဲသူကို အမြန်ဆုံးရှာဖွေပေးဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို အစိုးရမှတဆင့် တောင်းဆိုထားပါတယ်။”လို့ အစ်ကိုဖြစ်သူက ပြောဆိုထားပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/general/663600/woman-world-falls-apart-as-boyfriend-slain 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved