ကင်ဆာနဲ့သေဆုံးသွားသော ဇနီးသည်ကို ရည်စူးပြီး နေကြာပန်းဧက (၄၀၀)ခန့် စိုက်ပျိုးခဲ့သူ

Friday, August 28, 2015


ဗက်ဘက်တီအတွက် ရည်စူးစိုက်ပျိုးထားတဲ့ ဧက ၄၀၀ ရှိသော နေကြာပန်းခင်းကြီး

ဗက်ဘက်တီဆိုသူအမျိုးသမီး၏ အနှစ်သက်ဆုံးပန်းမှာနေကြာပန်းဖြစ်ပါတယ်။ သူမဟာ အသက် (၆၆)နှစ်အရွယ်၊ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့အခါမှာတော့ သူမရဲ့အမျိုးသားဟာ သူမအတွက် ရည်စူးပြီး နေကြာပန်းပင် ဧက (၄၀၀)ခန့် စိုက်ပျိုးခဲ့ပါတယ်။

“သူမဟာ ရုပ်ရည်ရူပကာရော၊ စိတ်နှလုံးပါ လှပတဲ့သူပါ” လို့ ဗက်ဘက်တီရဲ့ခင်ပွန်းသည်ဖြစ်သူ ဂျကွက်ရှ်က ABC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဂျကွက်ရှ်အဖို့ Eau Claire ဒေသရှိ ၀စ်ကောစင်း အမှတ်(၈၅) အမြန်လမ်းမကြီးနဲ့ အပြိုင် နေကြာပန်းပင်တွေ စိုက်ပျိုးဖို့ အချိန်တစ်ပတ်ယူခဲ့ရတာပါ။

အဲဒီနေကြာပန်းပင်တွေကို ပြီးခဲ့တဲ့ ဇွန်လက စတင်စိုက်ပျိုးခဲ့ပြီး ရရှိလာတဲ့ နေကြာစေ့များကို ရောင်းချကာ ရလာတဲ့ အမြတ်ငွေအချို့ကို ဆေးရုံ၊ ဆေးသုတေသနနဲ့ လူနာများထံသို့ ပေးလှူဖို့ စီစဉ်ထားပါတယ်။

ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ ဗက်ဘက်တီ

နေကြာပင်တွေကို စိုက်ပျိုးထားတဲ့ မြေကတော့ ဂျကွက်ရှ်ရဲ့ကိုယ်ပိုင်မြေမဟုတ်ပါဘူး။ အိမ်နီးချင်းတစ်ဦးဆီက သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ငှားရမ်းလို့ရခဲ့တဲ့မြေသာ ဖြစ်ပါတယ်။ စတင်စိုက်ပျိုးပြီး (၇၅)ရက်ကြာအကြာ ဒီလမှာတော့ နေကြာပန်းများ ဖူးပွင့်လို့လာခဲ့ပါပြီ။ “သူ့ကိုလူအများက နေကြာပန်းရဲ့အမျိုးသမီးတစ်ဦး”လို့ တင်စားခဲ့ကြတာပါ။ ဒါကြောင့် သူမကွယ်လွန်သွားတဲ့အခါ သူမကို ဂုဏ်ပြုတဲ့အနေနဲ့ အမှတ်(၈၅) အမြန်လမ်းမကြီးဘေးတစ်ဖက်တစ်ချက်မှာ ၄ မိုင်ခွဲလောက်ရှည်လျားတဲ့ နေကြာပန်းပင်တန်းကြီးကို စိုက်ပျိုးခဲ့တာပါ လို့ ခင်ပွန်းသည်ဖြစ်သူ ဂျကွက်ရှ်က ဆိုပါတယ်။

ကောက်ပဲသီးနှံစိုက် လယ်သမားတစ်ဦးဖြစ်တဲ့ ဂျကွက်ရှ်ဟာ ဗက်ဘက်တီဆိုသူ အမျိုးသမီးနဲ့ (၁၉၇၂)ခုနှစ်ကတည်းက စတင်ရင်းနှီးခဲ့တာပါ။ အဲဒီအချိန်မှာ ဗက်ဘက်တီက သူ့ကို သီးနှံစိုက်ပျိုးရေး ပစ္စည်းတွေ ရောင်းချခဲ့သူဖြစ်ပြီး (၂၀၀၀)ခုနှစ်မှာတော့ သူတို့နှစ်ဦးဟာ အိမ်ထောင်တခုကို ထူထောင် ခဲ့ကြပါတယ်။ သူတို့နှစ်ဦးစလုံးအတွက် ဒါဟာ ဒုတိယမြောက်အိမ်ထောင်လည်း ဖြစ်ပါတယ်။ “ဗက်ဘက်တီကို မြင်တဲ့သူတိုင်း ချစ်ခင်နှစ်သက်သွားတတ်ကြပါတယ်။ ကျွန်တော်ကတော့ သူ့အချစ်ကိုရလိုက်တဲ့ ကံကောင်းသူ တစ်ဦးပေါ့ဗျာ” လို့ ဂျကွက်ရှ်က ဆိုပါတယ်။

ကွယ်လွန်သွားခဲ့တဲ့ ဗက်ဘက်တီနှင့် သူ့ခင်ပွန်း ဂျကွက်ရှ် တို့ သားသမီးဆွေမျိုးများနှင့်အတူ 

“သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတာ။ ဘာကိစ္စပဲဖြစ်ဖြစ် တစ်ယောက်လိုအပ်ချက်ကို တစ်ယောက် အမြဲဖြည့်ဆည်းပေးခဲ့သူတွေပေါ့” လို့ ဗက်ဘက်တီရဲ့သမီးဖြစ်သူ ဂျယ်နီဝှိုက်က ABC သတင်းဌာနကို ပြောပြထားပါတယ်။

ဗက်ဘက်တီမှာ သွေးဖြူဥကင်ဆာရောဂါရှိနေကြောင်း(၂၀၀၆)ခုနှစ်တွင် စတင်သိရှိခဲ့ရပြီးနောက် သူတို့ပိုင်ဆိုင်တဲ့ မြေကွက်ပတ်လည်မှာ နေကြာပင်ပေါင်း ဧက(၁၀၀)ကျော်ခန့် စိုက်ပျိုးခဲ့ပါတယ်။ နောက်နှစ်အနည်းငယ်ကြာမှာတော့ နေကြာပန်းက ရတဲ့ နေကြာစေ့တွေကို ရောင်းချပြီး ရရှိလာတဲ့ ငွေကြေးများကို ကင်ဆာရောဂါ သုတေသန အတွက်လှူဒါန်းမယ်ဆိုတဲ့စိတ်ကူးကို ဂျကွက်ရှ်က ဇနီးသည် ဗက်ဘက်တီကို ပြောပြခဲ့ပါတယ်။ အဲဒီနှစ်တွေမှာ ဗက်ဘက်တီဟာ ကင်ဆာရောဂါကုသမှုပုံစံပေါင်း (၂၂)မျိုးကို စမ်းသပ်ကုသခံခဲ့ပါတယ်။

“သုတေသနလုပ်ငန်းတွေရဲ့အသက်က စမ်းသပ်ခြင်း ဆိုတာကို သူမသိခဲ့ပါတယ်။ သူမဟာ နောက်ထပ် (၂)ပတ်ပဲ နေထိုင်ရတော့မှာဆိုတဲ့ မျှော်လင့်ချက်ကနေ နောက်ထပ်(၂)လ၊ အဲဒီနောက်မှာ နောက်ထပ်(၉) နှစ်ကြာတဲ့အထိ အသက်ရှင်နေထိုင်သွားနိုင်ခဲ့ပါတယ်။ သူမကတော့ တစ်နေ့ထက်တစ်နေ့ သူမရဲ့ ကင်ဆာရောဂါပျောက်ဖို့ နီးလာပြီဆိုတဲ့ ယုံကြည်ချက်နဲ့ အသက်ရှင်ခဲ့တာပါ။” လို့ ဂျကွက်ရှ်က ဆိုပါတယ်။

“ကံဆိုးစွာပဲ နောက်ပိုင်းနှစ်တွေမှာ သူမရဲ့ကျန်းမာရေးဟာ တဖြည်းဖြည်းကျဆင်းလို့ လာခဲ့ပါတယ်။ သူမဒီလိုဖြစ်နေချိန်မှာ နေကြာပန်းရောင်းချရေးအစီအစဉ်ကို အစပြုဖို့ ခက်ခဲခဲ့ပါတယ်” လို့ သမီးဖြစ်သူ ဂျယ်နီဝှိုက်က ဆိုပါတယ်။ ဗက်ဘက်တီမဆုံးခင် တစ်လအလို နိုဝင်ဘာလ (၁ရ) ရက်နေ့ (၂၀၁၄)မှာ ဗက်ဘက်တီရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ “ဗက်ဘက်တီရဲ့ မျှော်လင့်ခြင်း နေကြာစေ့များ” (Babbette’s Seeds of Hope) အမည်နဲ့ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ်။ “ သူမသာသိရင် အခုလောက်ဆို ပြုံးရွှင်လို့ နေမှာပါ။ လုပ်ငန်းအတွက်လည်း ရလဒ်ကောင်းတွေ အများကြီးရခဲ့ပါတယ်။ ကမ္ဘာအနှံ့မှာရှိတဲ့ လူတွေဆီက အီးမေးလ်ပေါင်းများစွာ ရရှိခဲ့ပါတယ်” လို့ ထပ်လောင်း ပြောဆို ထားပါသေးတယ်။

ဗက်ဘက်တီရဲ့မိသားစုကို အားပေးတဲ့အနေနဲ့ Eau Claire မှာရှိတဲ့ တစ်ခါပွင့်ရင် နှစ်ပတ်လောက်သာကြာတဲ့ နေကြာပန်းခင်းကြီးကို ဧည့်သည်ပေါင်းများစွာ လာရောက်ကြည့်ရှုကြပါတယ်။ “ ဒီနေကြာပန်းခင်းကြီးက ချစ်ခြင်းမေတ္တာကို ဖော်ကျုးနေတဲ့ ပန်းခင်းကြီးဖြစ်စေချင်ပါတယ်။ ၄မိုင်ခွဲလောက် ရှည်လျားတဲ့ ပန်းခင်းကြီးဟာ ကြည့်လိုက်တိုင်း လှပခန့်ညားနေပါတယ်။ ကျွန်မရဲ့မိခင်ဟာလည်း အဲဒီပန်းခင်းကြီးလိုပါပဲ။ သူမရဲ့ ဘ၀၊ သူမ လုပ်ဆောင်ခဲ့တဲ့ အရာအားလုံးဟာလည်း လှပခန့်ညားလို့ နေပါတယ်” လို့ သမီးဖြစ်သူက ရင်ဖွင့်ထားပါတယ်။


“ဗက်ဘက်တီရဲ့မျှော်လင့်ခြင်း နေကြာစေ့များ”ဟာ မကြာခင်မှာဝယ်ယူဖို့ အသင့်ဖြစ်တော့မှာပါ။ (၂၅)ပေါင် နေကြာစေ့ထုပ်တစ်ထုပ်တိုင်းမှာ ဗက်ဘက်တီရဲ့အတ္ထုပတ္တိကို ထည့်သွင်းဖော်ပြထားမှာဖြစ်ပါတယ်။ သူမကို ဂုဏ်ပြုတဲ့အနေနဲ့ နေကြာပင်များကို နှစ်စဉ်စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။

“နေကြာစေ့တစ်ထုပ်ရဲ့ရောင်းဈေးကို မသတ်မှတ်ရသေးသလို ရရှိမယ့်ဝင်ငွေထဲက လှူဒါန်းသွားမယ့် ပမာဏကိုလည်း မဆုံးဖြတ်ရသေးပါဘူး။ တချိန်မှာတော့ ကင်ဆာရောဂါဆိုတာကို ပျောက်ကင်းအောင် ကုသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှလည်း အခြားမိသားစုတွေဟာ ကျွန်တော်တို့ မိသားစု ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံမျိုးကို မခံစားကြရမှာပါ” လို့ ဂျကွက်ရှ်ကဆိုပါတယ်။



ခင်အေးမြလွင် 

ကိုးကားသတင်း။ ။http://abcnews.go.com/Lifestyle/wisconsin-man-plants-mile-stretch-sunflowers-tribute-wife/story?id=33139867 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved