ဇင်မာသော် (ခ)ဂျူလီယာ
၂၅ နှစ်
B.A (English) ၊ မန္တလေးမြို့
ကျမက လက်ရှိ မန်းရတနာပုံလေကြောင်းလိုင်းမှာ Customer Service အလုပ်လုပ်နေပါတယ်။ ဒီလေကြောင်းလိုင်းမှာ မလုပ်လုပ်ခင် အန်တီဝါဝါဝင်းရွှေရဲ့ မူကြိုကျောင်းမှာ ဆရာမအဖြစ် တနှစ်ခွဲလောက် အလုပ်လုပ်ခဲ့ပါတယ်။ ပညာရေး ကတော့ B.A (English) နဲ့ ကျောင်းပြီးထားပါတယ်။
အခုလက်ရှိ တနိုင်ငံလုံးမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရတယ်။ ကျမတို့ဘက်က တတ်နိုင်တဲ့ဘက်ကနေ အကူအညီတွေပေးနေပါတယ်။ အဓိကကတော့ ရေဘေးအတွက် ရန်ပုံငွေ အရင်ရအောင်ရှာတယ်။ အလှူ မလုပ်ခင် Survey အရင်လုပ်တယ်။ ဘယ်ရွာတွေမှာ ဘယ်လောက်မြုပ်နေပြီလဲ၊ တရွာမှာ အိမ်ခြေ ဘယ်လောက်ရှိလဲ၊ဘာတွေ အဓိက လိုအပ်နေတာလဲဆိုတာကို အရင်ဆုံးသိအောင် Survey ဆင်းတယ်။
အလှူတိုင်းအလှူတိုင်း လိုအပ်တာမှန်သမျှကို ကျမတို့ Survey ဆင်းပြီး တတ်နိုင်သမျှ အကုန် ကူညီ လှူဒါန်းပေးတယ်။ ကျမက ရန်ကုန်စေတနာရှင် လူငယ်များအသင်းကပါ။ “ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များကွန်ရက်”က ကျမတို့လို အဖွဲ့သေးသေးလေးတွေ စုစည်းထားပါ။ ကျမက ၂၀၁၃ ခုနှစ်မှာ ရန်ကုန်စေတနာရှင် လူငယ်များအသင်းမှာ စပြီး ပါဝင်ခဲ့တာဆိုတော့ ကွန်ရက်နဲ့အတူ လုပ်နေတာတော့ တနှစ်ကျော်ပဲရှိသေးတယ်။
ကျမက အစတုန်းက ရန်ကုန်မှာနေတုန်းက ကွန်ရက်ရဲ့ လှုပ်ရှားမှုတိုင်းကို လုပ်ဖြစ်တယ်။ အခု မန္တလေးပြန်ရောက်တာက မကြာသေးဘူး။ (၇) လ၊ (၈) လလောက်ပဲ ရှိပြီဆိုတော့ ကွန်ရက်က လိုတာမှန်သမျှ မန္တလေးက ဖြည့်ဆည်းပေးတယ်။ ရေဘေးနဲ့ ပတ်သက်ပြီး အဓိကက Facebook ကနေ ကွန်ရက်က တင်တဲ့ ပို့စ်တွေ Share တယ်၊ ကွန်ရက်က Survey တွေလုပ်တယ်၊ ဘယ်ရွာတွေမှာ ဘာတွေလိုနေလဲဆိုတာ အွန်လိုင်းကနေ တောက်လျှောက်တင်ပေးတယ်။
Survey လုပ်တဲ့အစ်ကိုတွေပေးပို့တဲ့ သတင်းတွေကို မူတည်ပြီး ကွန်ရက်က လိုအပ်တာလေးတွေကို Facebook မှာ Status အဖြစ် တင်ပေးတယ်။ ကျမက အွန်လိုင်းကနေ တောက်လျှောက် Share ပေးတယ်။ အလှူငွေတွေက အွန်လိုင်းကနေလည်း ရတယ်။ မန္တလေးမြို့ထဲမှာဆိုလည်း ကျမက လိုက်ကောက်ပေးတယ်။
ကျမ ရေဘေးကယ်ဆယ်ရေးအနေနဲ့ ကောလင်းဒေသဘက်ကို သွားတယ်။ ပြီးခဲ့တဲ့အပတ်ကမှ ပြန်လာတယ်။ ကောလင်းဘက် မတိုင်ခင်အလှူငွေ လိုက်ကောက်ပေးတယ်။ ကောလင်းက ပြန်လာပြီးတော့ မန္တလေးမှာ “အရိပ်စစ်”ဆိုတဲ့ ပရဟိတအဖွဲ့နဲ့ ပူးပေါင်းပြီး ဂစ်တာတီး သီချင်းဆို၊ အလှူငွေ ကောက်ခံတာတွေ လုပ်ခဲ့ပါတယ်။
ကောလင်း အတွေ့အကြုံကိုပြန်ပြောပါဆိုရင် ကောလင်းက ပထမဦးဆုံး ရေကြီးတဲ့နေရာလိုမျိုး ဖြစ်သွားလို့လား မသိဘူး၊ တော်တော်လေး အဆင်ပြေတယ်၊ အလှူရှင် တော်တော်များများ ရောက်တယ်။ အလှူရှင် တော်တော်များများ ရောက်တယ်ဆိုတာမြို့ပေါ်ဘုန်းကြီးကျောင်းတွေမှာ လှူထားတာ တော်တော်စုံတယ်။ ဟိုးဘက် ရေလမ်းနဲ့ တော်တော်သွားရတဲ့ ဘက်တွေကျတော့ သွားနိုင်တဲ့ ပရဟိတအဖွဲ့တွေက သွားတယ်။ လက်ရှိ ကောလင်း မှာတော့ ရေကျနေပါပြီ။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဖို့ပဲ ကျန်ပါတော့ တယ်။
ကျမတို့ အဲဒီမှာရွာကိုးရွာကို သွားခဲ့တယ်။ ရေမကျသေးတဲ့ ရွာတွေကို တရက်ချင်း စက်လှေစီးပြီး သွားရ တယ်။ နေရာတချို့ဆို သွားတဲ့ တကြောလုံးမှာ ရွှေတူးထားတော့ ချိုင့်တွေရှိတယ်။ ချိုင့်တွေရှိတော့ အရမ်းရေစီးသန်တဲ့ နေရာတွေရှိတယ်။ အန္တရာယ်လည်း အရမ်းများတယ်။ ရွာသူရွာသားတွေတောင် စက်လှေကို သေချာသတိထားပြီး မောင်းရတယ်။ အဲဒီနေရာတွေမှာ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ စားဖွယ်ရာတွေရယ် ၊ဆေးတွေရယ် ကျမတို့တတ်နိုင်တာတွေ အကုန်လှူဒါန်းခဲ့တယ်။
နောက်ထပ် ဘယ်ဒေသတွေကို ဆက်လက်လှူဒါန်းသွားဖို့ အစီအစဉ်ရှိလဲဆိုတော့ ကျမတို့ “ရန်ကုန် အခြေစိုက် ပရဟိတလူငယ်များကွန်ယက်အဖွဲ့” အနေနဲ့ လှူပြီးသွားတာရယ်၊ လှူနေဆဲနေရာက စုစုပေါင်း ၂၁ နေရာရှိပြီ။ မြန်မာနိုင်ငံအနှံ့အပြားလို့ ပြောလို့ရပြီ။ ရေကြီးတဲ့ နေရာဒေသပေါင်းစုံကို ဆက်ပြီး Survey ဆင်းနေတယ်။ အခု ကလေး၊ တီးတိန်တို့ဘက်ကိုလည်း ရောက်နေပြီ။ သာယာဝတီဒေသဘက်တွေကိုလည်း လှူနေဆဲပဲ။ နောက်ထပ်လည်း လှူဖို့ရှိပါတယ်။
အခုလို ပရဟိတအလုပ်တွေလုပ်နေရတဲ့အတွက် ဘယ်လိုမျိုးစိတ်ခံစားချက်ဖြစ်မိလဲဆိုရင် ကိုယ့်စိတ်နဲ့ကိုယ်ဆို အကြီးကြီးလုပ်ပေးချင်တယ်၊ ဒါပေမယ့် ကိုယ်လုပ်ပေးနိုင်တဲ့ အတိုင်းအတာတခု၊ အခြေအနေတခုမှာတော့ သူတို့ အဆင်ပြေအောင် လုပ်ပေးပါတယ်။ အခုလိုမျိုး ရေဘေးတွေ မြင်ရတာလည်း တကယ်စိတ်မကောင်းဘူး။ ကိုယ်သာ အဲဒီနေရာမှာဆို ဘယ်လိုများနေမလဲလို့ တွေးမိတယ်။
ပရဟိတကို ဘယ်အရွယ်ကတည်းကစလုပ်ဖြစ်ခဲ့လဲဆိုတော့ ဆယ်တန်းပြီးကတည်းက ဆရာတော် အရှင်ဆေကိန္နအဖွဲ့မှာ စပြီးလုပ်ဖြစ်ခဲ့တယ်။မန္တလေးမှာဆိုရင် စိတ္တလူငယ်အသင်းမှာ ၂၀၀၇-၂၀၀၈ လောက် ကတည်းက မုံရွာက ဘိုးဘွား ရိပ်သာဘက်တွေနဲ့ကလေးငယ်တွေ စာသင်ကြားပေးတာတွေ၊ ဘက-ပညာရေး ကျောင်းတွေမှာ ပရဟိတအလုပ်တွေ လုပ်ဖြစ်တယ်။
ကျမ ငယ်ငယ်တုန်းက ဆရာဝန်ဖြစ်ချင်တာ၊ ဒါပေမယ့် မဖြစ်ခဲ့ပါဘူး။ အခုလုပ်နေတဲ့ အလုပ်ထဲမှာပဲ အဆင်ပြေအောင် ကြိုးစားနေပါတယ်။ ကျမရဲ့ ဘဝရည်မှန်းချက်က အခုလက်ရှိ လုပ်နေတဲ့ လေကြောင်းလိုင်းမှာ ရေရှည်နဲ့ဖြည်းဖြည်းချင်းပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်လည်း ရပ်တည်နိုင်တယ်။ ကိုယ်တတ်နိုင်လေးတွေနဲ့ပဲလိုအပ်တဲ့ ပြည်သူတွေကို ဖြည်းဆည်းပေးတဲ့ လူတယောက်ဖြစ်ရင် ကျေနပ်ပါပြီ။
ပရဟိတ အလုပ်တွေလုပ်ကိုင်နေတဲ့ လူငယ်တွေကို ဘယ်လိုမြင်မိလဲဆိုရင် အကုန်လုံးကို အရမ်းလေးစားတယ်။ အခုဆိုရင်ကောလင်းဘက်မှာ အသက် (၁၆)နှစ် ကလေးလေးတွေ ပရဟိတမှာ ပါလာတယ်။ ပရဟိတ လုပ်တဲ့ ညီအစ်ကို၊မောင်နှမတွေ အားလုံး အကုန်လုံးကို လေးစားပါတယ်။ ဒီထက်မကလည်း ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီနိုင်ပါစေလို့။
ရည်မှန်းချက် ပန်းတိုင်အသီးသီးကို လျှောက်လှမ်းနေတဲ့ လူငယ်တွေကိုတော့ ကိုယ်လုပ်ချင်တယ်၊ကိုယ်ဖြစ်ချင်တယ်ဆိုရင် တကယ်မဖြစ်ဘူးဆိုတာ မရှိဘူး။ “Nothing is Impossible” ဆိုတဲ့စကားလိုပဲ ကိုယ် တကယ်ဖြစ်ချင်တယ်ဆိုရင် တကယ်ဖြစ်နိုင်ပါတယ်၊ ကိုယ်တကယ် ကြိုးစားဖို့ပဲလိုပါတယ်လို့ ပြောချင်ပါ တယ်။
သီဟတိုး
0 comments :
Post a Comment