ရေဘေးသင့်ပြည်သူတွေအတွက် ရွှေ့ပြောင်းလွယ် သံယင်လုံအိမ်သာ

Thursday, August 27, 2015


ဓာတ်ပုံများ - ကောင်းမြတ်မင်း/ The Irrawaddy

နိုင်ငံတဝှမ်းရေကြီးရေလျှံမှုတွေဖြစ်ပွားပြီးနောက် ကျေးလက်နေပြည်သူများရဲ့စားဝတ်နေရေး အခက်အခဲများကို ပရဟိတအသင်းအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ အစိုးရဌာနဆိုင်ရာတွေနဲ့ တသီးပုဂ္ဂလ       အလှူရှင်တွေက တက်နိုင်တဲ့ဘက်က ကူညီလှူဒါန်းမှုတွေ မြင်တွေ့ခဲ့ရပါတယ်။

တချို့ကျေးလက်ဒေသတွေမှာတော့ စားစရာနဲ့ နေစရာတွေ အဆင်ပြေသွားပေမယ့် စားပြီရင် စွန့်ရတဲ့ကိစ္စအတွက် အိမ်သာတွေလိုအပ်နေပါတယ်။


အဲဒီလို အိမ်သာတွေလိုအပ်နေတဲ့ ကျေးလက်ဒေသတချို့ကို ပြည်မြို့က ပရဟိတအသင်းတခုဖြစ်တဲ့ မိုးမေတ္တာ နာရေးကူညီမှုအသင်းက ရွှေ့ပြောင်းလို့ လွယ်ကူမယ့် သံနဲ့ပြုလုပ်ထားတဲ့ ယင်လုံအိမ်သာတွေကို အ  နယ်နယ်အရပ်ရပ်က အလှူရှင်တွေရဲ့အကူအညီတွေနဲ့ ဆောက်လုပ်လှူဒါန်းမှုတွေ စတင်နေပါပြီ။

ရေကြီးရေလျှံမှုရဲ့ နောက်ဆက်တွဲ ဝမ်းပျက်၊ ဝမ်းလျောရောဂါတွေ မဖြစ်ပွားမီ ကြိုတင်ကွာကွယ်တဲ့အနေနဲ့ ယင်လုံအိမ်သာတွေကို အမြန်ဆုံးလှူဒါန်းရခြင်းဖြစ်တယ်လို့ မိုးမေတ္တာနာရေးအသင်းက ကိုညီညီအောင်က ဧရာဝတီကို ပြောပါတယ်။
           

“ အဓိကတော့ ရောဂါဖြစ်တာကို ထိုင်စောင့်မနေပဲ မဖြစ်ခင် ကြိုတင်ကာကွယ်မှုတွေ အရင်ပြုလုပ်သင့်တယ်ထင်လို့ အခုလို ယင်လုံအိမ်သာတွေကို လိုက်လှူဒါန်းတာပါ။ ကျနော်တို့ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေပြုလုပ်ခဲ့တဲ့ ကျေးရွာ တော်တော်များများမှာ အိမ်သာတွေမရှိကြတော့ဘူး။ သူတို့ကြုံသလို ဖြေရှင်းနေရလို့ အခုလို ကူညီဖို့ စီစဉ်လိုက်ရတာပါ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒီလိုကိစ္စတွေမှာ မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျေးလက်နေ ပြည်သူတွေအတွက် ယင်လုံ အိမ်သာတွေ ပြန်လည်ဆောက်လုပ်နိုင်ဖို့ အ ရင်ဆုံးပြုလုပ်သင့်တယ်လို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်” ဟု ကိုညီညီအောင်က ဆက်ပြောပါတယ်။

မိုးမေတ္တာနာရေးအဖွဲ့က သံယင်လုံ အိမ်သာ အလုံး ၂၀ ကို ရွှေတောင်မြို့နယ် ညောင်စာရေးအုပ်စု လှေကြီးစုကျေးရွာမှာ ပထမဆုံး လာရောက်ဆောက်လုပ်လှူဒါန်းပေးခဲ့တာဖြစ်ပြီး ဖြုတ်လို့တပ်လို့ လွယ်ကူမယ့် သံမူလီတွေနဲ့ပြုလုပ်ထားတဲ့အတွက် ရေကြီးမှုတွေထပ်မံဖြစ်တဲ့အခါ အောက်ခြေက အုတ်ဖိနပ်မှာတက်ထားတဲ့ မူလီတွေကို ဖြုတ်ပြီး တခြားနေရာကို အလွယ်တကူရွှေ့ပြောင်းအသုံးပြုလို့ရသလို သစ်တွေဝါးတွေနဲ့ ပြုလုပ်တာမဟုတ်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုနည်းပါးပြီး ငွေကြေးကုန်ကျစရိတ်လည်းသက်သာတယ်လို့ သူကဆက်ပြောပါတယ်။

“ ကျနော်တို့အသင်းက အလှူရှင်တွေကို နမူနာပြတယ်။ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေလှူတာကို ကျနော်တို့က လိုအပ်တဲ့  ရွာတွေကိုသွားပြီး လိုက်ဆောက်ပေးတာပါ။ အခုလိုသံတွေသွပ်တွေနဲ့ ပြု         လုပ်တော့ ရွှေ့လို့ပြောင်းလို့ လွယ်သလို သစ်တွေဝါးတွေနဲ့ ဆောက်တာထက် ကုန်ကျစရိတ်သက်သာပါ တယ်။ အခုလို နိုင်ငံနဲ့တဝှမ်း ရေကြီးရေလျှံမှုတွေဟာ သစ်တောတွေမရှိပြုန်းတီးကုန်တာကြောင့်ဖြစ်တဲ့    အတွက် ပေါ့ပါးပြီး ရွှေ့ပြောင်းလို့လွယ်မယ့် သံနဲ့ပဲ ဆောက်လုပ်ခဲ့တာပါ။” လို့ ကိုညီညီအောင်က ပြောပါတယ်။

ပထမဆုံး သံယင်လုံအိမ်သာတွေလက်ခံရရှိခဲ့တဲ့ လှေကြီးစုကျေးရွာက အုပ်ချုပ်ရေးမှူး ဦးစံရွှေက
“ရွာမှာ ရေကြီးပြီး ရေပြန်ကျကတည်းက အဆင်ပြေသလို တောထဲသွားထိုင်လိုက်၊ ကမ်းနဖူးသွားလိုက်နဲ့  ဖြေရှင်းနေရတာ ညရေးညတာဆို ပိုလို့တောင် ဒုက္ခများသေးတယ်။ အခုလို လှလှပပ အိမ်သာလေးတွေ ရတော့ သိပ်အဆင်ပြေတာပေါ့။ ဝမ်းလည်းဝမ်းသာတယ်။ လှူဒါန်းပေတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူး  တင်ပါတယ်ဗျာ။”

သံယင်လုံအိမ်သာတလုံးရဲ့ကုန်ကျစရိတ်ကတော့ ကျပ်ငွေ ငါးသောင်းဖြစ်ပြီး တကယ်လို့ တခြားမြို့နယ်တွေက သံယင်လုံအိမ်သာဆောက်လုပ်လိုပါက လိုအပ်တဲ့သံထည်ပစ္စည်းတွေရဲ့ အတိုင်းအထွာတွေကိုလည်း    ပြည်မြို့ မိုးမေတ္တာ နာရေးအသင်းမှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။





ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved