အရေးပေါ်ကယ်ဆယ်ရေးအတွက် မရှိမဖြစ် Life Jacket

Friday, August 14, 2015




လတ်တလော မြန်မာနိုင်ငံရဲ့ နေရာဒေသ တော်တော်များများမှာ ရေလွှမ်းမိုးမှု ဒဏ်ကြောင့် ရေဘေးသင့်ပြည်သူအများအပြား ဒုက္ခရောက်ခဲ့ရပြီး ရေဘေးသင့် ပြည်သူတွေအတွက် ပရဟိတအဖွဲ့အစည်း အသီးသီးကနေကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ လှူဒါန်းမှုတွေကို တဖွဲ့ပြီးတဖွဲ့ အားတက်သရော လုပ်ဆောင်နေကြတာကို တွေ့မြင်နေရပါတယ်။

ဒီလိုမျိုး ရေဘေးသင့်ဒေသတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်လုပ်ကိုင်တာ၊ လှူဒါန်းမှုတွေ ပြုလုပ်တာစတဲ့ အများအကျိုးပြု ပရဟိတလုပ်ငန်းတွေ သွားရောက်တဲ့အခါ၊ ဒါမှမဟုတ် အဲဒီဒေသတွေကို သွားရောက်သတင်းယူတာ စတဲ့ အကြောင်းကိစ္စအမျိုးမျိုး ရေလွှမ်းမိုးနေတဲ့ ရေဘေးသင့်ဒေသတွေကို သွားရောက်မယ်ဆိုရင် မပါမဖြစ် သယ်သွားရမှာက Life Jacket လို့ ခေါ်တဲ့ သက်ကယ် အင်္ကျီပဲ ဖြစ်ပါ တယ်။

Life Jacket က သယ်ရတာ၊ ဝတ်ရတာ ပေါ့ပါးသလို Life Jacket ရဲ့ အသုံးဝင်မှုကလည်း ရေဘေးသင့် ဒေသတွေမှာဆိုရင် မရှိမဖြစ် အထူးလိုအပ် အသုံးဝင်ပါတယ်။ ရေလွှမ်းမှုခံထားရတဲ့ ဒေသတွေမှာဆိုရင် ရေအနိမ့်၊ အမြင့် အနစ်ကို ခန့်မှန်းဖို့ ခက်သလို ရေစီးမှု အတိုင်းအတာ ကြမ်းတမ်းမှု ရှိမရှိဆိုတာလည်း သိနိုင်ဖို့ ခက်ခဲတာကြောင့် အဲဒီဒေသတွေမှာ တနေရာကနေ တနေရာကို သွားလာမယ်ဆိုရင် Life Jacket မဖြစ်မနေကို ဝတ်ဆင်ရပါမယ်။

ပုံမှန် များအားသောအားဖြင့် အဲဒီဒေသမှာ နေထိုင်သူတွေက Life Jacket နဲ့ ပတ်သက်ပြီး ဗဟုသုတ အားနည်းကြသလို Life Jacket ရဲ့ အရေးပါပုံ အသုံးဝင်မှုတွေကိုလည်း သိကြတာ နည်းပါတယ်။ အခုဆိုရင်   ရေဘေးသင့်ဒေသတွေကို သွားရောက်ပြီး ကယ်ဆယ်ရေးပြုလုပ်သူတွေနဲ့ လှူဒါန်းမှု ပြုလုပ်နေသူတွေက လှူ ဒါန်းမှုတွေထဲမှာ အစားအသောက်၊ ဆေးဝါးတွေအပြင် Life Jacket တွေကိုပါ ထည့်သွင်း လှူဒါန်းမှုတွေ ပြုလုပ်လာတာကိုပါ တွေ့ရပါတယ်။

Life Jacket က ရေဘေးအန္တရာယ်ကြုံမှ အရေးပါ အသုံးဝင်တဲ့ ပစ္စည်းမျိုး မဟုတ်ပါဘူး၊ Life Jacket ကို အများစုက သင်္ဘောလိုက်နေတဲ့ သင်္ဘောသားတွေနဲ့ လေကြောင်းနဲ့ ခရီးသွားလာရတဲ့ Aircraft တွေမှာ အသုံးများပါတယ်။ ရေကြောင်းနဲ့ ခရီးသွားလာမယ်ဆိုရင် Speed Boat စီးတာဖြစ်ဖြစ်၊ ရိုးရိုးစက်လှေ၊ သမ္ဗာန်လှေစီးတာဖြစ်ဖြစ် Life Jacket ဝတ်ဆင်ပေးဖို့ လိုအပ်ပါတယ်။




အရေးကြုံလို့ အသက်အန္တရာယ်ဘေးတွေ့လာပြီဆိုရင် Life Jacket ကောင်းကောင်းတထည်က ကိုယ့် အသက်အန္တရာယ်ဘေးကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးသော ကာကွယ်ရေးပစ္စည်း တမျိုးဆိုရင် မမှားပါဘူး။ လှေစီးတာ၊ သင်္ဘောစီးတာ၊ ရေတိမ်တိမ် နက်နက် Life Jacket ကို ဝတ်ဆင်ထား    မယ်ဆိုရင် ဘယ်လို ဘေးအန္တရာယ်ပဲကြုံကြုံ အနည်းဆုံး အသက်အန္တရာယ်ကနေ ပထမအဆင့်           လွတ်မြောက်အောင် အကူအညီပေးနိုင်မှာပါ။

ရန်ကုန်မှာဆိုရင် ရန်ကုန်-ဒလ ပြေးဆွဲနေတဲ့ စက်လှေ သမ္ဗာန်အချို့မှာ Life Jacket တွေရဲ့ သန့်ရှင်းမှု အားနည်းတာ၊ အသုံးပြုမှု မလုပ်ကြတာကို တွေ့ရပါတယ်။ ဒါဟာ အင်မတန်အန္တရာယ်များပြီး အကယ်၍ အရေး  ကြုံလာပြီး ဘေးတွေ့လာမယ်ဆိုရင် အသက်အန္တရာယ်ဘေးကနေ လွတ်မြောက်ဖို့ အခွင့်အလမ်း အရမ်းကို နည်းပါးသွားပါတယ်။

အခုလို ရေဘေးအချိန်ခါမှာဆိုရင်လည်း ကယ်ဆယ်ရေးသွားရောက် လုပ်ကိုင်သူတွေအနေနဲ့ ကိုယ်တိုင် ဝတ်ဆင်ပြီး တနေရာနဲ့ တနေရာ ကယ်ဆယ်၊ လှူဒါန်းမှုတွေ သွားရောက်ပြုသင့်သလို အချိန်မရွေး ရေဘေးအန္တရာယ်ကြုံတွေ့လာနိုင်တဲ့ မြစ်ကမ်းနဘေး အနီးနားမှာနေထိုင်တဲ့ ဒေသခံတွေကိုလည်း Life Jacket ရဲ့အရေးပါမှု၊ အသုံးဝင်ပုံတွေကို သိလာအောင် ပညာပေး၊ ဗဟုသုတပေးလို့ သေချာပြောပြ လှူဒါန်း ပေး  သင့်တယ်လို့ ဆိုချင်ပါတယ်။

Life Jacket တွေက လူသားတွေအတွက်မှ မဟုတ်ပါဘူး။ ရေဘေးအန္တရာယ်ဆိုတာ လူသားတွေ သာမက လူတွေနဲ့အတူ နေထိုင်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေမှာလည်း ကြုံတွေ့နိုင်တာကြောင့် တိရစ္ဆာန်လေးတွေ ဝတ်နိုင်တဲ့ Life Jacket တွေလည်းရှိပါတယ်။ ကလေး၊ လူကြီး အရွယ်ဝတ် Life Jacket အရွယ်အစားစုံ၊ အမျိုးအစားစုံရှိပါတယ်။

Life Jacket ကို သဘာဝဘေးအန္တရာယ်ကြုံတွေ့လာတဲ့ အခါမှသာ ဝတ်ဆင်ရတာမျိုး မဟုတ်ဘဲ ရေလမ်းခရီးသွားတာ သို့မဟုတ် ပင်လယ်မှာ Speed Boat စီးတဲ့အခါ၊ အပျော်စီးရွက်လှေတွေ စီးတဲ့အခါ စတဲ့ အ    ပန်းဖြေခရီးတွေမှာလည်း မဝတ်မဖြစ် ဝတ်ဆင်သင့်ပါတယ်။ လက်ရှိ အရေးပေါ် ရေဘေး အန္တရာယ်          ကြုံတွေ့နေရတဲ့ ဒေသတွေမှာ Life Jacket ကို ဝယ်ယူ အသုံးပြုဖို့ အဆင်မပြေဘူးဆိုရင် နီးစပ်ရာမှာရှိတဲ့ ပလတ်စတစ် ရေသန့်ဗူးတွေနဲ့ ကိုယ်တိုင် လက်လုပ် Hand-made Life Jacket ပြုလုပ်အသုံးပြုနိုင်ပါတယ်။

Life Jacket အမျိုးအစား အမျိုးမျိုးရှိပြီး ဈေးနှုန်းအနေနဲ့ အနိမ့်ဆုံး Life Jacket တထည်ကို လေးထောင်ကျပ်၊ ငါးထောင်ကျပ်၊ ၈ထောင် တသောင်းကျပ်ကနေ သုံး၊ လေး၊ ငါးသောင်းအထိ ဈေးအစားစား ရှိပါတယ်လို့ သိရပါတယ်။ Life Jacket တွေကိုတော့ အားကစားပစ္စည်း အရောင်းဆိုင် အချို့နဲ့ ရှော့ပင်းစင်တာတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved