Flamingo Salad Bar

Wednesday, September 23, 2015




အနောက်တိုင်းစတိုင် အစားအသောက်တွေကို သင့်တင့်တဲ့ဈေးနှုန်း၊ ကောင်းမွန်သောအရသာနဲ့ အေးအေးလူလူ စားသောက်ချင်သူတွေအတွက် Salad အများအပြား ရနိုင်တဲ့ စားသောက်ဆိုင်ကောင်းတခုကို ရန်  ကုန်မြို့မှာ မကြာခင်က ဖွင့်လှစ်လိုက်ပါပြီ။

အဲဒီဆိုင်ကတော့ ရန်ကုန်မြို့ရွှေဂုံတိုင်မီးပွိုင့်အနီး ယုဇနတာဝါမှာ ဖွင့်လှစ်ထားတဲ့ “Flamingo Salad Bar” ပဲဖြစ်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်က ဥရောပဆန်ဆန် ခန့်ခန့််ထည်ထည်နဲ့ ဥရောပတေးသွားခပ်တိုးတိုးဖွင့်ထားပါတယ်။ ဆိုင်အတွင်း ထိပ်မှာတော့ ရှေးဓာတ်ပြား ဖွင့်စက်ကြီးတလုံးကို တွေ့နိုင်ပါတယ်။ Flamingo Salad Bar မှာ Appetizer များ, Salad များ၊ Steak နဲ့ Main Dish မီနူးအများအပြားအပြင် Red Wine, White Wine များပါ ရရှိနိုင်မှာဖြစ်ပြီး Salad များကို ဘူဖေး စတိုင်နဲ့လည်း စားသုံးနိုင်ပါတယ်။


သူတို့ဆိုင်မှာ ရရှိနိုင်တဲ့ Salad Menu တွေထဲက တခုဖြစ်တဲ့ Nicoise Salad က ဆလပ်ရွက်၊ အာလူး၊ တူနာငါး၊ အမဲရောင် သံလွင်သီးနဲ့ကြက်ဥတို့ပါဝင်ပြီး Dressing ဆမ်းထားပါတယ်။ အသီးအရွက်ကြိုက်နှစ်သက်ပြီး ဝိတ်ချလိုသူတွေအတွက် အဆင်ပြေနိုင်တဲ့ Salad တမျိုးဖြစ်ပါတယ်။

Menu အတိုင်းမစားချင်တဲ့သူတွေအတွက်လည်း မိမိကြိုက်နှစ်သက်ရာ ဆလပ်ရွက်၊ အသီးအရွက်နဲ့ Dressing တွေကို ရောနှောစားလို့ရအောင် ဘူဖေးပုံစံပြင်ဆင်ပေးထားတာ တွေ့ရပါတယ်။ အဲဒီလို ဘူဖေးစတိုင်စားမယ်ဆိုရင်တော့ တယောက်စာ အဝစားကို ၅၀၀၀ကျပ် ကျသင့်မှာဖြစ်ပါတယ်။

ဘူဖေးမစားဘဲ တယောက်စာပဲ စားချင်ရင်တော့ ၃၀၀၀ ကျပ် ကျသင့်မှာပါ။ Dressings တွေကလည်း Thousand Island, France, Home and Ceaser Dressing စသည်ဖြင့် အစုံရှိတာကြောင့် စားသုံးသူစိတ်ကြိုက် Dressing ကို ယူငင် သုံးဆောင်နိုင်မှာဖြစ်ကြောင်း ဆိုင်မှ ဝန်ထမ်းတဦးက ရှင်းပြပါတယ်။

ဆိုင်မှာရရှိနိုင်တဲ့ အစားအစာတမျိုးဖြစ်တဲ့ PescadoAsado ကလည်း အရသာကောင်းမွန်တာ တွေ့ရပါ တယ်။ Grilled လုပ်ထားတဲ့ ငါးတန်အသားလွှာကို အာလူးအနှစ်၊ အသီးအရွက်တွေနဲ့ Creamy White Wine ဆော့စ်ဆမ်းပြီး စားရတာဖြစ်ပါတယ်။


Salad များစားသုံးရင်း ဝိုင်သောက်ချင်သူတွေအတွက် Red, White ဝိုင်တွေရရှိနိုင်ပြီး ဝိုင်တခွက်ကို ၃၅၀၀ ကျပ် ကျသင့်ပါတယ်။ တွဲဖက် မြည်းဖို့ သံလွင်သီးကိုလည်း ပွဲတပွဲအနေနဲ့ မှာယူနိုင်ပါတယ်။

“Flamingo Salad Bar”မှာ Salad များအပြင် Main Course အဖြစ် Tortilla Roll, Burrito များ၊ Soup တွေထဲက French Onion Soup နဲ့ mushroom cream soup များနဲ့ Appetizer တွေအဖြစ် buffalo wings, Chicken Kebab အပါအဝင် အမျိုးအစား ၃၀ ခန့် ရရှိနိုင်ပြီး ဈေးနှုန်းအားဖြင့် ၃၀၀၀ ကျပ် ကနေ ၁၅၀၀၀  ကျပ်အတွင်းသာ ရှိတာကြောင့် ကျန်းမာရေး ညီညွတ်သလို အသီးအရွက် ကြိုက်နှစ်သက်သူတွေအတွက် အဆင်ပြေနိုင်မယ့် စားသောက်ဆိုင်တခုဖြစ်ကြောင်း လမ်းညွှန်လိုက်ပါတယ်။


မေစစ်ပိုင် 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved