ခေတ်စားနေတဲ့ ခွပ်ဒေါင်းဖက်ရှင်

Friday, October 16, 2015


နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် ပါတီစုံက အောင်နိုင်ရေးတွေ အပြိုင်အဆိုင် လုပ်လာကြသလို၊ အလွှာပေါင်းစုံက လူပေါင်းစုံဟာလည်း မိမိတို့နှစ်သက်ရာပါတီတွေကို ထောက်ခံတဲ့အနေနဲ့ ပါတီကိုယ်စားပြုအမှတ်တံဆိပ်တွေ၊ ရင်ထိုး၊ ဦးထုပ်၊ စတစ်ကာ၊ အင်္ကျီ အစရှိသဖြင့် ဆင်မြန်းကြတာ တွေ့ရ  ပါတယ်။




အဲဒီအထဲကမှ လူငယ်တွေအကြား တော်တော်လေး ခေတ်စားနေတာကတော့ အနီရောင်ပေါ်က အဝါရောင်ခွပ်ဒေါင်းနဲ့ ကြယ်ဖြူတလုံးပါတဲ့ အမျိုးသားဒီမိုကရေစီ အမှတ်တံဆိပ်ဖြစ်ပါတယ်။ ဆိုရရင် ခွပ်ဒေါင်းဖက်ရှင်ပေါ့။



ခွပ်ဒေါင်းတံဆိပ်ကို လက်သည်းအလှပြင်လာကြသလို၊ မြန်မာအမျိုးသမီးဝတ်စုံလေးတွေမှာလည်း ဖက်ရှင်ကျကျ တီထွင် ထည့်သွင်းချုပ်လုပ်လာကြတာတွေ့ရပါတယ်။ ခွပ်ဒေါင်းဖက်ရှင် မြန်မာအမျိုးသမီးဝတ်စုံ တွေကို နိုင်ငံရေးနဲ့ ဘာမှမပတ်သတ်ဘဲ သူ့စိတ်ကူးထဲပေါ်လာတဲ့အတိုင်း တီထွင်လိုက်ခြင်းဖြစ်တယ်လို့ ရွှေမဒီအမရပူရပိုးထည်၊ ချည်ထည်တိုက်က တာဝန်ရှိသူက ပြောခဲ့ပါတယ်။ အင်္ကျီရဲ့ ရင်ဘတ်နေရာမှာ ခွပ်ဒေါင်းပုံနဲ့ ထဘီဒူးနားချိတ်လေးတွေကလည်း မြန်မာရိုးရာဝတ်စားဆင်ယင်မှုနဲ့ ကိုက်ညီမှုရှိတာမို့ မိန်းကလေး အများစုသဘောကျကြတာ တွေ့ရပါတယ်။




ခုဆိုရင် ခွပ်ဒေါင်းတံဆိပ်ပါတဲ့ အနီ၊ အပြာ၊ အဝါစတဲ့ ချစ်စရာကောင်းတဲ့ အရောင်စုံ မီးပုံးလေးတွေကိုပါ ဟိုမှာဒီမှာတွေ့နေရပါပြီ။ အရောင်ခံပေါ်မှာ အနီရောင်ခွပ်ဒေါင်းပုံနဲ့ ပလတ်စတစ်မီးပုံးလေးတွေကလည်း ဒီနှစ် သီတင်းကျွတ်အတွက် ခေတ်ရေစီးတခုအဖြစ် မြင်ရဦးမှာပါ။





ထက်ဦးဝေ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved