လမ်းပေါ်ကလူတဦးနှင့်လမ်းပေါ်ကကြောင်လေးတကောင်တို့ရဲ့သံယောဇဉ်

Wednesday, November 25, 2015



လောကမှာ မမြင်ရတဲ့ သံယောဇဉ် ဆိုတာ တော်တော်ထူးဆန်းအံ့သြဖို့ကောင်းလှပါတယ်။ သံယောဇဉ်နှောင်ဖွဲ့လို့ လူအချင်းချင်း ချစ်ခင် စုံမက် တွယ်တာကြသလို လူနဲ့ တိရိစ္ဆာန်တို့အကြား မမြင်ရတဲ့ သံယောဇဉ် တွယ်တာမှုများဟာလည်း သက်ရှိလောကကြီးမှာ တည်ရှိလို့နေတာပါ။ အဲ့ဒီသံယောဇဉ်တွေကြောင့်လည်း မပြည့်စုံတဲ့ ဘ၀တွေ ပြည့်စုံသွားရသလို အဲ့ဒီသံယောဇဉ်နှောင်ဖွဲ့မှုကပေးတဲ့ ပူလောင်သောကတွေကြောင့်ပဲ ဘ၀ကို အရှုံးပေးသွားရတဲ့အထိ ဖြစ်ပျက်ခဲ့ရတာတွေလည်း ဒုနဲ့ဒေးပါ။ အခု ပြောပြချင်တာကတော့ အိမ်ခြေယာမဲ့လူတယောက်နဲ့ အိမ်ခြေယာမဲ့ ကြောင်ကလေးတကောင်တို့ရဲ့အကြားက မမြင်ရတဲ့ သံယောဇဉ်လေးတွေပါ။


အိမ်ခြေယာမဲ့ အဆိုတော် ဂျိမ်းစ်ဘိုဝမ် ဆိုသူဟာ အိမ်ခြေယာမဲ့နေတဲ့ ဘော့ဂ်ဆိုတဲ့ ကြောင်ကလေးနဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ ဘ၀တဆစ်ချိုးပြောင်းလဲခဲ့ရသူလို့ သိရပါတယ်။ တနေ့ မြေအောက်လမ်းတနေရာမှာ ဂျိမ်းစ်ဟာ ခြေထောက်မှာ ဒဏ်ရာရနေတဲ့ ကြောင်ကလေးတကောင်ကို တွေ့ခဲ့ပါတယ်။ ကြည့်ရတာ အဲ့ဒီကြောင်ကလေးဟာ တခြားကြောင်တကောင်ကောင်နဲ့ ခိုက်ရန်ဖြစ်ပွားပြီး ဒဏ်ရာရလာပုံရပါတယ်။ ကြောင်ကလေးရဲ့ အခြေအနေဟာ ကူညီမှ ဖြစ်မယ့် အနေအထားဆိုတာ သိသာထင်ရှားလှပါတယ်။ ဒါကြောင့် ဂျိမ်းစ်ဟာ အဲ့ဒီကြောင်ကလေးကို ဆေးကုသပေးဖို့ရန် တိရစ္ဆာန်ဆရာဝန်ဆီကို ခေါ်ဆောင်သွားခဲ့ပါတော့တယ်။ အဲ့ဒီနောက် ကြောင်ကလေးလည်း အနာရောဂါတွေပျောက်လို့ နာလန်ပြန်ထူလာနိုင်ခဲ့ပါတယ်။

အဲ့ဒီကြောင်ကလေးကို ဂျိမ်းစ်က ဘော့ဂ်လို့ အမည်ပေးလိုက်ပါတယ်။


ထို့နောက် ဂျိမ်းစ်ဟာ ကြောင်ကလေး ဘော့ဂ်ကို ပစ်ထားခဲ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ တွေးတော မိပါတော့တယ်။ ကြောင်ကလေးဘော့ဂ်ကလည်း ဂျိမ်းစ်သွားလေရာ နောက်ကနေ တကောက်ကောက်နဲ့ လိုက်ပါတော့တယ်။ ဂျိမ်းစ်က လမ်းသွားလမ်းလာတွေကို တီးမှုတ်ဖျော်ဖြေပေးပြီး ငွေးကြေးတောင်းခံတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်ပြုသူဆိုတော့ သူနဲ့ အတူ ကြောင်ကလေးဘော့ဂ်ကလည်း လိုက်ပါ အလှူခံပေးပါသတဲ့။ ချစ်စရာ ကြောင်လိမ္မာကလေးနဲ့အတူ အလှူခံဖျော်ဖြေမှုကြောင့် လမ်းသွားလမ်းလာတွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိလာကာ သူတို့ကို ပိုပြီးလှူတန်းလာကြပါတော့တယ်။


ဂျိမ်းစ်က သူ့ရဲ့ စုတ်ပြတ်နေတဲ့ဂစ်တာအိုကြီးကိုတီးလို့ သီချင်းတပုဒ်ဆိုပြီးတိုင်း ကြောင်ကလေး ဘော့ဂ်ကို “ဟေ့ရောင်လာခဲ့ လက်ဝါးချင်းရိုက်မယ်” လို့ဆိုလိုက်ရင် ကြောင်ကလေး ဘော့ဂ်က မတ်တပ်ထရပ်ကာ သူ့လက်ကလေးနဲ့ လက်ဝါးချင်း ရိုက် နှုတ်ဆက်တတ်ပါတယ်တဲ့။



ထို့နောက် ဂျိမ်းစ်ဟာ သူ့ရဲ့လမ်းပေါ်က ဘ၀အဖြစ်အပျက်တွေကို ပုံဖော်ဖွဲ့ဆိုဖို့အတွက် စာအုပ်တအုပ်ကို ရေးသားခဲ့ပါတယ်။ အဲ့ဒီစာအုပ်ထဲမှာ ဂျိမ်းစ်က ကြောင်ကလေး ဘော့ဂ်နဲ့ တွေ့ဆုံခဲ့ရလို့ သူ့ဘ၀ ပြောင်းလဲခဲ့ရတယ်ဆိုတာကို စာနဲ့ဖွဲ့မယ်ဆိုရင်တောင် စာဖွဲ့မမီနိုင်ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။


လက်ရှိသူတို့နှစ်ဦးဟာ လန်ဒန်မြို့မှာနေထိုင်ကြပြီး ဂျိမ်းစ်ထုတ်ဝေခဲ့သော“ဘော့ဂ်လို့အမည်ရတဲ့ လမ်းပေါ်က ကြောင်ကလေး” ဆိုတဲ့ စာအုပ်ဟာ ရောင်းအားကောင်းတဲ့ စာအုပ်တအုပ်ဖြစ်ခဲ့ပါတယ်။
အဲ့ဒီစာအုပ်ကို ၂၀၁၂ ခုနှစ်က ထုတ်ဝေခဲ့တာပါ။


Ref: dailymail,radass.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved