အိပ်ခ်ျအိုင်ဗီရောဂါပိုးရှိနေပြီလို့ ဖွင့်ဟ၀န်ခံလိုက်တဲ့သရုပ်ဆောင်ချာလီရှင်း

Wednesday, November 18, 2015


photo - ultimatemovierankings.com

ကမ္ဘာကျော်သရုပ်ဆောင် ချာလီရှင်းက သူ့မှာ အိပ်ခ်ျအိုင်ဗီရောဂါပိုးရှိနေကြောင်း လွန်ခဲ့တဲ့ (၄)နှစ်လောက်ကတည်းက သိရှိခဲ့ပြီး အဲ့ဒီ အကြောင်းသိရှိသူ လူအနည်းစုက ဒီသတင်းကို လျှို့ဝှက်ထိန်းသိမ်းပေးထားဖို့ ငွေကြေးများတောင်းခံခဲ့တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က NBC သတင်းဌာနမှ ထုတ်လွှင့်ပြသလျက်ရှိသော “ Today Show”မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်မှာ အိပ်ခ်ျအိုင်ဗီရောဂါပိုးရှိနေပြီဖြစ်ကြောင်းဝန်ခံဖို့ ဒီကိုရောက်လာတာပါ။ လူများစွာရဲ့ ကျန်းမာရေးကိုကြောက်စရာကောင်းလောက်အောင် ခြောက်လှန့်နေတဲ့၊ အမှန်တရားကနေ ဝေးကွာအောင်  ဆွဲခေါ်သွားတဲ့ ဒီအဟန့်အတားတွေကို ရပ်တန့်သွားအောင်လည်း ကျွန်တော် ဆောင်ရွက်ပါဦးမယ်” လို့ မင်းသားချာလီရှင်းက NBC သတင်းဌာနမှ မက်လော်ရာကို ပြောကြားခဲ့ပါတယ်။

“HIV ဆိုတဲ့ စာလုံးသုံးလုံးဟာ အင်မတန်မှ ခံယူရခက်ခဲတဲ့ စာလုံးတွေပဲဖြစ်ပါတယ်။  လူတစ်ယောက်ရဲ့ဘ၀အတွက် အချိုးအကွေ့တစ်ခုလည်း ဖြစ်ပါတယ်။ ခေါင်းတခြမ်းကိုက်ခဲတဲ့ ဝေဒနာတွေကို ဆက်တိုက် ခံစားရပြီး နောက်ပိုင်းမှာ ကျွန်တော့်မှာ ဒီရောဂါပိုးရှိကြောင်း သိလိုက်ရတာပဲဖြစ်ပါတယ်။ ဆေးစစ်မှုတွေပြု လုပ်ပြီးတဲ့နောက်မှာတော့ ဆရာဝန်တွေက ကျွန်တော့်အခန်းထဲကို ရောက်လာပြီး မင်းမှာတော့ ဒီရောဂါ     ရှိနေပြီလို့ အသိပေးခဲ့တာပါ။” လို့ ရှင်းကဆိုပါတယ်။

သူဟာ သူ့ရဲ့ရောဂါအကြောင်း ယုံကြည်စိတ်ချရတဲ့လူအချို့ကို ဖွင့်ဟအသိပေးခဲ့ပေမယ့် ၄င်းတို့ထဲက တချို့သူတွေကတော့ ဒီအကြောင်းကို ဖုံးဖိထားပေးဖို့အတွက် သူ့ဆီက ငွေညှစ်ခဲ့ပါတော့တယ်။ သူဟာ အဲဒီလူတွေကို ဒေါ်လာသန်းနဲ့ချီ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ မင်းသားချာလီရှင်းရဲ့ အဆိုအရ အဲဒီလူတွေထဲက တစ်ယောက်ကတော့ ပြည့်တန်ဆာတစ်ဦးဖြစ်ပြီးသူ့ရဲ့ ရေချိုးခန်းထဲအထိ ၀င်ရောက်ကာ သူသောက်သုံးနေတဲ့ ဆေးတွေရဲ့ပုံကိုမိုဘိုင်းဖုန်းနဲ့ ရိုက်ကူးယူခဲ့ပါတယ်။ ပြီးတော့ အဲဒီ ဆေးဝါးပုံတွေကို သတင်းထဲထည့်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

NBC သတင်းဌာနက ရှင်းကို “ဒါဆို ခင်ဗျားသူတို့တောင်းတဲ့ငွေတွေကို ဆက်ပေးနေရသေးလား”         လို့မေးတော့ “ ဒီနေ့ကစပြီးပေးစရာမလိုတော့ဘူး။” လို့ မင်းသားရှင်းက ပြန်ဖြေထားပါတယ်။

အသက်(၅၀)ရှိပြီဖြစ်တဲ့ မင်းသားချာလီရှင်းဟာ ဟောလီးဝုဒ်မှ အကျော်အမော်မင်းသားတွေထဲက တစ်ဦးဖြစ်ပြီး “Wall Street” ရုပ်ရှင်ဇာတ်ကားနဲ့ အမေရိကန်ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “Two and a Half Men”တို့နဲ့ နံမည်ကျော်ကြားခဲ့သူဖြစ်ပါတယ်။ သို့ပေမယ့် (၂၀၁၁) ခုနှစ်မှာ မင်းသားရှင်း ဟာ “Two and a Half Men” ရုပ်သံဇာတ်လမ်းတွဲဖန်တီးသူအား အများသူငါ ရှေ့မှာ ပုတ်ခတ်ပြောဆိုခဲ့မှုကြောင့် ရုပ်သံဇာတ်လမ်းမှ ထုတ်ပယ်ခြင်းကိုခံခဲ့ရပါတယ်။ မင်းသားရှင်းရဲ့ အနုပညာသက်တမ်းမှာ အဲ့ဒီအဖြစ်အပျက်ထက် ရုပ်ဆိုးလှတဲ့ အကြောင်းအရာတွေကတော့ မူးယစ်ဆေးဖြတ်တဲ့စခန်းကို (၂)ခါပြန်ဝင်ခဲ့ရပြီး အမျိုးသမီး (၃)ဦးနဲ့ အတူနေထိုင်ခဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။ ရှင်းဟာ ရုပ်ရှင်မင်းသမီးဘရုတ်မြူလာတို့၊ ဒနိစ်ရစ်ချက်တို့အပါအ၀င် အမျိုးသမီးများစွာနဲ့ အိမ်ထောင်ကျခဲ့ဖူးသူဖြစ်သလို အဲဒီမင်းသမီးတွေနဲ့လည်း သားသမီးရတနာများ ထွန်းကားခဲ့ပါသေးတယ်။

“Two and a Half Men” ရုပ်သံအစီအစဉ်အတွက် မင်းသားရှင်းတစ်ယောက် ရရှိခဲ့တဲ့ အနုပညာကြေးဟာ အဲဒီခေတ်အချိန်ရဲ့ရုပ်သံအစီအစဉ်တွေအတွက် သတ်မှတ်ထားတဲ့ အမြင့်ဆုံး တစ်နေရာမှာရှိပါတယ်။ မင်းသားချာလီရှင်းအနေနဲ့ (၂၀၁၀)ခုနှစ်မှာ အဲဒီရုပ်သံအစီအစဉ် ဇာတ်လမ်းတွဲတစ်ခုအတွက်ကိုပဲ ဒေါ်လာ (၁.၂၅) သန်း ရရှိခဲ့ဖူးပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း။  ။ http://edition.cnn.com/2015/11/17/health/charlie-sheen-health/index.html?sr=fbcnni111715charlie-sheen-health/1246PMStoryLink&linkId=18812043

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved