တင်ကျီးငှက်များကို လူတိုင်း မြင်ဖူးကြားဖူးကြလိမ့်မယ် မထင်ပါဘူး။ လူတိုင်း မမြင်ဖူး မကြားဖူးတဲ့ တင်ကျီးငှက်အကြောင်း လေးကို ပြောပြချင်ပါတယ်။
တင်ကျီးငှက်ဟာ ခြေချောင်းများကြားမှာ အရေပြားရှိတဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်။ ရေတွင်ငုပ်၍ ငါးများကိုအစာအဖြစ် လိုက်လံဖမ်းဆီးစားသောက်တတ်ပါတယ်။ အများအားဖြင့် ရေငုပ်၍ ငါးဖမ်းရာ၌ ရေထဲတွင် ကြာရှည်စွာနေနိုင်တာပါ။ ရေကူးရာမှာ အရေပြားရှိတဲ့ ခြေများကိုအသုံးပြုတတ်ပါတယ်။ ပျံသန်းသောအခါ ရေမျက်နှာပြင်နှင့်ကပ်၍ ပျံသန်းပြီးလျှင် ငါးများကိုဖမ်းယူတတ်ကြပါတယ်။ အဲ့ဒါမှမဟုတ်ရင် ရေပေါ်တွင် ကိုင်းလျက်ကျရောက်နေသော သစ်ကိုင်းပေါ်တွင် နားကာငါးပေါ်လာမည်ကို စောင့်မျှော်နေတတ်ပါတယ်။ ငါးဖမ်းအလွန် လျင်မြန်တယ်လို့ ဆိုရပါမယ်။ အစာစားရာတွင် လောဘတကြီးနဲ့ စားမျိုလေ့ရှိပါတယ်။ မိတဲ့အစာကို မမျိုမီ အများအားဖြင့် ရေပေါ်သို့ ယူလာတတ်ပါတယ်။ အစာကို ခေါင်းပိုင်းမှစ၍ မျိုချလေ့ရှိပါတယ်။
တင်ကျီးငှက်ဟာ ဇီဝဗေဒအလိုအားဖြင့် ‘ဖယ်လာကရိုကိုရက်စီဒီး’ မျိုးရင်းဝင်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် တင်ကျီးငှက်အမျိုးမျိုးကို တွေ့နိုင်ပါတယ်။ အများအားဖြင့် တင်ကျီးငှက်တို့ဟာ ပင်လယ်ကမ်းခြေတွင် နေလေ့ ရှိကြသော်လည်း မြစ်များနှင့် အိုင်များတွင်လည်းမကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။ ငှက်ကြီးဝံပိုနှင့် တင်ကျီးငှက်တို့ဟာ နီးစပ်တူပါတယ်။ တင်ကျီးငှက်ကြီးမျိုးဟာ အလျား လက်မ ၃၀ မက ရှည်ပါတယ်။
တင်ကျီးငှက်အားလုံးတွင် သန်မာ၍ရှည်သော နှုတ်သီးနှင့် အတောင်ပံများရှိပြီး နှုတ်သီးရဲ့ အဖျားက ကောက်ပါတယ်။ အမြီးရှိ အမွှေးများဟာ အနည်းငယ်ဖွင့်ထားသော ယပ်တောင်ကဲ့သို့ ပြန့်ကားလျက်ရှိပါတယ်။
မြန်မာနိုင်ငံရှိ တင်ကျီးငှက်ဟာ အလျား ၃၂ လက်မခန့်ရှိပါတယ်။ သားပေါက်ချိန်ဖြစ်သော စက်တင်ဘာလဆန်းမှ ဒီဇင် ဘာလလယ်အထိဖြစ်ပါတယ်။ တင်ကျီးငှက်ကို မြင်လိုက်တာနဲ့ မှတ်မိလွယ်နိုင်တဲ့အချက်က သူ့ရဲ့ ပါးနှစ်ဘက်နှင့် နံဘေးတို့မှာ အဖြူရောင်ရှိတဲ့အချက်လို့ ဆိုရမှာပါ။ ငှက်ငယ်လေးများဟာ ပို၍ အရောင်ညိုပြီးလျှင် အောက်ပိုင်းတွင် အဖြူရောင်ရှိပါတယ်။ ဘေးဖက်နှင့် တစ်ခါတစ်ရံကိုယ်အလယ်ပိုင်းတို့တွင် အညိုကွက်များ ရှိတတ်ပါတယ်။
မြန်မာနိုင်ငံရှိ တင်ကျီးငှက်မျိုးတို့ဟာ ရေချိုမှာသာကျက်စားတတ်တဲ့ ငှက်မျိုးဖြစ်ပါတယ်။ မြစ်များနှင့် အိုင်များတွင် အုပ်စုဖွဲ့ ကာနေကြတာကို မကြာခဏ တွေ့ရတတ်ပါတယ်။
သူ့ရဲ့ ပျံသန်းပုံ ပျံသန်းနည်းက ထူးခြားပါတယ်။ လည်ပင်းကို ရှေ့သို့ဆန့်ထုတ်ပြီး အတောင် ကိုမှန်မှန်ရိုက်ခတ်ကာ အတော်မြန်မြန်ပျံသန်းတတ်ကာ ပျံရာ၌ တည့်တည့်ပျံတတ်ပါတယ်။ နားနေတဲ့အခါတွင် ဝမ်းဘဲများကဲ့သို့ ရေပေါ်၌ မနားဘဲ၊ ကမ်းခြေပေါ်မှ ကျောက်တုံးများ ပေါ်တွင်လည်းကောင်း၊ သစ်ပင်များပေါ်၌လည်းကောင်း နားနေလေ့ရှိပါတယ်။ အဲ့ဒီလို နားနေခိုက်မှာ အတောင်များကိုဖြန့်၍ နေလှန်းလေ့ရှိတတ်ပါတယ်။ ကုန်းပေါ်၌ လျှောက်သွားသည့်အခါ ငှက်ကြီးဝံပိုကဲ့သို့ ကိုယ်ကိုမတ်မတ်ထား၍ သွားတတ်ကြတာပါ။ သို့သော် ခေတ္တမျှသာလျင်မြန်စွာသွားနိုင်ပါတယ်။
ရေကူးသောအခါ ခေါင်းကိုမတ်မတ်ထားလျက် ကိုယ်ကိုနှစ်၍ ကူးတတ်ပါတယ်။ အထိတ်တလန့်ဖြစ်တဲ့အခါမှာ ခန္တာကိုယ်ကို ရေအောက်သို့နှစ်၍ ခေါင်းနှင့်လည်တံသာ ဖော်ထားတတ်ပါတယ်။ ရေငုပ်ကျွမ်းကျင်သော်လည်း ရေထဲ၌ စက္ကန့် ၆၀ ထက် ပိုနေခဲပါတယ်။
0 comments :
Post a Comment