Viber မှ မြန်မာ့လွတ်လပ်ရေးနေ့အတွက် “We Love Myanmar” အစီအစဉ် မိတ်ဆက်

Monday, December 21, 2015




Messaging Application တခုဖြစ်တဲ့ Viber မှ လာမယ့်၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အခါသမယမှာ Viber နဲ့ တယ်လီနောတို့ ပူးပေါင်းပြီး Viber အခမဲ့ အသုံးပြုခြင်းနှင့် “We Love Myanmar” စတစ်ကာများ အခမဲ့ ရယူနိုင်တဲ့အစီအစဉ်တို့ကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Viber ရဲ့ We Love Myanmar အစီအစဉ် မိတ်ဆက်ပွဲကို ယခုလ (၁၄) ရက်နေ့က ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။



၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့မှ စပြီး မှတ်ပုံတင်စရာမလိုဘဲ Viber Application မှာ ရက်သတ္တပတ် (၂) ပတ်ကြာ အခမဲ့ မက်ဆေ့ခ်ျပေးပို့နိုင်မယ့် အစီအစဉ်ကို တယ်လီနောမှ ၀န်ဆောင်မှုပေးသွားမှာဖြစ်ပြီး တယ်လီနော အသုံးပြုသူများအနေနဲ့ အဲဒီကာလအတွင်းမှာ အင်တာနက်ခ မကုန်ဘဲ Viber စတစ်ကာ အသစ်များကို အခမဲ့ Download ရယူအသုံးပြုနိုင်မှာလို့ သိရပါတယ်။

“We Love Myanmar” စတစ်ကာတွင် မြန်မာလူမျိုးများကြား သုံးစွဲမှုအများဆုံးဖြစ်တဲ့ စကားလုံးများ ပါဝင်တဲ့ “မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်” ၊“ငါတို့နိုင်ပြီ” ၊“မိုက်တယ်” ၊ “ချစ်တယ်” ၊ “ချစ်သွားပြီ” စတဲ့ ချစ်စဖွယ် စတစ်ကာ ဇာတ်ရုပ်လေးတွေနဲ့ သရုပ်ဖော်ထားပါတယ်။



Viber Application ကို မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် အသုံးပြုသူ (၅) သန်းရှိရာမှ ယခုနှစ်တွင် ရာခိုင်နှုန်း (၂၆၀) ရာခိုင်နှုန်းအထိ တိုးတက်လာကာ သုံးစွဲသူ (၁၈) သန်းအထိ မြန်မာနိုင်ငံတွင်ရှိလာပြီး Viber မှ ၄င်းရဲ့ အောင်မြင်မှုကို ဆင်နွှဲနိုင်ရန်နှင့် မြန်မာနိုင်ငံမှ Viber အသုံးပြုသူများအား ကျေးဇူးတုံ့ပြန်တဲ့အနေဖြင့် “We Love Myanmar” အစီအစဉ်ကို မိတ်ဆက်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာ Viber ကို အခုလို တခဲနက် အားပေးသုံးစွဲကြတဲ့အတွက် တကယ်ကို ၀မ်းမြောက်မိပါတယ်။ ကျနော်တို့ Viber အနေနဲ့ သုံးစွဲသူတွေကို ပျော်ရွှင်အောင် ကြိုးပမ်းလုပ်ဆောင်ရင်း “We Love Myanmar” အစီအစဉ်ကို ဆင်နွှဲချင်ပါတယ်။ Viber ကို အသုံးပြုရင်း ကိုယ့်စိတ်ခံစားချက်တွေ Viber ကနေတဆင့် စတစ်ကာလေးတွေနဲ့ ချစ်ခင်သူတွေကို ပေးပို့နိုင်ပါတယ်” လို့ Viber ရဲ့ အမှုဆောင်အရာရှိချုပ် Michael Shmilov က ပြောပါတယ်။

“Viber ကို အသုံးပြုရတာ ကြိုက်ပါတယ်။ Viber က အသုံးပြုရတာ လွယ်တဲ့အတွက် လူကြီးတွေလည်း သုံး ကြသလို Viber မှာ စတစ်ကာလေးတွေက ချစ်စရာကောင်းလို့ လူငယ်တွေလည်းသုံးကြတယ်။ နောက်ဆုံးထွက်ထားတဲ့ မြန်မာဗန်းစကား စတစ်ကာလေးတွေဆိုရင် “မိုက်တယ်” “လန်းတယ်” ၊ “ကျေနပ်တယ်” “ဆေးထိုးတယ်” စတဲ့ လူငယ်တွေကြားမှာ တကယ်ခေတ်စားနေတဲ့ ဗန်းစကားတွေပါတော့ သုံးရတာ အရမ်း
ကြိုက်ပါတယ်။ အခုလာမယ့် လွတ်လပ်ရေးနေ့အတွက် “We Love Myanmar” စတစ်ကာလေးတွေ လာမယ်ဆိုတော့ သုံးရဦးမှာပေါ့” လို့ အသက် (၂၂) အရွယ် Viber အသုံးပြုသူ မဟန်နီက ပြောပါတယ်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်မှ စတင်ပြီး Viber နဲ့ Red Dot တို့ ပူးပေါင်းပြီး အကြွေးဝယ် ကတ် မလိုဘဲ နိုင်ငံတကာသို့ Viber Out call ခေါ်ဆိုမှုကို အလွယ်တကူ ပြုလုပ်နိုင်အောင် စီစဉ်ထားပြီး Viber Out အသုံးပြုသူများအနေနဲ့ မြန်မာနိုင်ငံရဲ့ Ret Dot နှင့်ချိတ်ဆက်ထားတဲ့ ဆိုင်များတွင် Viber Out ငွေဖြည့်ကတ် ကို အလွယ်တကူ ၀ယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာတ၀ှမ်းမှာ Viber အသုံးပြုသူပေါင်း (၆၆၄) သန်းရှိပြီး အသုံးပြုသူများ တဦးနှင့်တဦး Message ပေးပို့ခြင်း၊ Chatting ပြုလုပ်ခြင်း၊ Video call ခေါ်ဆိုခြင်း၊ Group Chatting ပြုလုပ်ခြင်းနှင့် ကုန်ပစ္စည်း အမှတ်တံဆိပ်များ၊ နာမည်ကျော် အနုပညာရှင်များ၏ လူမှုစာမျက်နှာများ၊ သတင်းမီဒီယာများရဲ့Public Account များအား Follow လုပ်ခြင်းစတဲ့ ၀န်ဆောင်မှုများ ပေးစွမ်းလျက်ရှိပါတယ်။

သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved