ဟာသလား

Monday, October 4, 2010

Photo: US Campaign for Burma


“ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ရဲ့ မြန်မာပြည်ရွေးကောက်ပွဲ အပြီးကျလို့ရှိရင် ဒုက္ခသည်တွေကို ပြန်ပို့ပေးတော့မယ်ဆိုတာ ဟာသကြီး ဖြစ်နေမလား”

ဒါကတော့ The Nation သတင်းစာ ခေါင်းကြီးပိုင်းမှာ မေးခွန်းထုတ်ထားတာပါ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရုမ်း က မကြာသေးခင်မှာ အမေရိကန်ပရိသတ်ကို မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

အဲလိုပြောတာမှာ “ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်ရွေးကောက်ပွဲ အပြီးမှာ ထိုင်းရောက် မြန်မာ ဒုက္ခသည်တွေနဲ့ ထွက်ပြေးခိုလှုံနေသူတွေကို ပြန်ပို့ဖို့ အစီအစဉ် ရှိတယ်။ 'တပိုင်းကြောင် ဒီမိုကရေစီ' ရနေတဲ့ မြန်မာပြည်ကို ပြန်ကြဖို့ အရေး ထိုင်းအစိုးရက အကူအညီတွေ ပေးဦးမှာပါ” လို့ ပါပါတယ်။

ကဆစ် ဒီလိုပြောတာဟာ “နောက်နေတာပဲ ဖြစ်ရမယ်” ဆိုပြီး The Nation ခေါင်းကြီးကနေ ကလိထားပါတယ်။

ထိုင်းမှာရောက်နေတဲ့ မြန်မာတွေ ၄ သန်းလောက် ရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်ဝတ်စုံချွတ်ပြီး ပုဆိုးလဲဝတ်မယ့် ထူးမခြား အစိုးရတက်မယ်ဆိုတာ ထင်ရှားနေပြီ ဖြစ်တဲ့အကြောင်း၊ စစ်အစိုးရကတော့ သူရဲ့ လမ်းပြမြေပုံ ၇ ချက် ဆိုတာကြီး ကိုင်ပြီး ဒီနှစ်ထဲမှာ ပွဲအပြီး လုပ်တော့မှာ ဆိုတဲ့အကြောင်း ထောက်ပြပြီး The Nation က ကဆစ်ပြောစကားကို ဆင်ခြေကန်ပြထားပါတယ်။

ထိုင်းဝန်ကြီးချုပ် အဖိဆစ် အစိုးရဟာ ထိုင်းမှာ လာရောက်နေထိုင်ကြသူများနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အခွင့်အရေးနဲ့ ပူးပေါင်းဆောင်ရွက်ပေးမှုတွေကို လေးစားပါတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် မစ္စတာ အဖိဆစ်ဟာ သူပြောတဲ့အတိုင်း လုပ်ရမှာ ဖြစ်တယ်လို့ The Nation အယ်ဒီတာက ထောက်ပြထားသေးတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ မစ္စတာ အဖိဆစ်ရဲ့ တရက်တာ မြန်မာပြည် ခရီးစဉ်မှာ စစ်အစိုးရကို သူတို့ရဲ့ ရွေးကောက်ပွဲကို ကမ္ဘာနဲ့ အာဆီယံနိုင်ငံတွေက စောင့်ကြည့်နေတယ်ဆိုတာကို သတိပေးသင့်ကြောင်းနဲ့ မစ္စတာ အဖိဆစ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ရှိနေတဲ့ ထိုင်းအနေနဲ့ မြန်မာပြည်မှာ ဒီမိုကရေစီမဆန်တဲ့ ဘယ်လို လုပ်ဆောင်မှုမျိုးကိုမှ သည်းခံမှာ မဟုတ်ဘူးဆိုတာ သိအောင် ပြောသင့်တယ်ဆိုပြီး The Nation က တိုက်တွန်းထားပါတယ်။
ခက်ထန်

1 comments :

  1. Anonymous said... :

    Since Hmong refugees were sent back last year there is a deep fear that Burmese asylum seekers and refugees will be forced to return home after the election.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved