ကြံ့ဖွံ့ပါတီ ဝက်ဝက်ကွဲ ရှုံးမလား

Friday, October 8, 2010


ရန်ကုန်မှာ မိုးရွာ ရေကြီး မြောင်းပိတ်၊ လမ်းဆန်ကာပေါက် ဖြစ်နေတာတွေကို တခါမှ သေချာပြုပြင် ဆောင်ရွက်ပေးခြင်းမရှိဘဲနဲ့ မြို့တော်ဝန် ရာထူးကို ခပ်ပြောင်ပြောင်ယူထားတဲ့ ဦးအောင်သိန်းလင်းပါ။ အခုကျမှ ကြံ့ဖွံ့ပါတီ အရေခြုံပြီး လူထုဆီက ကောက်တဲ့ငွေ၊ စည်ပင်သာယာပိုင်ငွေတွေကို သုံးပြီး လမ်းခင်းပေး၊ ကြံ့ဖွံ့တံဆိပ်ကပ်ပြနေတာပါ။ နံဘေးကနေ စိတ်မသက်မသာနဲ့ ကြည့်နေကြတဲ့ ပြည်သူတွေကိုသာ ကြည့်ကြပါကုန်။ (ဓာတ်ပုံ - AP)

ရန်ကုန်သားတာတေ ဖွတယ်တော့ မအောက်မေ့ပါနဲ့။ သတင်းသမားဆိုတာ ကြားသမျှကို ဘလော့ဂ်ကနေ ဖောက်သည်ချရဦးမှာပေါ့။ တခြားမဟုတ်ပါဘူး။ ကြံ့ဖွံ့ ရွေးကောက်ပွဲမှာ ဝက်ဝက်ကွဲ ရှုံးမလား ဆိုတာပါပဲ။

ဒါကလည်း အကြောင်းရှိပါတယ်။ အထဲကလာတဲ့ သတင်းတွေအရတော့ ကြံ့ဖွံ့ဟာ သူကွဲမှာကို သူ့ဘာသာ သဘောပေါက်စပြုလာတဲ့ လက္ခဏာတွေ တွေ့လာရတယ် ဆိုတာပါပဲ။ ဒါကလည်း တယ်မဆန်းလှပါဘူး။ ပြည်သူ့ချဉ်ဖတ်ဖြစ်နေတဲ့ ကြံ့ဖွံ့ဟာ ဝက်ဝက်ကွဲ ရှုံးမယ်ဆိုလည်း ရှုံးထိုက်ပါပေတယ်။

ပြည်သူလူထုက စစ်အစိုးရလက်ကိုင်တုတ်ဖြစ်နေတဲ့ ကြံ့ဖွံ့ကို မျက်စိစပါးမွေးစူးလာတာ ကြာပါပြီ။ ခန္တီစနဲ့ မနိုင်လို့သာ သည်းခံပြီး ကြည့်နေတာ။ အခွင့်သာရင်တော့ လူထုက ပညာပေးပါလိမ့်မယ်။

အရင်ပို့စ်မှာ ဖော်ပြထားတဲ့ ဦးဗကလေးရဲ့ ကာတွန်းကိုပဲ ကြည့်ကြပါဦး။ ပြည်သူလူထုက သူတို့လုပ်နိုင်တဲ့ ခွင်ထဲကနေ ကြံ့ဖွံ့လို မျက်နှာပြောင်တဲ့ ချဉ်ဖတ်ပါတီကို အသာလေး နှပ်ချနိုင်ပါတယ်။

ပြည်သူတွေက “ပေးတာယူ ... ကျွေးတာစား ... မဲပေးဖို့တော့ စဉ်းစားမယ်” လို့ ပြောလာကြပါပြီ။

မဲမပေး ပေးအောင်တော့ စစ်အစိုးရက လုပ်ဖို့များပါတယ်။ လူစာရင်း၊ မဲဆန္ဒရှင် စာရင်းတွေ ကိုင်ပြီးတော့ပေါ့လေ။ ဒါပေမယ့် မဲပေးခိုင်းတိုင်းလည်း ကြံ့ဖွံ့ပါတီနိုင်မယ်ဆိုပြီး ပြောလို့ လုံးဝ မရပါဘူး။

ပြည်သူတွေရဲ့ အသံကိုပဲ နားစွင့်ကြည့်လိုက်ပါဦး။

“ဒီမိုကရေစီပါတီတွေနဲ့ ကြံ့ဖွံ့နဲ့ယှဉ်ရင် ဒီမိုကရေစီပါတီ တခုခုကိုပဲ မဲပေးမှာပေါ့။ ကြံ့ဖွံ့ကိုတော့ မပေးဘူး”

“ကျနော်တို့နယ်မှာ ကြံ့ဖွံ့နဲ့ တစညပဲ ရှိတယ်။ မဲပေးကြကြေးဆိုရင် တစညကိုပဲ ပေးလိုက်မယ်”

“ကျနော်တို့က ဝန်ထမ်းဆိုတော့ ခက်တယ်။ ကြံ့ဖွံ့ကိုလည်း မဲမပေးချင်ဘူး။ ဖြစ်နိုင်ရင်တော့ ကြံ့ဖွံ့ကိုလည်း မပေးဘူး။ ဘယ်ပါတီမှလည်း မဲမပေးဘဲ နေလို့ရရင် နေလိုက်မယ် စိတ်ကူးတယ်”

“ကြံ့ဖွံ့ကိုတော့ လုံးဝ မဲမပေးဘူး။ တစညလည်း သိပ်ကြိုက်ဘူး။ ကျန်တဲ့ NDF တို့ ဦးသုဝေပါတီတို့ကို မဲပေးလိုက်မယ်”

ရန်ကုန်မြို့က ဘတ်စကား မှတ်တိုင်ပါ။ မှတ်တိုင်မှာ အမိုးက မရှိ။ ထိုင်စရာက မလောက်။ မြောင်းပုပ်က လျှံ။ အမှိုက်က ပွနဲ့။ ကြံ့ဖွံ့ပါတီကနေ ဝင်ပြိုင်မယ့် မြို့တော်ဝန် အောင်သိန်းလင်းကတော့ ပြည်သူတွေရဲ့ မဲတွေကို တခဲနက် ရပါလိမ့်ဦးမယ်။ (ဓာတ်ပုံ - AP)


တသက်လုံး ပြည်သူလူထုကို အပေါ်ကြောကနေ မျက်နှာထားတင်းလာတဲ့ ကြံ့ဖွံ့တွေဟာ အခုဆိုရင် ပြည်သူကို အမျိုးမျိုး မျက်နှာ ချိုသွေးနေကြပါပြီ။ ကြံ့ဖွံ့လုပ်ပုံက တွမ်နဲ့ ဂျယ်ရီ ကာတွန်းကားထဲက ကြောင်ဖားကြီး ကိုယ့်ကိုယ်ကိုယ် လည်လှပြီထင်ပြီး လုပ်နေတဲ့ ပုံမျိုးပါပဲ။

စောစောက ပြောသလို ကြံ့ဖွံ့ဟာ ငါတို့တော့ ကွဲပြီထင်တယ်လို့ ပူပန်စပြုလာတယ်လို့ ပြောရတာကလည်း အကြောင်း ရှိပါတယ်။ ရယက အဆင့်လောက်နေပဲ စပြီး ကြည့်ပါဦး။

ငါ့ရပ်ကွပ်ထဲကလူတွေ ကြံ့ဖွံ့ကို မဲပေးရင်တော့ ငါတော့ အထောင်းခံရတော့မှာပဲဆိုပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာတော့မယ်။ ထို့အတူ သူ့အထက် အဆင့်လိုက် အဆင့်လိုက်ကလည်း နိုင်ရာ ထုထောင်းတဲ့ စနစ်ဆိုတော့ တရစ်ပြီးတရစ် ခြေချုပ်မိ အသက်ရှုကြပ်နေကြတဲ့ အနေအထားပါ။

ပြည်သူလူထုဟာ ဒီတချီမှာတော့ ကြံ့ဖွံ့ကို ဝက်ဝက်ကွဲအောင် နှိပ်ဖို့ အခါသင့်ပြီလို့ ပေးရမယ့်မဲ လက်ထဲ ရောက်လာတဲ့အခါ ပညာပြကြလိမ့်မယ်ဆိုတဲ့ အကြောင်းပါပဲ ...

ရန်ကုန်သားတာတေ


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved