ထောက်ခံဖို့ မတန်တဲ့ ရွေးကောက်ပွဲ

Friday, October 1, 2010


မနေ့ကထုတ်တဲ့ နယူးယောက်တိုင်းမ် သတင်းစာမှာ ဦးဝင်းတင် ရေးသားတဲ့ “ထောက်ခံဖို့ မတန်တဲ့ ရွေးကောက်ပွဲ” (An Election Not Worthy of Support) ဆောင်းပါးကို မိတ်ဆက် ဖော်ပြတာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နဗီ ပေလ်လီရဲ့ “မြန်မာပြည် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်ဆိုတာ သေချာစေဖို့ ကမ္ဘာကနေပြီးတော့ အစွမ်းကုန် သတိဝီရိယနဲ့ စောင့်ကြည်ရမယ်” စကားကို စိတ်ပျက်မိတယ်ဆိုပြီး ဆောင်းပါးကို စဖွင့်သွားပါတယ်။

တကယ့်တကယ်မှာ ဒီရွေးကောက်ပွဲဟာ မြန်မာ့အရေးအတွက် ဘာအဖြေမှ ထွက်မယ့်ပွဲ မဟုတ်ဘူး၊ စစ်အစိုးရကို တရားဝင်အစိုးရ ဖြစ်အောင်၊ စစ်အုပ်ချုပ်မှု သက်ဆိုးရှည်အောင် လုပ်ခြင်း သက်သက်ပဲလို့ ထောက်ပြထားပါတယ်။

စစ်အစိုးရဟာ ရွေးကောက်ပွဲကို ဗန်းပြပြီးတော့ တဘက်သတ်၊ ဒီမိုကရေစီ နည်းလမ်းတကျ မဟုတ်ဘဲ လုပ်နေတယ်ဆိုတာ ကမ္ဘာက သဘောပေါက်စေချင်ကြောင်း ဦးဝင်းတင်က ရှင်းပြထားပါတယ်။


ဦးဝင်းတင်က “မကြာသေးခင်ကအထိ ကုလသမဂ္ဂ တောင်းဆိုချက်တွေထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အတိုက်အခံတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီး စစ်အစိုးရဟာ နိုင်ငံရေးပါတီအားလုံး ပါဝင်နိုင်ရေး၊ ပူးပေါင်းဆောင်ရွက်ခွင့် ရှိရေး၊ လွတ်လပ်ပြီး တရားမျှတရေးကို ဆောင်ရွက်ပေးဖို့ ပါခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ နိုင်ငံရေးပါတီအားလုံး ပါဝင်နိုင်ရေး ဆိုတဲ့ စကားစုကို သူတို့ရဲ့ ထုတ်ပြန်ချက်တွေ၊ မိန့်ခွန်းတွေထဲကနေ ဖြုတ်ထားပစ်ခဲ့တာတော့ အံ့အားသင့်စရာကြီးပါပဲ” ဆိုပြီး ကုလသမဂ္ဂရဲ့ ရပ်တည်မှုအပေါ်မှာလည်း ဝေဖန်သွားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ခန့်ထားတာတွေရော၊ ရွေးကောက်ပွဲ ဥပဒေတွေရော၊ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးတာတွေရောကို ထောက်ရင် မစ္စ ပေလ်လီပြောသလို ရွေးကောက်ပွဲနေ့အထိတောင် စောင့်ကြည့်နေဖို့ မလိုပါဘူးလို့ ဦးဝင်းတင်က ပြောထားပါတယ်။

ဥရောပသမဂ္ဂရဲ့ မီးစတဖက် ရေမှုတ်တဖက် မူဝါဒကိုလည်း ဝေဖန်ထားပြီးတော့ ဥရောပက မိတ်ဆွေတွေအနေနဲ့ ရွေးကောက်ပွဲကြီးကနေ တခုခုတော့ ဖြစ်လာတော့မှာပဲဆိုပြီး အိပ်မက်မက်နေတာတွေကို စွန့်လွှတ်ကြဖို့၊ စစ်အစိုးရ အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ရေးကိုသာ စိုင်းပြင်းကြဖို့ ဦးဝင်းတင်က အဆုံးသတ် တိုက်တွန်းထားပါတယ်။

ခက်ထန်

1 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved