လေဖိအားနည်းရပ်ဝန်း ရခိုင်ကမ်းရိုးတန်းနှင့် ဝေးကွာ စောင့်ကြည့်ရန် လိုအပ်ဆဲ

Thursday, October 21, 2010

လွန်ခဲ့တဲ့ ၄ ရက်ကတည်းက စောင့်ကြည့်နေခဲ့ရတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်တည်နေတဲ့ လေဖိအားနည်းရပ်ဝန်းမှာ မနေ့ညပိုင်းက ပိုမိုအားကောင်းမလာခဲ့သလို လျော့ကျသွားတာမျိုးလည်း မရှိဘဲ တန့်နေပါတယ်။

ဒါပေမယ့် ရခိုင်ကမ်းရိုးတန်းနဲ့တော့ ဝေးကွာသွားပြီလို့ ဒေါက်တာထွန်းလွင်က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ အနောက်ပိုင်းတိုင်း တိုင်းမှူးကြီးရဲ့ ယတြာအစီအစဉ်ကြောင့်ပဲ လမ်းကြောင်း ပြောင်းသွားသလားတော့ မသိ။ အဲ....ဒါပေမယ့် ဒီလေဖိအားနည်းရပ်ဝန်းနဲ့ ပတ်သက်ပြီး ပြည်ဖုံးကားမချနိုင်သေးဘဲ စောင့်ကြည့်အဖြစ် ဆက်လက်သတ်မှတ်ထားဆဲလို့ ဒေါက်တာထွန်းလွင်က ဆိုပါတယ်။

ဒေါက်တာထွန်းလွင်ရဲ့ ဒီနေ့ ထုတ်ပြန်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းက လေဖိအားနည်းရပ်ဝန်း မနေ့ညက ပိုမိုအားကောင်းလာခဲ့ခြင်းမရှိဘဲ အနောက်တောင်ဖက်သို့ နေရာပြောင်းရွှေ့ကာ ဆက်လက်တည်ရှိဆဲဖြစ်၊ ရခိုင်ကမ်းရိုတန်းနှင့် အနည်းငယ်ပိုဝေးကွာသွားသော်လည်း
အားလျော့သွားခြင်းမရှိသဖြင့် စောင့်ကြည့်ရန်လိုအပ်



Kalpana-1 မိုးလေ၀သဂြိုဟ်တုက (၂၀-၁၀-၂၀၁၀)ရက်နေ့ ညနေ(၆)နာရီခွဲမှာ ရိုက်ယူပေးတဲ့ တိမ်ပုံမှာတော့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိမလာခဲ့ဘဲ အနောက်တောင်ဖက်ဆီကိုရွေ့သွားခဲ့တာတွေ့ရပါတယ်။ ရခိုင်ကမ်းရိုးတန်းနဲ့ဝေးတဲ့ ပင်လယ်ပြင် ဖက်ဆီကိုဖြစ်ပါတယ်။

အမှန်ကတော့ အောက်တိုဘာလဆန်းကတည်းက အထက်ဖက်ကိုတက်လာခဲ့တဲ့ လေဖိအားနည်း ချိုင့်ဝှမ်း(မုတ်သုံကာလဆိုရင်တော့ မုတ်သုံလေဖိအားတည်းချိုင့်ဝှမ်းးပေါ့ဗျာ) တစ်ခုလုံးတောင်ဖက်ကို နိမ့်ဆင်းကျသွားပါတယ်။ အရင်က မြစ်ဝကျွန်းပေါ်၊ မြေလတ်ပိုင်းတွေအထိ အုပ်နေခဲ့တဲ့ ဒီဖြစ်စဉ်ဟာ အခုတော့ မြစ်ဝကျွန်းပေါ်ရဲ့တောင်ဖက်ကိုဆင်းသွားလို့ မြန်မာပြည်အောက်ပိုင်းတစ်ခုလုံး ရာသီဥတုတွေ တိုးတက်ကောင်းမွန်လာပါတယ်။

ဒီကနေ့ (၂၁-၁၀-၂၀၁၀)ရက်နေ့ မနက်ပိုင်းအခြေအနေမှာ အဓိကပြောစရာတွေကတော့

(၁) လေဖိအားနည်းရပ်ဝန်းဟာ နေရာပြောင်းပြီးရွေ့သွားခဲ့ပေမယ့် ဆက်လက်တည်ရှိဆဲဖြစ်ပါတယ်။ ပိုမိုအားမကောင်းခဲ့သလို အားလည်းလျော့မသွားခဲ့ပါဘူးပါဘူး။ CTT -70°C ကိုထိန်းထားနိုင်ဆဲပါ။

(၂) လေဖိအားနည်းချိုင့်ဝှမ်းဟာ အပေါ်ကို ပြန်တက်မတက်ဆိုတာ တောင်တရုတ်ပင်လယ်က တိုင်ဖွန်း မက်ဂီရဲ့ သွားရာလမ်းကြောင်းပေါ်တည်ပါတယ်။ သူက မြောက်ဖက်တက်ရင် ဘင်္ဂလားပင်လယ်အော်က တိမ်တိုက်တွေကလည်း မြောက်ဖက်ကို(အနည်းငယ်) ပြန်တက် လာနိုင်ပါတယ်။

(၃) ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်း အနောက်တောင်ဖက်ရွေ့သွားခဲ့တာဟာ ပိုမိုကျယ်ဝန်းတဲ့ ရေပြင်ထဲကိုရောက်ရှိသွားစေရုံသာမက အပူချိန်တွေမြင့်တက်နေတဲ့ ပင်လယ်ရေပြင်နဲ့ ပိုမိုနီးကပ်သွားစေတာဟာ သတိပြုရမယ့်အချက်ဖြစ်ပါတယ်။

ဘာဘဲပြောပြော MCCW အနေနဲ့တော့ မပြီးသေးတဲ့ဇာတ်လမ်းဖြစ်နေသေးလို့ ဒီဇတ်လမ်းကို ပြည်ဖုံးကား မချနိုင်သေးပါဘူးဗျာ။

စောင့်ကြည့်အဖြစ်သတ်မှတ်ထားဆဲပါ။

တိုင်ဖွန်း မက်ဂီ နဲ့ပတ်သက်လို့ နောက်ဆုံးခန့်မှန်းထားတဲ့ လမ်းကြောင်းကတော့ (၂၂-၁၀-၂၀၁၀)ရက်နေ့မှာ တရုတ်နိုင်ငံ ဟောင်ကောင်ကျွန်းကို ဖြတ်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနေရာမှာ ဖြစ်နိုင်တဲ့ လမ်းကြောင်းက (၂)မျိုးဖြစ်နေတယ်။ ဟောင်ကောင်ကျွန်းရဲ့ တောင်ဖက် (အောက်ဖက်)က ဖြတ်မှာလား၊ ဒါမှမဟုတ် ဟောင်ကောင်ကျွန်းရဲ့ မြောက်ဖက် (အထက်ထက်)က ဖြတ်မှာလား ဆိုတာပါဘဲ။ ကျွန်တော်တို့ရဲ့အတွေ့အကြုံကတော့ တကယ်လို့ မက်ဂီဟာ ဟောင်ကောင်ရဲ့ တောင်ဖက်ကဖြတ်ရင် latitude lower than 20°N ဖြစ်သွားနိုင်ပါတယ်။ မက်ဂီ ကိုယ်တိုင်တော့ ကျွန်တော်တို့ဖက် ရောက်မလာနိုင်ပေမယ့် ကမ်းကိုဖြတ်တာနဲ့ မြန်မာ့ကမ်းရိုးတန်း ဒေသတွေမှာ မိုးတွေရွာပါလိမ့်မယ်။ (Ramage၊ ထွန်းအောင်ကျော်၊ ခင်မောင်အေး-၁၉၈၅)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved