ရခိုင်ပြည်နယ် မုန်တိုင်း သတိ (၂)

Wednesday, October 20, 2010

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ နိုဝင်ဘာလအထိ မုန်တိုင်းငယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားတာကြောင့် ဧရာဝတီကလည်း မပြတ်တမ်း စောင့်ကြည့်ပြီး သတင်းတွေ ထုတ်ပြန်ပေးနေပါတယ်။ ဧရာဝတီလိုပဲ မုန်တိုင်းသတင်းကို စောင့်ကြည့်နေသူ နောက်တဦးရှိနေမှန်း ဒီနေ့မှ သိလိုက်ရသဗျ။

ဘယ်သူဖြစ်ရလိမ့်မတုန်း။ အနောက်ပိုင်းတိုင်း တိုင်းမှူးကြီးပေါ့ဗျာ။ သူ့ရခိုင်ပြည်နယ်တွင်းက တိုင်းရင်းသားလူမျိုးတွေအတွက် သူလည်း စိုးရိမ်ပူပန်ရှာပုံပါပဲ။ ဒီနေ့ဆိုရင် မနက်ခင်းပိုင်းမှာ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စစ်တွေပွိုင့်ကနေ ရှင်ဥပဂုတ္တဖောင်တော် မျှောစေခဲ့ပါသတဲ့။ အမည်မဖော်လိုတဲ့ တယကအဖွဲ့ဝင်တဦးကတော့ တိုင်းမှူးရဲ့ ယတြာအရ ဟိန္ဒူလူမျိုးတွေကို ဖောင်မျှောခိုင်းရတာပါလို့ ဧရာဝတီကို ပြောပါတယ်။ ရခိုင်တိုင်းမှူးကြီးရဲ့ မုန်တိုင်းအတွက် ပြင်ဆင်မှုကတော့ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေ နမူနာယူဖွယ်ပေါ့ဗျာ။ ဒေသတွင်းမှာ မုန်တိုင်းသတိပေးချက် ထုတ်ပြန်တာမျိုးတော့ အခုထိ မရှိသေးပါဘူးတဲ့။

ဟုတ်ကဲ့။ တိုင်းမှူးကြီး သတိပေးချက်မထုတ်ပြန်ပေမယ့် ဒေါက်တာထွန်းလွင်ကတော့ မွန်းလွဲ ၁ နာရီမှာပဲ မုန်တိုင်းငယ်ဖြစ်ဖို့ နီးစပ်နေပြီလို့ အောက်ပါအတိုင်း လိုတိုရှင်းပဲ ထပ်မံထုတ်ပြန်သွားပါတယ်ခင်ဗျား။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ လေဖိအားနည်း ရပ်ဝန်း ယနေ့ညနေပိုင်းတွင် မုန်တိုင်းငယ်ဖြစ်လာနိုင်သဖြင့် စောင့်ကြည့်ရန် လိုအပ်။ (Updated on 20.10.2010 at 13:00 hrs MST)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved