ဘန်ကောက်မှာ ညစ်ညမ်းခွေရောင်းလို့ မြန်မာ ၂ ယောက် အဖမ်းခံရ

Wednesday, October 13, 2010




ဘန်ကောက်မြို့မှာ ညစ်ညမ်း ဗီစီဒီနဲ့ ဒီဗီဒီ အခွေတွေ ရောင်းနေတဲ့ မြန်မာပြည်သား ၂ ယောက်နဲ့ ထိုင်းနိုင်ငံသားတယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ဒီအခွေတွေကို ရောင်းချနေတဲ့ နေရာကတော့ စီးပွားရေး အချက်အချာကျတဲ့ ဆူကွန်ဗစ် လမ်းမပေါ်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီအနီးအနား တ၀ိုက်မှာလည်း နိုင်ငံတကာ သံတမန် အသိုင်းအ၀န်းတွေလည်း နေထိုင်ကြတယ်လို့ သိရတယ်။

ရဲတွေ ၀င်ဖမ်းတာကတော့ ဆူကွန်ဗစ် ၃ လမ်းကြားနဲ့ ၂၁ လမ်းကြားမှာ ဖြစ်ပါတယ်။ အဲဒီလို ဖမ်းဆီးတဲ့ သတင်းကိုတော့ ထိုင်းဘာသာနဲ့ ရေးသားထားတဲ့ မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီးတော့ ဘန်ကောက်မြို့တော် ရဲဌာန ဒေသ (၅) မှ ရဲမှူးချုပ် Anuchai Lekbumrung က “ညစ်ညမ်း ခွေတွေ ရောင်းချနေတာကို သက်ဆိုင်ရာ ဒေသခံရဲတာဝန်ရှိသူတွေက မျက်ကွယ်ပြုထားကြတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကော်မတီ တရပ်ဖွဲ့သွားမယ်။ မှန်တယ်ဆိုရင် လိုအပ်သလို အရေးယူမှုတွေ လုပ်သွားမယ်” လို့ အဲဒီ သတင်းမှာ ပြောထားပါတယ်။

ဆက်ပြီးတော့ ညစ်ညမ်းခွေ ထုတ်လုပ်သူတွေကိုလည်း ရှာဖွေမယ်၊ ဖော်ထုတ်မယ်၊ ပြီးတော့ အရေးယူသွားမယ် ဆိုတာလည်း ထပ်ပြောသွားပါတယ်။

အဖမ်းခံရသူတွေက အသက် ၂၈၊ ၂၉ နှစ်အရွယ် မြန်မာပြည်သား ၂ ယောက်နဲ့ အသက်၂၀ အရွယ် ထိုင်းအမျိုးသမီးက တယောက် ဖြစ်ပါတယ်။ သူတို့က သက်သေခံ ပစ္စည်အဖြစ် ညစ်ညမ်း ဗီစီဒီ၊ ဒီဗီဒီ အခွေ ၁၀၀ နဲ့ အတူ အဖမ်းခံရတာပါ။

ထိုင်းနိုင်ငံ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၇ အရ ဆိုရင် ညစ်ညမ်းခွေတွေကို ဖြန့်ဖြူးခြင်း၊ ပြသခြင်းတွေကို ထောင်ဒဏ် ၃ နှစ်၊ သို့မဟုတ် ဒဏ်ငွေ ဘတ် ၆၀၀၀၊ သို့မဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် တပေါင်းတည်း အပြစ်ပေးနိုင်တယ်လို့ သိရပါတယ်။

ရောင်းချနေတဲ့ သတင်းကို ဧရာဝတီ သတင်းမှာ ဖော်ပြပြီးပါပြီ။ ဒီနေရာမှာပါ

သန်းထိုက်ဦး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved