ရေးသူက “ဒဂုံသား” ပါတဲ့။ သတင်းစာမှာ ပေါ်လစီ ဘုန်းတော်ဘွဲ့ ဟိမဝန္တာ ချီးမွမ်းခန်းတွေကို မျက်နှာပြောင်တိုက် ရေးသူတိုင်း ဘယ်သူဘယ်ဝါ ဘယ်တုန်းကမှ မသိရတဲ့ ထုံးစံအတိုင်း ဘယ်သူမှန်းတော့ မသိဘူးပေါ့လေ။
စစ်အစိုးရက နိုင်ငံတကာမှာ အလှူခံလို့ မရတာတွေ၊ တခြားသူတွေက ရပုံတွေကို မနာလို တိုရှည်ပေါင်းများစွာနဲ့ စီကာပတ်ကုံးရေးပြီး မဆီမဆိုင် ရွေးကောက်ပွဲမှာ မဲပေးကြဖို့ဆိုပြီး နိဂုံးချုပ်ထားလေရဲ့။
သူတို့ ပေါ်လစီဆောင်းပါး (စစ်အစိုးရ ဝါဒဖြန့် ဆောင်းပါးတွေကို ပြည်သူတွေ အခေါ်) ကို တခါမှ မဖတ်ပေမယ့်လည်း ဧရာဝတီ အကြောင်းပါတော့ ဖတ်ကြည့်ရတာပေါ့။
အတင်းအဖျင်း များများ၊ ကိုယ့်ကိုယ်ကိုယ်မြှောက်၊ သူတပါးကို နှိမ်၊ တမိုးလုံးဖျောက်ဆိပ် ဆောင်းပါးတော်ကြီးပါပဲ။
တလောက ဒိန်းမတ်သံရုံးနဲ့ ဖြစ်တဲ့ကိစ္စကို နားစွန်နားဖျားနဲ့ ရမ်းပြီး ဧရာဝတီကို ကြိတ်ထားတာ တွေ့ရပါတယ်။ သူက လူတတ်ကြီးလုပ်ပြီး ပုံနှိပ်ထုတ်ဝေမှု ကုန်ကျစရိတ်ကိုလည်း တွက်ချက်ပြထားပါသေးတယ်။
သူတို့ စစ်အစိုးရရဲ့ ပိတ်ပင်မှုအမျိုးမျိုးအောက်မှာ သတင်းတွေ နှိုက်ထုတ်ဖို့၊ အခုလို ရွေးကောက်ပွဲ အကြိုကာလမှ သူတို့ ကြံ့ဖွံ့က မဟုတ်တာလုပ်သမျှ အိတ်သွန်ဖာမှောက် အကုန် ဖော်ထုတ်ပြနေတာတွေအတွက် ရင်းနှီးရတာတွေကိုတော့ သတိမထားမိတာလား၊ မသိချင်ယောင် ဆောင်နေသလားတော့ မသိပါ။ (နောက်တခေါက် ဆောင်းပါးရေးရင် အဲဒါတွေလည်း ထည့်တွက်ပေးပါဦးလို့ :P )
ဘာပဲဖြစ်ဖြစ် သူတို့ သတင်းစာထဲကနေ အချိန်ကုန် လူစားခံပြီး တကူးတက ထည့်ရေးနေရတယ်ဆိုတော့ သူတို့လည်း တော်တော် ထိနေပုံရတယ်လို့ ပြောနိုင်ပါတယ်။
တပြိုင်တည်းမှာပဲ ပြည်သူတွေက ဟာသစာစောင်လို့ ခေါ်နေတဲ့ မြန်မာ့ အလင်း (မြန်မာ့ အတင်း)၊ ကြေးမုံ (အဝေးမှုန်) ဆိုတာတွေမှာ ရေးသမျှကို ဘယ်သူမှ မယုံပေမယ့် ထည့်ပြီးရေးပေးတော့လည်း ဧရာဝတီကို လူပိုပြီး အာရုံထားမိတဲ့အတွက် ပရိုမိုးရှင်း ဖြစ်သွားတယ်၊ အမြတ်ထွက်တယ်လို့ပဲ ယူဆမိပါကြောင်း ...။
ထင်ပေါ်လို့ ဆင်တော်ကကောက်တာ ... ဟီး