ဒုတိယမုန်တိုင်း ဖြစ်ဖို့ နီးနေပြီ

Thursday, October 14, 2010


မကြာသေးမီက ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတခုမှ စတင်ခဲ့တဲ့ မုန်တိုင်းငယ်တခုကြောင့် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ မိုးကြီးပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

အခုလည်း နောက်ထပ် မုန်တိုင်းငယ်တခု စတင်ဖို့ အလားအလာတွေ ရှိနေပြန်ပြီလို့ ဒေါက်တာ ထွန်းလွင် (မိုး/ဇလ ငြိမ်း) ရဲ့ ၀က်ဘ်ဆိုက်မှာ သတိပေးထားပါတယ်။ ဒေါက်တာ ထွန်းလွင်ရဲ့ ခန့်မှန်းချက်ကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

"အောက်တိုဘာလအတွင်း ဒုတိယမုန်တိုင်း ဖြစ်ဖို့နီးနေပြီ။ (၁၂-၁၀-၂၀၁၀) ရက်နေ့ ကတည်းက MCCW က စောင့်ကြည့်(၁) အဖြစ် သတ်မှတ်ထားခဲ့တဲ့ လေထု မငြိမ်သက်မှုဟာ ကနေ့ (၁၄-၁၀-၂၀၁၀) ရက်နေ့ မနက်မှာတော့ လေဖိအားနည်း ရပ်ဝန်းတခုအဖြစ်အားတွေ စုစည်းလာနေပြန်ပြီ ဖြစ်ပါတယ်။ ဒီ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအားကောင်းလာနေပြီး နောက်မကြာမီ (၂၄) နာရီ အတွင်းမှာပဲ မုန်တိုင်းငယ်တလုံး ဖြစ်လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင်တော့ ဒီမုန်တိုင်းငယ်ဟာ အခု အောက်တိုဘာလအတွင်း ဒုတိယမြောက် မုန်တိုင်း ဖြစ်လာပြီး ၂၀၁၀ ခုနှစ်အတွက် တတိယမြောက်မုန်တိုင်း ဖြစ်လာပါလိမ့်မယ်။ ဒီဖြစ်လာနိုင်တဲ့ မုန်တိုင်းငယ်ဟာ ကနဦးအစမှာတော့ အနောက်မြောက်ဘက်ဆီကိုပဲ သွားမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် ဒီလို မိုးလွန်ကာလတွေမှာဖြစ်တဲ့ မုန်တိုင်းတွေဟာ အရှေ့မြောက် ဘက်ကို ပြန်ပြန်ကွေ့တတ်လို့ သတိထားရပါမယ်။ မြန်မာနိုင်ငံကိုဝင်တဲ့ မုန်တိုင်းတွေရဲ့ ၄၆ % ဟာ ဒီလို မိုးလွန်ကာလတွေမှာ ဖြစ်တတ်လို့ မြန်မာနိုင်ငံအဖို့ မုန်တိုင်းအန္တရာယ်ကိုတော့ သတိထားဖို့ လိုပါတယ်။ ဒါပေမယ့်လည်း မိုးလွန်ကာလမှာ မြန်မာပြည်ကိုဝင်တဲ့ မုန်တိုင်းအရေအတွက်ဟာ မိုးလွန်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၈ % သာရှိလို့ အလွန်အမင်း စိုးရိမ် (Panic) စရာတော့ မရှိကြောင်းပါဗျာ။ (အနည်းဆုံး လောလောဆယ်မှာပေါ့)။ လက်ရှိ လတ္တီတွဒ်အမြင့်အရ ဧရာဝတီတိုင်းကိုလာဖို့ အခွင့်အရေး အလွန်နည်းပါတယ်။ လာမည့် အောက်တိုဘာလနဲ့ နိုဝင်ဘာလတို့မှာ ဘင်္ဂလားပင်လယ်အော်မှာ စာရင်းအင်း လေ့လာမှုအရ လည်းကောင်း၊ ပုံသဏ္ဍာန်တူနှစ်များ လေ့လာမှု အဖြေအရ လည်းကောင်း မုန်တိုင်းဖြစ်ရန် အလားအလာများ ရှိနေတဲ့အတွက် MCCW မှ မုန်တိုင်းအခြေအနေ သတင်းများကို အချိန်နှင့် တပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ပါတယ်။"

(Updated on 14 October 2010 at 07:45 MST)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved