လိမ်ဖို့တော့ စနေပါပြီ

Monday, November 1, 2010

ပြန်ကြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်တွေ၊ သတင်းထောက်တွေ ကို ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ မဲရုံတွေလိုက်ကြည့်ဖို့ စာရင်းတောင်း ပါတယ်။

မြန်မာတနိုင်ငံလုံးကို အုပ်စု ၁၈ ခု ခွဲပြီးစေလွှတ်မှာပါ။ ပြည်နယ်တိုင်း၊ တစ်ခုဆီမှာ စံပြမြို့နယ် တခုသတ်မှတ်ပြီး သတင်းထောက်တွေ၊ သံတမန်တွေကို မဲရုံလိုက်လံကြည့်ရှုရေးခရီးစဉ် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

ရန်ကုန်၊ ပဲခူးတိုင်း(အနောက်)၊ ပဲခူးတိုင်း(အရှေ့) နဲ့နေပြည်တော်မှာရှိတဲ့ မဲရုံအချိွု့ကို ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ လိုက်ကြည့်ချင်ရင်တော့ လေယာဉ်၊ ကားတွေနဲ့ နေ့ချင်းပြန်
ကြည့်ရှုသွားရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။

ပြည်တွင်းက ဧရာဝတီသတင်းထောက် ပေးပို့သည်

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ် မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်းတွေက မဲရုံတွေကို လိုက်ကြည့်မယ် ဆိုရင် တော့ နိုဝင်ဘာလ ၆
ရက်နေ့မှာ သက်ဆိုင်ရာ ပြည်နယ်တိုင်းတွေဆီကို လေယာဉ်၊ ကားတွေ နဲ့ ထွက်ခွာပြီး အဲဒီပြည်နယ်တိုင်းတွေက မဲရုံတွေကို နိုဝင်ဘာလ ၇ ရက်နေ့ မှာ လိုက်လံကြည့် ရမှာဖြစ်ပါတယ်။

ဒီလိုလုပ်ပေးတာက ဒီရွေးကောက်ပွဲက တရားမျှတလွတ်လပ်ပါတယ်လို့ နိုင်ငံတကာက
ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာပါ။ သံတမန်တွေ၊ သတင်းထောက်တွေက ပြည်နယ်နဲ့
တိုင်းအားလုံးမှာရှိတဲ့ မဲရုံတိုင်းကို လိုက်ကြည့်ခွင့်ရမှာမဟုတ်ဘဲ အစိုးရက စီစဉ်ပေးထားတဲ့ စံပြမဲရုံတွေကိုပဲ သွားကြည့်ရမှာပါ။

ရန်ကုန်၊ နေပြည်တော်မှာဆိုရင် အစိုးရ စီစဉ်ပေးထားတဲ့ မြို့နယ်နှစ်ခု၊ သုံးခုမှာရှိတဲ့ မဲရုံ တွေကို ကြည့်ခွင့်ရပါ့မယ်။ အခြားမြို့နယ်တွေက မဲရုံတွေကို လုံးဝသွားကြည့်ခွင့်ပြုမှာ မဟုတ်သလို သတင်းယူခွင့်လည်းပြုမှာ မဟုတ်ပါဘူး။

မကွေးတိုင်းမှာဆိုရင် မကွေးမြို့ပေါ်က မဲရုံတွေကိုသာ ကြည့်ခွင့်ရပါ့မယ်။ မန္တလေးမှာ ဆိုရင် မန္တလေးမြို့ပေါ်က မဲရုံအချို့ကို ကြည့်ခွင့်ရပါ့မယ်။ ပဲခူးတိုင်း(အရှေ့) ကို လိုက်ပါမယ့် သတင်းထောက်တွေ၊ သံတမန်တွေအနေနဲ့
ပဲခူးမြို့ပေါ်က မဲရုံတွေကို လည်ပတ်ခွင့်ရပါ့မယ်။ ပဲခူးတိုင်း(အနောက်)ဆိုရင်တော့ ပြည်မြို့ပေါ်က မဲရုံတွေကိုသာ ကြည့်ခွင့်ရှိပါ့မယ်။ ဧရာဝတီ တိုင်းသွားမယ့်အဖွဲ့အနေနဲ့ ပုသိမ်မြို့ပေါ်က မဲရုံတွေကိုသာ ကြည့်ခွင့် ရမှာဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ ငပုတောဒေသက မဲရုံတွေကို တော့ သွားရောက်ခွင့်ရမှာ မဟုတ်ပါဘူး။

တနင်္သာရီတိုင်းမှာဆိုရင် မြိတ်မြို့ပေါ်က မဲရုံအချို့ကို ကြည့်ခွင့်ရမယ်။ စစ်ကိုင်းတိုင်းမှာဆိုရင် မုံရွာ၊ ချင်းပြည်နယ်ဆိုရင် ဟားခါး၊ ကချင်ပြည်နယ်ဆိုရင် မြစ်ကြီးနား၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆိုရင်
တောင်ကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဆိုရင် လားရှိုး၊ ရှမ်းပြည်နယ်(အရှေ့) ဆိုရင် ကျိုင်းတုံ၊ ကယားပြည်နယ်ဆိုရင် လွိုင်ကော်၊ ရခိုင်ပြည်နယ်ဆို ရင် စစ်တွေ၊ ကရင်ပြည်နယ်ဆိုရင် ဘားအံ၊
မွန်ပြည်နယ်ဆိုရင် မော်လမြိုင်မြို့ပေါ်က မဲရုံအချို့ကိုသာ လိုက်ကြည့်ခွင့်ရမှာပါ။

သတင်းထောက်တွေ၊သံတမန်တွေအနေနဲ့ စိတ်ကြိုက်လွတ်လွတ်လပ်လပ် သွားချင်ရာသွား
သတင်းယူခွင့်လုံးဝ မပြုပါဘူး။ ခရီးစဉ်အစအဆုံး အစိုးရစီစဉ်ပေးတဲ့အတိုင်းပဲ လိုက်ရမှာပါ။
မြို့နယ်တခုမှာ မဲရုံက ရာပေါင်းများစွာရှိပါတယ်။

သတင်းထောက်၊သံတမန်တွေအနေနဲ့ မဲရုံ ဆယ်ဂဏန်းအရေအတွက်ကိုပဲ တနေကုန်လိုက်ကြည့်ခွင့်ရမှာဖြစ်တဲ့အတွက် အခြားမြို့နယ် တွေက မဲရုံထောင်ပေါင်းများစွာ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာ သိနိုင်မှာမဟုတ်ပါဘူး။

အစိုးရကလည်း စံပြမဲရုံတွေမှာတော့ မှန်မှန်ကန်ကန်လုပ်ကောင်းလုပ်ပြနိုင်ပေမယ့် အခြားမဲရုံ တွေမှာတော့
လုပ်ချင်သလို လုပ်နိုင်ပါတယ်။ သတင်းထောက်တွေ၊ သံတမန်တွေကို ဒီလိုခေါ် ပြရုံနဲ့တော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ သက်သေပြလို့မရနိုင်ပါ ဘူး။

တကယ်တရားမျှတပြီး လွတ်လပ်တယ်လို့ ပြချင်ရင်တော့ နိုင်ငံတကာလေ့လာသူတွေ၊ သတင်းထောက်တွေနဲ့ သတင်းဌာနတွေကို ဖိတ်ခေါ်ဖို့ အရေးကြီးပါတယ်။ အစိုးရက
နိုင်ငံတကာအပြစ်မတင်ခံချင်တော့ လိမ်နည်းမျိုးစုံ သုံးနေတာကို သတိထားရပါ့မယ်။

သတင်းထောက်တွေ၊ သံတမန်တွေပါဝင်တဲ့ အဖွဲ့ ၁၈ ဖွဲ့အနေနဲ့ လူပေါင်း ၂၉ သန်းကျော်မဲပေးမယ့် မဲရုံ ပေါင်း လေးသောင်းနီးပါးကိုတော့ ဘယ်လိုမှ ကြည့်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒီ ၁၈ ဖွဲ့အလွန်ဆုံးကြည့်နိုင်လှ မဲရုံ ၂၀၀
လောက်သာ သွားခွင့်၊ ကြည့် ခွင့် ရမှာဖြစ်ပါတယ်။

စစ်အစိုးရကတော့ လိမ်နည်းမျိုးစုံသုံးပြီး ရွေးကောက်ပွဲကို တရားမျှတလွတ်လပ်တယ်ဆိုပြီး နိုင်ငံတကာကို လိမ်ညာဖို့ ကြိုးစားနေတယ်ဆိုတာ သိစေချင်ပါတယ်။

ပြည်တွင်းမှ ဧရာဝတီသတင်းထောက် ပေးပို့သည်

2 comments :

  1. နဒီ said... :

    အမျိုးမျိုးပါလားဧရာဝတီ၊ မပြတော့လဲမပြလို့၊ ပြပြန်ရင်လဲပြလို့၊ ဒါဆိုဘယ်လိုလုပ်ရမလဲ၊ ညွှန်ကြားပေးပါဦး၊ သွားချင်ရာသွားလွှတ်ပေးလိုက်ရမလား၊ တစ်ခုခုဖြစ်ရင် တာဝန်ယူမလား ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့ကြံနေတာလား။

  1. Anonymous said... :

    ဘာကိုမှ အခွင့်အရေးမရှိတဲ့ ရွေးကောက်ပွဲကနေ ၀င်ပြိုင်မယ့် ပါတီတွေအနေနဲ့လည်း အချိန်မီ နှုတ်ထွက်သင့်ပါတယ်၊ ပြိုင်ဘက်ပါတီများရှိပါတယ်ဆိုတာကို ကမ္ဘာကို လိမ်ညာဖို့ အိပ်ဖြည့်ဖြစ်နေလို့ပါ၊ သတင်းထောက်တွေအနေနဲ့လည်း အစိုးရစီစဉ်တဲ့အတိုင်းသာ သတင်းယူ၊ ပေ ၁၅၀ အကွာကနေသာ ဓာတ်ပုံရိုက်သည်တို့ကို လုပ်ရမှာဖြစ်စ်သည့်အတွက် ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး၊ သတင်းထောက်တွေကိုလည်း သတင်းယူခွင့်ပြုထားပါတယ်၊ ဒါကြောင့် တ၇ားမျှတပါတယ်လို့ အစိုးရအတွက် ပြောစရာအကြောင်းပြချက်ရသွားရုံမှ တပါး ဘာမှ ဖြစ်လာမှာ မဟုတ်သည့်အတွက် သတင်းဋ္ဌာနအားလုံး သဘောတူညီညွှတ်စွာနဲ့ သတင်းလုံးဝ လိုက်မယူတော့ခြင်းကသည်ပင်လျင် အကောင်းလို့ ထင်ပါတယ်၊ (ဘာပဲ ဖြစ်ဖြစ် အစိုးရအတွက်တော့ ကမ္ဘာကို လိမ်ညာဖို့ အကြောင်းပြချက် တစ်ခု လျော့သွားမှာပေါ့)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved