ကြံ့ဖွံ့ဆို ကမ္ဗည်း ကျောက်တိုင်လည်း ဝေးဝေးက ရှောင်ပါ

Tuesday, November 2, 2010

ကြံ့ဖွံ့ပါတီဝင်တွေတင် မကဘူး ကြံ့ဖွံ့က ထောင်ထားတဲ့ ကမ္ဗည်း ကျောက်စာတိုင်ကလည်း ဒုက္ခပေးတတ်သေးကြောင်းကို အခု ပေးပို့လာတဲ့ သတင်းအရ သိရပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ ကြံ့ဖွံ့ပါတီရဲ့ လမ်းခင်းခြင်း အထိမ်းအမှတ်အဖြစ် စိုက်ထူထားတဲ့ မော်ကွန်းကျောက်စာတိုင်ကို ခလုတ်တိုက်မိရာမှ လဲကျပြီး အသက် ၄၆ နှစ်အရွယ်အမျိုးသမီး သေဆုံးသွားပါတယ်တဲ့။

ကြံ့ဖွံ့ပါတီက လမ်းများခင်းပြီးတိုင်း လမ်းထိပတွေ ကြံ့ဖွံ့ပါတီက လမ်းခင်းပေးသည် ဆိုတဲ့ စာသားရေးထိုးထားတဲ့ မော်ကွန်းကျောက်တိုင်တွေကို စိုက်ထူလေ့ရှိပြီး တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက်၊ သုတ ၁ လမ်းကိုလည်း ကြံ့ဖွံ့ပါတီက ကွန်ကရစ်လမ်းအဖြစ်ခင်းပေးခဲ့ပြီး ကြံ့ဖွံ့ပါတီက မော်ကွန်းကျောက်စာတိုင် ငယ်တခုကို စိုက်ထူထားခဲ့ပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ မှောင်ရီပျိုးချိန် သုတ ၁ လမ်းတွင် နေထိုင်သူ အသက် ၄၆ အရွယ် ဒေါ်အေးရီဟာ လမ်းလျှောက်ရင်း ကြံ့ဖွံ့ပါတီရဲ့ မော်ကွန်းကျောက်စာတိုင်ကို ခလုတ်တိုက်မိကာ လဲကျပြီး ကွန်ကရစ်လမ်းဘောင်နှင့် ဦးခေါင်း အရှိန်ပြင်းပြင်း ဆောင့်မိသွားခဲ့တာလို့ သိရပါတယ်။

စိုက်ထားတဲ့ ကျောက်တိုင်က အင်မတန်သေးနေကြောင်းနဲ့ လမ်းသွားလမ်းလာ မလွတ်ကြောင်းကို အဲဒီရပ်ကွက်မှာ နေသူတဦးက အခုလို ပြောပါတယ်။

“ကြံ့ခိုင်ရေးက အထိမ်းအမှတ်စိုက်ထူထားတဲ့ ကျောက်စာတိုင်က လမ်းမှာ လမ်းလျှောက်တဲ့ သူတိုင်း ခလုတ်တိုက်မိတယ်။ ကျောက်စာတိုင် အကြီးကြီးစိုက်ရင်လည်း စိုက်ပေါ့။ ခုတော့ ခပ်သေးသေးလေး
စိုက်ထားတော့ လမ်းသွားလမ်းလာတွေ ခလုတ်တိုက်မိကုန်တယ်။ ဒေါ် အေးရီကတော့ ကံဆိုးတာပေါ့”

ခလုတ်တိုက်မိပြီးနောက် ဦးခေါင်းကို ဒဏ်ရာရသွားသော ဒေါ်အေးရီကို စံပြဆေးရုံကြီးသို့ အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းတွင် အတွင်းလူနာအဖြစ် တင်ပို့ခဲ့ပေမယ့် ဒဏ်ရာအရှိန်ပြင်းတာကြောင့် ဦးခေါင်းအတွင်း သွေးယိုကာ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းတွင် သေဆုံးသွားခဲ့ပါတယ်။

“ဆောင့်မိတဲ့ အရှိန်က ပြင်းတော့ အထဲမှာ ခေါင်းကွဲပြီး သွေးယိုသွားတယ်။ အဲဒီဒဏ်နဲ့ပဲ ဆုံးသွားတယ်။ သုတ ၁ လမ်းမှာနေတဲ့ လူတွေက မကျေနပ်ကြဘူး။ အဲဒီကျောက်စာတိုင် ကြောင့် ခလုတ်တိုက်လဲတဲ့သူတွေ ခဏခဏ ဖြစ်နေတယ်” လို့ ၄ ရပ်ကွက်သားတဦးက ပြောပါတယ်။

အဆိုပါသတင်းကို မြို့တော်ဝန် ဦးအောင်သိန်းလင်းနဲ့ ကြံ့ဖွံ့ပါတီဝင်တွေ ကြားသိတဲ့အခါ ဒေါ်အေးရီ သေဆုံးရခြင်းဟာ ကြံ့ဖွံ့ပါတီကျောက်စာတိုင်နဲ့ ခလုတ်တိုက်လဲခြင်းကြောင့် မဟုတ်ဘဲ သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက် လဲကျ ကွယ်လွန်သွားတာပါလို့ သတင်းတွေ လွှင့်ကြတယ်လို့ တောင်ဥက္ကလာသားများက ဆိုပါတယ်။

ဒေါ်အေးရီရဲ့ ဈာပနကို ဒီနေ့ မနက် ကျင်းပတယ်လို့ နောက်ဆုံး သိရှိရပါတယ်။

ကြံ့ဖွံ့ဆိုရင် ပါတီရော၊ ပါတီဝင်ရောသာမက ကျောက်တိုင်လို ကြံ့ဖွံ့အရာဝတ္ထုကလည်း ဒုက္ခပေးတတ်သေးကြောင်းပါ။

ပြည်တွင်းမှ ဧရာဝတီသတင်းထောက် ပေးပို့သည်။

1 comments :

  1. Anonymous said... :

    တရုတ်ဆိုရိုးဟုထင်သည့်ဆိုရိုးတစ်ခုကြားဖူးပါသည်။”အဆိပ်ရှိတဲ့သူ(အန္တရာယ်ပေးတတ်တဲ့သူ)ရဲ့တံထွေးထိမိလျှင်ပုရွက်ဆိတ်တောင်သေသည်”ဆိုလားပဲ။ကြံ့ဖွတ်နှင့်တိုက်ရိုက်(သို့)သွယ်ဝိုက်ဆက်သွယ်မိနေသောပစ္စည်းအရာဝတ္ထုအားလုံးကျိန်စာသင့်နေသကဲ့သို့လူကိုဒုက္ခပေးတတ်သလားဟုစဉ်းစားမိကြောင်းပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved