ဖုဖ္ဖရမြို့မှ မြန်မာစတိတ်ရှိုး

Monday, November 29, 2010








photo;Irrawaddy

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ ဖုဖ္ဖရမြို့တွင် နာမည်ရမြန်မာအဆိုတော်များ၏ တေးဂီတ ဖျော်ဖြေပွဲကို စနေနေ့ ညကပြုလုပ်ရာ မြန်မာအ လုပ်သမား (၁၅၀၀) ခန့် သွားရောက်အားပေးခဲ့ကြသည်။

အဆိုပါတေးဂီတပွဲကို ဖုဖ္ဖရမြို့နယ်အခြေစိုက် U Fm 95 MHz အသံလွှင့်ရုံတည်ထောင်ခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ်ပွဲအဖြစ် ကျင်းပခြင်းဖြစ်ပြီး ချစ်သုဝေ၊ ဂျင်းနီနှင့် နောနော်တို့ လာရောက်သီဆိုခဲ့ကြသည်။

စိုက်ပျိုးရေးလုပ်ငန်းများ အဓိကလုပ်ကိုင်သည့် ဖုဖ္ဖရမြို့နယ်တွင် မြန်မာအလုပ်သမား (၆) သောင်းခန့်ရှိသော်လည်း တေးဂီတပွဲ၏ လက်မှတ်တစောင်ကို ထိုင်းဘတ်ငွေ (၃၀၀) ဖြင့် ရောင်းချသောကြောင့် အလုပ်သမားအများစုမှာ ကြည့်ရှုနိုင်သည့် အနေအထားမရှိဟု နှင်းဆီခြံလုပ်သား ကိုထွန်းကပြောသည်။

၎င်းက "ဒီနယ်မှာက စိုက်ပျိုးရေးအလုပ်သမားတွေရဲ့ တနေ့လုပ်အားခက ဘတ် (၈၀-၉၀) အများဆုံးဘဲ အလုပ်ကလည်းနေ့တိုင်းရှိတာမဟုတ်ဘူး ဒီပွဲကြည့်ဖို့ အတွက်အလုပ် (၃)ရက်လောက်လုပ်ရမယ့် သဘောရှိတယ်"ဟုပြောသည်။

ခရမ်းချဉ်သီးခြံမှ မနွယ်နွယ်က"ဂျင်းနီကိုကြိုက်လို့ သွားအားပေးချင်ပေမယ့် ပိုက်ဆံမရှိလို့ရုံထဲ ၀င်မကြည့်နိုင်ဘူး၊ ရုံအပြင်ကနေပဲ လှမ်းကြည့်ရတယ်၊ ကျမတို့ကခရမ်းချဉ်သီးခြံမှာတနေ့ ဘတ် (၅၀) ပဲရတယ်" ဟု ပြောသည်။

မြန်မာအလုပ်သမားများ အများစုရှိသည့်အတွက် မြန်မာတေးဂီတပွဲကို စီစဉ်ခြင်းဖြစ်သော်လည်း မှန်းထားသကဲ့သို့ ဖြစ်မလာသောကြောင့် ယခုပွဲတွင်စီးပွားရေးအရ ရှုံးသည်ဟု ပွဲစီစဉ်သည့် အဆိုပါအသံလွှင့်ရုံ၏ ထိုင်းဒီဂျေတဦးက ပြောသည်။

၎င်းအသံလွှင့်ရုံသည် ဒေသတွင်း သတင်းများနှင့် ဖျော်ဖြေရေးကဏ္ဍများကို ထိုင်း ၊ မြန်မာ ၊ ကရင် ၊ မုံး စသည့် ဘာသာများဖြင့် နေ့စဉ် အသံလွှင့်ပေးနေသည့်အတွက် မြန်မာအလုပ်သမား များနားထောင်ကြသည့် လေလှိုင်းဖြစ်သည်ဟု ဖုဖ္ဖရမြို့မှ မြန်မာပြည်သားတဦးကပြောသည်။

သရုပ်ဆောင်နှင့် အဆိုတော်ဖြစ်သည့် ချစ်သုဝေ က "အခုလိုချွေးနဲစာတွေနဲ့ လာအားပေးကြတဲ့ မြန်မာတွေကို ကျေးဇူးတင်ပါတယ်၊ လိုရာဆန္ဒတွေပြည့်ဝကြပါစေ" ဟု မြန်မာပရိသတ်များကို စင်မြင့်ပေါ်မှ ပြောကြားခဲ့သည်။

အဆိုပါအဆိုတော်များသည် ယမန်နေ့ညကလည်း မဲဆောက်အခြေစိုက် BLUE Fm 98.75 MHz အသံလွှင့်ရုံ (၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မဲဆောက်မြို့ပိုင်ရုံးဝင်း အတွင်းရှိစင်မြင့်တွင် သီဆိုဖျော်ဖြေခဲ့ကြသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved