ရန်ကုန်သားတဦးရဲ့ ပေးစာ

Sunday, November 7, 2010







ရန်ကုန် စံတော်ချိန် ၁၂ နာရီခွဲလောက်က ပို့လိုက်တဲ့ ရန်ကုန်က ပေးစာတစောင်ကို ဓာတ်ပုံများနဲ့တကွ ဖော်ပြ ပေးလိုက်ပါတယ်။


အယ်ဒီတာရေ


ဒီနေ့တော့ မြန်မာတပြည်လုံး မဲပေးကြတယ်နော်။ ဒါပေမယ့် မဲသွားထည့်တဲ့ လူတွေပြောတာကို သိရတာကတော့ မဲဆန္ဒဖြတ်ပိုင်းမှာ သူတို့ကတခြမ်း ဆန္ဒမဲပေးတဲ့သူက တခြမ်း ယူကြပါတယ်တဲ့။ အဲဒီ ဘောက်ချာ ဖြတ်ပိုင်းလိုဟာမှာ ဘာအရေအတွက် ဂဏန်းစဉ်၊ အမှတ်စဉ်ပေါ့ဗျာ ပါမလာပါဘူးတဲ့။ အဲဒီလိုဆို သူတို့ဟာ သူတို့ ဖြတ်ပိုင်းပိုင်း ပြီးတော့ မဲကို ရောထည့်လို့ ရနိုင်ပါတယ်လို့ တော်တော်များများ ပြောကြ ပါတယ်ခင်ဗျာ။ နောက်ပြီးတော့ကာ မဲမပေးဘဲ နေမယ်၊ ဆန္ဒပြမယ်ဆိုတဲ့ လူများကလည်း ဒီနေ့ မနက်ပိုင်းမှာတင် သွားရောက် မဲပေးနေတာ တွေကိုလည်း မြင်တွေ့ နေရပါတယ်ခင်ဗျာ။ အခု ပုံတွေကတော့ ကျနော်တို့ အိမ်ရှေ့က မဲရုံက ပုံတွေဖြစ်ပါတယ်။

ညကလည်း မနက်ဖြန် မဲလာထည့်ပေးဖို့ကို ရပ်ကွက်လူကြီးများက လှုံ့ဆော်သွားပါတယ်။ ကျနော်တို့ တဲ့အိမ်ရာဟာ ပုဂ္ဂလိက ဆေးရုံတရုံနဲ့ နီးသောကြောင့် သူနာပြု ဆရာမများ၊ ရုံးဝန်ထမ်းများ နယ်ကလာပြီးတော့ ဒီမှာ နေထိုင် အလုပ်လာလုပ် နေကြတဲ့ သူတွေပေါ့။ သူတို့ဆိုရင် အခု မနက်ပိုင်းမှာ မဲလာထည့်တာ တွေ့ရပါတယ်။ ရပ်ကွက် ဧည့်စာရင်း တိုင်မရမှာ စိုးလို့ပါလို့လည်း ပြောတာကို ကြားသိရပါတယ်။

3 comments :

  1. Anonymous said... :

    သူတို့ ယူထားတဲ့ ဖြတ်ပိုင်းက မဲပေးသူရဲ့ အမည်၊ မဲရုံအမှတ် စတာတွေပါ။ မဲပေးပြီးသားတွေ ၂ ခါပြန်ပေးတာမျိုးဖြစ်မှာဆိုးလို့  မဲပေးပြီး မပြီး မှတ်တမ်းယူထားတာပါ။ မဲပေးမဲ့သူကို ပေးတဲ့ စာရွက်တွေက ကိုယ့်မဲဆန္ဒနယ်မှာ ဝင်ပြိုင်မဲ့ အမတ်တွေနဲ့  ပါတီတံဆိပ်တွေပါ။ ဘယ်လိုမှ ရောထည့်လို့ မရပါဘူး။

  1. မောင်ရစ် said... :

    ကြည့်ရတာ ဒီပေးစာကို ပေးတဲ့ လူက ကိုယ်တိုင်တော့ မဲသွားမပေးဘူး ထင်တယ်။ မဲစာရင်းကို စစ်ဆေးပီးရင် မဲစာရွက်ကို ထုတ်ပေးတယ်လေ၊ ထုတ်ပေးတဲ့ မဲစာရွက်မှာ တပိုင်းမှာ လက်မှတ်ထိုးပီး၊ အဲဒီ့ လက်မှတ်ထိုးထားတဲ့ အပိုင်းကို ဖြတ်ပီး ပြန်ပေးရတယ်၊ ကိုယ့်လက်ထဲမှာ ကျန်တဲ့ တပိုင်းမှာ ဆန္ဒပြုပီး မဲပုံးထဲထည့်ရတယ်။ မဲပုံးထဲ ထည့်ရတဲ့ အပိုင်းမှာ ဘယ်သူဘယ်ဝါလို့ သိစေတဲ့ အမှတ်အသား လုံးဝ မပါဘူးလေ၊ ဒါမှ မဲပေးရတာ လုံခြုံမှု ရှိမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ပေးရတာ ကျေနပ်ပါတယ်။ လွတ်လပ်တယ်။ မဲဆွယ်ခွင့် ကာလ အနေအထားအရ မျှတတဲ့ ရွေးကောက်ပွဲလို့တော့ မဆိုနိုင်ဘူး၊ ဒါပေမယ့် မဲပေးရတာတော့ လွတ်လပ်မှုရှိတယ်။ လူတွေလည်း အနှစ် ၂၀ မှ တခါကြုံရတာမို့ စိတ်လှုပ်ရှားစွာနဲ့ မဲလာပေးကြတာ သတိထားမိတယ်။

  1. မဲပေးတယ်ဆိုကတည်းက ဘာနိုင်ငံရေးခံယူချက်မှ မရှိတဲ့သူ သို့မဟုတ် စစ်တပ်ရဲ့ 2008 အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲဆိုတာကို အတည်ပြုပေးတဲ့ စစ်အုပ်စုရဲ့ ဘက်တော်သားပဲ။ မပေးဘူးမတွေ့ကြုံဘူး လို့ သွားပေးတာတဲ့လား? အတော်စိတ်ပျက်စရာကောင်းတဲ့ လူတွေပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved