တရားခံ ဘယ်သူလဲ ...?

Friday, November 5, 2010

စစ်အစိုးရရဲ့ ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရတနာပုံတယ်လီပို့ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတွေကို ပြည်ပနေ DDoS နဲ့ တိုက်နေတာ ၄ ပတ်လောက် ရှိပါပြီဆိုပြီး ရတနာပုံက ကြေညာတာ တွေ့ရပါတယ်။

တကယ်တမ်း သူတို့ ပြောသလိုသာ အဲဒီလောက် ကြာကြာ တိုက်မယ်ဆိုရင် ဒေါ်လာသန်းချီပြီး ကုန်မယ်လို့ အိုင်တီပညာရှင်တွေက ပြောတာကြောင့် ဒါကလည်း ယုတ္တိတန် မတန် စဉ်းစားစရာ ဖြစ်နေပါတယ်။

သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ISP ရဲ့ DNS ဆာဗာကို တိုက်ခိုက်တာ မဟုတ်ဘဲ အင်တာနက် သုံးစွဲမှု ရပ်သွားအောင် တိုက်ခိုက်ပါတယ်ဆိုပြီး ဖော်ပြထားလေတော့ ဘာကြောင့်များ ရွေးကောက်ပွဲ နီးကာမှ အင်တာနက် မသုံးနိုင်အောင် ရွေးတိုက်ရသလဲ ဆိုတာကလည်း တွေးတွေးပြီး ရယ်စရာ ဖြစ်နေပါတယ်။

သူတို့ကတော့ အခု တိုက်ခိုက်မှုဟာ နိုင်ငံတော် ဆိုက်ဘာ ခြိမ်းခြောက်မှု အဆင့် (National Cyber Threat Level) ဆိုပြီး ပြောထားပါတယ်။

Anti DDoS Syatem စနစ်တွေကို ပြည်ပက ဝယ်ပြီး ပညာရှင်တွေပါ ထပ်ခေါ်ကာ ကာကွယ်ဖို့ ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။

AFP သတင်းတပုဒ်မှာတော့ ရွေးကောက်ပွဲ ကာလမှာ အင်တာနက် ရ မရ မသေချာဘူးလို့ ရတနာပုံ တယ်လီပို့ ဝန်ထမ်းတဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ကျွမ်းကျင်တဲ့ အိုင်တီပညာရှင်များရဲ့ သုံးသပ်အချက်အရ DDoS နဲ့ တိုက်တာမျိုးဟာ တောက်လျှောက် လုပ်ဖို့ မလွယ်ကြောင်း၊ အကုန်အကျလည်း အလွန်များကြောင်း သိရပါတယ်။

ဒါ့အပြင် DDoS နဲ့ တိုက်တာ ရပ်သွားရင် သူ့နဂို Bandwidth အတိုင်း ပြန်တက်လာရမှာ ဖြစ်ပေမယ့် ပြန်တက်မလာတာဟာ ထူးခြားနေတယ်လို့ ထောက်ပြပါတယ်။

အရင်က ဂျော်ဂျီယာနဲ့ အက်စတိုးနီးယားနိုင်ငံ ၂ ခုရဲ့ နိုင်ငံတော် ဆာဗာကို တိုက်ခိုက်တာမျိုး ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာ သူတို့ အိမ်နီးချင်း နိုင်ငံကြီးရဲ့ လက်ချက် ပါတယ်လို့ အားလုံးက သုံးသပ်ခဲ့ကြပါတယ်။

အခု စစ်အစိုးရကို တိုက်ခိုက်နေပါတယ်ဆိုတဲ့ နှုန်း 14 Gbps ဟာ အဲဒီ ၂ နိုင်ငံထက်တောင် မြင့်နေပြီး စံချိန်သစ် တင်မယ့် သဘော ရှိနေပါတယ်။ ဒါပေမယ့် စစ်အစိုးရကို ဘယ်သူက ဒေါ်လာသန်းချီ အကုန်ခံပြီး ရွေးကောက်ပွဲ အနီးမှာ ဆာဗာကို အင်တာနက် သုံးလို့ မရအောင် ရွေးပြီး တိုက်မလဲဆိုတာကတော့ အင်မတန် စဉ်းစားရ ခက်နေပါတယ်။

Security Engineering အဖွဲ့တခုဖြစ်တဲ့ Arbor Network မှာ ပညာရှင် Craig Labovitz က ဆန်းစစ်ဖော်ပြထားပါတယ်။ အဲဒီသတင်းကိုလည်း သူ Update လုပ်နေတာကို တွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် နဂိုကတည်းက တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ ပြောပြီးသားဖြစ်တဲ့ ရွေးကောက်ပွဲကာလမှာ သတင်းစီးဆင်းမှု ချယ်နယ်တွေ ပြတ်တောက်ခြင်းဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး ဆိုတာပါပဲ။

အကြီးကျယ်ဆုံး သံသယဖြစ်စရာကတော့ တိုက်ခိုက်ခံရလို့ အင်တာနက် ကျနေတယ်ဆိုပေမယ့် အဲလို သုံးမရဖြစ်နေတာ အရပ်ဘက်၊ ပြည်သူသုံးတွေမှာသာ ဖြစ်ပြီး စစ်ဘက်ဆိုင်ရာတွေမှာကတော့ အင်တာနက် ကောင်းမွန်နေတဲ့အချက်၊ သူတို့ သုံးလို့ ရနေတယ်ဆိုတဲ့ အချက်ပါပဲ။

ခက်ထန်

3 comments :

  1. Anonymous said... :

    ရှင်းရှင်းလေး ... ဘာမှမရှုပ်ဘူး၊ ၂၀၀၇ စက်တင်ဘာလို ဖြစ်မှာစိုးလို့

  1. Anonymous said... :

    အရူးစကား အနန်းယုံ ဆိုသလိုတော့ ဖြစ်နေပြီ ကမ္ဘာပေါ်က ဘယ် hacker ကများ ဘယ်လောက် ချမ်းသာဖူးလို့လဲ NSA ကို ၀င်attack လုပ်တဲ့ ကောင်တောင် ချာတိတ်လေး မင်းပြောသလိုဆို ပိုက်ဆံ ရှိမှ attack လုပ်ရမလိုဖြစ်နေပြီ ဘာမှ မသိတဲ့ ပြည်သူတွေကို လျှောက်မဖြီးပါနဲ့ကွာ မင်းအစား ငါရှက်လွန်းလို့.......

  1. Anonymous said... :

    DDoS attack ပါ။ hack ရုံ သက်သက် မဟုတ်။
    ငွေကုန်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved