သံဝေဂ ရစရာ လူဆိုး

Monday, November 29, 2010



ကိုရဲ

စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ် ခင်ညွှန့်ရဲ့ ပုံကိုကြည့်ပြီး လူတွေသံဝေဂ ရခဲ့ကြတယ်။ တခါတုန်းက ဇာတ်မင်းသားလေးလို ကြော့ကြော့လေးနေပြီး မီဒီယာရှေ့မှာ ကလေးတွေကို နမ်းနမ်းပြလေ့ရှိတဲ့ ဗိုလ်ချုပ် ခင်ညွှန့်တယောက် အခုလိုမျိုး အထီးကျန်ဆန်စွာ ဇာတ်သိမ်းခဲ့ရလိမ့်မယ်လို့ တွေးထင်ပုံမရခဲ့ဘူး။

(၁)
ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတွေက ဗိုလ်ချုပ် ခင်ညွှန့်ကို အနည်းဆုံး (၃) ကြိမ်နီးပါးလောက် အနီးကပ် ဆုံဆည်းခဲ့ကြဖူးတယ်။

ပထမအကြိမ်က ဘုန်းမော်အရေးအခင်း ဖြစ်ပွားနေချိန်၊ မတ်လ (၁၅) ရက်နေ့မှာ စစ်ဝါဒီတွေက ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းကို သူပုန်စခန်းတခုလို ဝင်သိမ်းပြီး ကျောင်းသားတွေကို မျက်ရည်ယိုဗုံးနံ့တွေ ဝေနေတဲ့ ပင်မအဆောက်အဦရှေ့မှာ စုထိုင်ခိုင်းတယ်။ ပြည်ထဲရေးဝန်ကြီး ဦးမင်းဂေါင်နဲ့ ပညာရေးဝန်ကြီး၊ ပါမောက္ခတွေ လာတဲ့အခါ ကိုတင်ထွန်းအောင် (တတိယနှစ်၊ ဓါတု) က “ခင်ဗျားတို့ အသုံးမကျလို့ ကျောင်းသားတွေ သေကုန်ပြီ” ဆိုပြီး ဒေါသတကြီးထချဲတယ်။

“ဟာ ... ဒီကျောင်းသားလေးက ကျော်ဟိန်း အတိုင်းပါလား။ ကဲ ... ကဲ ... သူ့ကို ရုပ်ရှင် ရိုက်ပေးလိုက်ကြပါဦး”

ကိုတင်ထွန်းအောင်ရဲ့ မျက်နှာရှေ့မှာ ကင်မရာတွေ ဝဲလာတယ်။

မှတ်တမ်းတင်တဲ့သူကတင်၊ ဓါတ်ပုံရိုက်တဲ့သူတွေကလည်း တဖြတ်ဖြတ်ရိုက်၊ အဲဒီအရာရှိနဲ့ သူ့ရဲ့လူ နှစ်ယောက်က စာအိပ်ထူကြီးထဲက ဓါတ်ပုံတွေကို တခုခြင်းထုတ်ပြီး ကျောင်းသားတွေရဲ့ မျက်နှာတွေနဲ့ တိုက်ကြည့်တယ်။

ကျောင်းသားတွေကို တယောက်ပြီးတယောက် ဆွဲထုတ်ပြီး အဆင့်ဆင့်ခွဲထားတဲ့ အချုပ်ကားကြီးတွေပေါ်ကို ဖမ်းတင်လိုက်ကြတယ်။ ကျောင်းသားတွေရဲ့ ရင်ထဲမှာ အဲသလို မိန်းမလိုမိန်းမရ ပြောတတ်တဲ့ ဗီလိန် ဝင်းညွှန့်လို မျက်နှာနဲ့လူကို မှတ်မိနေဖြစ်ခဲ့ကြတယ်။

စစ်အာဏာသိမ်းပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို အသက်သွင်းလိုက်ပြီး မြန်မာ့ရုပ်သံမှာ သူ့ကိုပြန်တွေ့လိုက်ရတော့မှ ...
“သြော် ... ဗိုလ်ချုပ်ခင်ညွှန့်ဆိုတာ ဒီသူတောင်းစားကိုး” လို့ သဘောပေါက်လိုက်မိတယ်။

ဘယ်လိုလုပ် မေ့လို့ရမှာလဲ။ ယမ်းနံ့တွေကြားမှာ အရာအားလုံးက သွေးပျက်ဖွယ်။ နာကျင်စိတ်နဲ့ အံကြိတ် လက်သီးဆုပ်ရုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့ အချိန်မှာ သူတို့က ဓါတ်ပုံတွေတခုပြီးတခုထုတ်၊ ကျောင်းသားတွေရဲ့ မျက်နှာတွေကို တရားခံရှာသလို စေ့စေ့စပ်စပ်လိုက်ကြည့်၊ ရိသလိုလို၊ ထေ့သလိုလို မျက်နှာပေးနဲ့။ စိတ်ကူးထဲမှာ အကြိမ်ကြိမ် ဖနှောင့်နဲ့ထပေါက်ခဲ့တဲ့ မျက်နှာတခု။

(၂)

ဒုတိယကြိမ် တွေ့ဖူးခဲ့တာက မန္တလေးမြို့ မျက်စိ နား နှာခေါင်း ဆေးရုံမှာဖြစ်တယ်။ အကျဉ်းထောင်ထဲမှာ ကျန်းမာရေးမကောင်းတဲ့ သူငယ်ချင်းတယောက် မျက်စိဆေးရုံမှာ တက်နေတယ်ဆိုတဲ့အတွက် သတင်းသွားမေးနေချိန်။ ဗိုလ်ချုပ်ခင်ညွှန့် လာမယ်ဆိုတော့ လူနာလာမေးတဲ့သူတွေကို အကုန်ထွက်ခိုင်းတယ်။ ခင်မင်နီးစပ်တဲ့ သူနာပြုဆရာမလေးကြောင့် ကျနော်တို့တတွေကတော့ ဆေးရုံထဲက အခန်းတခုမှာ ဆက်လက်နေထိုင်ခွင့်ရခဲ့တယ်။

ခွဲစိတ်ခန်းတွေထဲကို ဝင်ကြည့်ပြီး သိပ်မကြာပါဘူး၊ ဗိုလ်ချုပ်ခင်ညွှန့်တို့တတွေ ပြန်သွားခဲ့ကြတယ်။ သူပြန်သွားတော့ ထုံးစံအတိုင်း အတင်းတွေ တိုးတိုးတိုးတိုး ကျန်နေခဲ့တယ်။ စစ်အုပ်စုနဲ့ နီးစပ်တဲ့ ဆရာမလေးတွေကတော့
“ဟယ် လက်ကလေးတွေကို နုနေတာပဲ” လို့ ဆိုကြသလို
စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ဆရာဝန်တွေ၊ ဆရာမတွေကတော့
“အောင်မလေး၊ သူတို့အလှည့်ကျတော့ ကြောက်တတ်လိုက်ကြတာ။ ခွဲခန်းထဲဝင်တာတောင် ဆေးရုံကပေးတဲ့ Mask တွေကိုမသုံးရဲဘူး” တဲ့။

တကယ်တော့ ပြည်သူတွေကို သူတို့မယုံပါဘူး။ ပြည်သူတွေက သူတို့ကို မုန်းတီးနေတယ်ဆိုတာကို သဘောပေါက်နေသလို အချိန်မရွေး လုပ်ကြံခံရနိုင်တယ် ဆိုတာကိုလည်း နားလည်နေပုံရတယ်။

(၃)
တတိယအကြိမ်ကတော့ တကယ့်ကိုမှတ်မှတ်ရရပါ။

၁၉၉၅ ဒီဇင်ဘာလထဲမှာ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ကျင်းပတော့ ကျနော်တို့တတွေ ပင်းယဆောင်နဲ့ ပဲခူးဆောင်က သူငယ်ချင်းတွေဆီမှာ ညပေါင်းများစွာ အိပ်ဖြစ်ခဲ့ကြတယ်။

အဆောင်အသီးသီးမှာ တီးဝိုင်းတိုက်နေကြတယ်။ စစ်အာဏာရှင်တွေကို ဆန့်ကျင်နေကြပေမယ့် ကံ့ကော်ရနံ့ သီချင်းသံတွေ၊ လတ်ဆတ်မှုနဲ့ရင်ခုန်ခြင်း အိပ်မက်တွေကြားမှာ ကျောင်းသားတွေ နုပျိုတက်ကြွနေကြတယ်။ ဒါပေမယ့် ရုတ်ချည်းဆိုသလိုပဲ တက္ကသိုလ်ဆောင်တွေပေါ်ကို ကျီးကန်းအုပ်တွေနဲ့ ငှက်ဆိုးတွေ ပျံဝဲလာခဲ့တယ်။

ဗိုလ်ချုပ်ခင်ညွှန့်က မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တွေရဲ့ ညနေစာ စားပွဲတွေကို ကျင်းပပြီး လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ညနေစာလာစားလေ့ရှိတယ်။ သူက စစ်ကိုင်းဆောင် ကျောင်းသားဟောင်းလို့ ဆိုတယ်။ ဟုတ်သလားမသိပါဘူး။ သူတို့မှာ လံကြုတ်ဇာတ်လမ်းတွေကလည်း အများသားဆိုတော့ မြစ်ထဲရေရှိတယ် ပြောရင်တောင်မှ ပြေးကြည့်ရအုံးမှာ။ ကားပေါ်ကနေ ဆင်းလာတဲ့ သူ့ရဲ့ပုံ ကို ကြည့်ရတာ ကိုယ့်ဘာသာ ယုံကြည်မှု အပြည့်ရှိနေတဲ့ပုံပဲ။ ကျောင်းသားတွေက သူ့ကို မျက်စောင်းထိုးကြည့်နေလည်း သူကပြုံးပြီး လက်ပြနှုတ်ဆက်တယ်။ (သတင်းမှတ်တမ်း ကင်မရာတွေက ရိုက်နေတော့ သေချာလုပ်တာနေမှာပေါ့လေ)

သူတို့ကလည်း သေချာပေါက် တွက်ထားပုံရတယ်။ ဒီမျိုးဆက်ပြီးရင် တက္ကသိုလ်ကျောင်းသားတွေကို သူတို့ပြန်ထိန်းချုပ်လို့ရပြီလို့။ ထင်နေတယ်။ မကြာဘူး။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုထဖြစ်တော့တယ်။ ၁၉၉၆ ဒီဇင်ဘာ (၃၁) သတင်းစာရှင်းလင်းပွဲမှာ မျက်နှာတခုလုံးမဲပြီး စိတ်ပျက်ဒေါသထွက်နေတဲ့သူ့ပုံကို ကြည့်ပြီး ကျောင်းသားတွေ သဘောကျခဲ့ကြတယ်။

သြော် ခုတော့လည်း ရွာကဘုရားဖူးလာတဲ့အဘ အပူရှပ်ပြီး ရှောင်တခင်ခင်ဖြစ်နေတုံး၊ အာဏာပိုင်တွေက ခေါ်ယူမေးမြန်းခံရတဲ့အဖြစ်လို ဖြစ်နေတော့တယ်။
(ဖြစ်နိုင်တာကတော့ အတိုက်အခံတွေအပေါ် ဘယ်လိုမာယာသုံးပြီး ဖြိုခွဲသင့်သလဲ သွားမေးတာနဲ့တူပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်ကို မာယာညွှန့် အဖြစ်လူသိများတာမို့လား)

မြန်မာပြည်မှာ ညအချိန်မတော် ငှက်ဆိုးထိုးသံလို ရောက်လာပြီး ခြိမ်းခြောက်နှိပ်စက်ခံရမှုမျိုးစုံနဲ့ မိသားစုတွေ ဖရိုဖရဲ ဘဝပျက်ခဲ့ကြတယ်။ စစ်ကြောရေးစခန်းတွေမှာ လူမဆန်တဲ့ နှိပ်စက်နည်းပေါင်းစုံနဲ့ နိုင်ငံရေးလုပ်သူတွေကို ဘဝတွေ ကျိုးကြေစုတ်ပြတ်သွားအောင် အဓိက ကျူးလွန်ခဲ့သူတွေက စစ်ထောက်လှမ်းရေးတွေပါပဲ။ သူတို့ကို ခွင့်လွှတ်စိတ်နဲ့ တွေးကြည့်ဖို့ဆိုတာ တော်တော်လေးကို ခက်တဲ့ကိစ္စပဲ။ တခုတော့ရှိတယ်။ အာဏာပြိုင်ဆိုင်မှုမှာ ရှုံးနိမ့်ထွက်ပြေးခဲ့ရတဲ့
စစ်ထောက်လှမ်းရေးဟောင်းတွေက ဗိုလ်ချုပ်သန်းရွှေနဲ့ အမာခံလူတွေကို လုပ်ကြံသတ်ဖြတ်ပြနိုင်မယ်ဆိုရင်တော့ ပြည်သူတွေက နားလည်ခွင့်လွှတ်ပေးနိုင်ပါတယ်။

ကဲ စစ်ထောက်လှမ်းရေးဟောင်းများ ဘယ်လိုလဲ။ တချိန်တုန်းက လျှမ်းလျှမ်းတောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အတွက် ပြန်လည်ခံစားမှုသီချင်းတွေ အောက်မေ့ရင်း ဘဝသစ်တခုကို လိပ်ပြာသန့်သန့် တွယ်ဖက်စေချင်ပါတယ်။

22 comments :

  1. အော့နှလုံးနာစရာ said... :

    လုံးဝမသနားဘူး။ သူ့အပြစ်နဲ့သူ ခံရတာ။ တူတခါ ပေတလှည့်ပေါ့။ ဒင်းလုပ်လို့ ဘဝပျက်ခဲ့ရသူတွေအတွက် ဒီထက်ပိုလေးတဲ့ အပြစ်ဒဏ်ကို ခံသင့်ပါသေးတယ်။

  1. Anonymous said... :

    အရမ်းကောင်းတဲ့ ပို့စ်လေးတပုဒ်ပါလား။ (အာဏာပြိုင်ဆိုင်မှုမှာ ရှုံးနိမ့် ထွက်ပြေးခဲ့ရတဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေက ဗိုလ်ချုပ်သန်းရွှေနဲ့ အမာခံလူတွေကို လုပ်ကြံသတ်ဖြတ်ပြနိုင်မယ်ဆိုရင်တော့ ပြည်သူတွေက နားလည်ခွင့်လွှတ်ပေးနိုင်ပါတယ်။)

  1. timothy said... :

    တနေ့ကြရင် ဗိုလ်သန်းရွှေတယောက်ဒိထက်ပိုဆိုးတဲ့အခြေအနေရောက်လိမ္မယ်။
    ဗိုလ်ခင်ညွန့်ကိုလဲဘယ်သူမှမသနားကြဘူး။
    မယုံရင်ဒီဆံကုန်မြေလေးကောင်လူထုကြားထဲသူလိုကိုယ်လိုလမ်းရှောက်ကြည့်
    စမ်းပါလေ။ ခေါင်းအပြတ်ဘဲ။
    ရိုးရိုးသူ့ရောဂါနဲ့သူသေတောင်မှ လမ်းမှာလူတွေဝမ်းသာလုံးဆို့ပြီးချိမ့်ချိမ့်သဲထွက်ကကြလိမ္မယ်။
    ဗိုလ်နေဝင်းသေတုံးကလဲကွေးနေအောင်ကကြတာဘဲ။
    ဗိုလ်သန်းရွှေကိုအရှင်လတ်လတ်ဖမ်းမိလို့ကတော့ဘာပြောကောင်းမလဲဗျာ။
    တယောက်တချက်ဝင်ဗျင်းတာနဲ့တင်ကိစ္စအချောဘဲ။ပွဲလမ်းသဘင်များနဲ့ပျော်လိုက်မဲ့ဖြစ်ချင်း။
    ဗိုလ်ခင်ညွန့်တို့များမတော်တဆဗိုလ်သန်းရွှေကိုသတ်မိတယ်ထားဦး၊ မိစ္ဆာတကောင်လက်ကအာဏာနောက်မိစ္ဆာကောင်ဆီရောက်သွားရုံကလွဲလို့
    ဘာမှမထူးဘူး။ကျုပ်တို့ဗိုလ်သန်းရွှေသေပွဲနဲ့ကလို့တော့ရတာပေါ့လေ။
    ဗိုလ်နေဝင်းသေတုံးက ကခဲ့ကြသလိုပေါ့။ နောက်မိစ္ဆာတွေကရှိပြီးသားဘဲမဟုတ်လား။
    ဗိုလ်ခင်ညွန့်= ဗိုလ်သန်းရွှေ=ဗိုလ်နေဝင်း=မိစ္ဆာများ။
    လွတ်လပ်ရေးရရျင်ရင်အားလုံးရုန်းထွက်ကြဘို့ဘဲရှိတယ်။အမေစုနောက်က
    သာအနာခံအသေခံပြီးတော်လှန်ရေးလူထုတော်လှန်ရေးကြီးဆင်နွှဲဘို့သာအသင့်ပြင်ထားကြပါ။ မီးစိမ်းပြတာနဲ့အနီးကပ်ဆုံးဗုံရန်သူတွေကိုမိမိရရချေမှုန်းကြဘို့ဘဲ။

  1. Anonymous said... :

    လူ့ဘ၀ နေရတာမှ ခနလေးရယ်ဗျာ။ ဘာလို့ ရန်-ရန်ချင်းတုံ့နှင်းမဲ့ စကားတွေပြောနေကြတာလဲ။ တစ်ယောက်နဲ့တစ်ယောက်တွေ့တုန်းခန သူကမေတ္တာမထားနိုင်ရင် ကိုယ်ကထားပေးလိုက်ပေါ့။ ဒီလိုတွေသာ စိတ်ထဲရှိတိုင်း ရန်တုံ့ပြန်နေကြမယ်ဆိုရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းမှုကို ရကြမှာမဟုတ်။

  1. Anonymous said... :

    အခုတင်ပြသွားတာတွေဖတ်ရတော့အတိတ်ကာလတုန်းက ဗိုလ်ချုပ်ခင်ညွန့်
    မိုက်ရိုင်း ယုတ်မာခဲ့တာတွေအများကြီးရှိခဲ့တာတွေသွားပြီးအမှတ်ရခဲ့ပါတယ်။
    စာရေးသူပြောသလိုပါပဲ သူဖမ်းခဲ့တဲ့သူတွေ ထောင်ချခဲ့တဲ့သူတွေ..နှိပ်စက်ခဲ့တဲ့
    သူတွေမနည်းပါဘူး။ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်တောင် အဖမ်းခံခဲ့ရဘူးပါတယ်။ သူငယ်ချင်းရဲ့ အသက်က အဲ့ဒီတုန်းက ၂၁ ပဲရှိပါ
    သေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ထောင် ထဲမှာ ၅ နှစ်နေခဲ့ရါပတယ်။ ကျွန်
    တော့်သူငယ်ချင်းထက်ငယ်တဲ့ သူတွေလဲ အများအပြားရှိမှာပါ စစ်ထောက်
    လှမ်းရေး ဖမ်းခဲ့တဲ့အထဲမှာ။။ တကယ်တမ်းကျတော့ သနားစရာ တစ်ပါးမှမ
    ရှိပါဘူးဆိုတာ ပြောချင်ပါတယ်။ လူစိတ်သူစိတ်မရှိတဲ့သူတစ်ဦးပါပဲ။ သူဘယ်
    လောက်ပဲပြုံးပြုံးပါ။။ သူ့ရဲကအပြုံးက အနှစ်မပါတဲ့အပြုံးပါပဲ။။ ဝဠ်လည်တာ
    ပါအခုဟာ.. ဗိုလ်ချုပ်ခင်ညွန့်က ပျော့ပြောင်းတယ်လို့ လူတော်တော်များ
    များက မြင်ကြပါတယ်။။ မထင်ပါနဲ့။။ စစ်တပ်ထဲမှာ ပျော့ပြောင်းတဲ့သူဆို
    ရင် ဘယ်သောအခါမှ ထိပ်ပိုင်းမရောက်ပါဘူး..ရာဇဝင်ကိုပြန်ကြည့်ပါ။ ပျော့ပြောင်းတဲ့သူဆိုလဲ စစ်တပ်ထိပ်ပိုင်းမှာ ကြာကြာမခံပါဘူး။။ ဒါကြောင့်
    ကျွန်တော့်အနေနဲ့ကတော့ ဘယ်စစ်ဗိုလ်ချုပ်တွေကိုမှ အယုံအကြည်မရှိသ
    လို သူတို့ဘဝတွေ လက်ရှိဘဝတွေနဲ့ ပြောင်းပြန်ဖြစ်သွားရင်လဲ နည်းနည်း
    လေးမှ သနားစိတ်ဝင်မှာမဟုတ်ပါဘူး။။သူတို့ ရက်စက်ခဲ့တာတွေက မရေတွက်နိုင်လောက်အောင်များပြားလွန်းနေလို့ပါ။။ ကျွန်တော့်တို့ လူမျိုး
    တွေသိပ်မပျော့ညံ့ကြပါနဲ့လို့ပြောချင်ပါတယ်။။ သနားသင့်သူကို သာသနား
    ပါလို့။။

  1. Anonymous said... :

    လူ့ဘ၀ နေရတာမှ ခနလေးရယ်ဗျာ။ ဘာလို့ ရန်-ရန်ချင်းတုံ့နှင်းမဲ့ စကားတွေပြောနေကြတာလဲ။ တစ်ယောက်နဲ့တစ်ယောက်တွေ့တုန်းခန သူကမေတ္တာမထားနိုင်ရင် ကိုယ်ကထားပေးလိုက်ပေါ့။ ဒီလိုတွေသာ စိတ်ထဲရှိတိုင်း ရန်တုံ့ပြန်နေကြမယ်ဆိုရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းမှုကို ရကြမှာမဟုတ်။

  1. Anonymous said... :

    အခုလို ဓါတ်ပုံနှစ်ပုံ ကိုယှဉ်ပြတာကြည့်ရတော့ သံဝေဂ အမှန်ရမိပါရဲ့ ။ ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့။ ငရဲမှာအပ၊ ၀င်ုမှာအမြဲတဲ့။ ကိုယ်ပြုတဲ့ကံ၊ ကိုယ့်ထံပြန်တဲ့။ သတ်တ၀ါမှန်သရွေ့  မိမိ၏ကောင်းမှု့ မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ်စာ ပါတကား။ ဒီဘ၀မှာ မသေခင်တောင် အာဏာရှင်တွေဟာ မိမိပြုခဲ့တဲ့ မကောင်းမှု့ တွေကို ပြန်ခံစားသွားကြရတယ်။ နောင်ဘ၀ဆိုလျှင် မတွေးဝံ့စရာပါလား။
    ( ကျေးဇူးပြုပြီး စာလုံးပေါင်းအခက်အခဲကြောင့် ခွင့်လွှတ်နားလည်ပေးပါရန် )

  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :

    ဒီလူ သူ အာဏာရှိစဉ် က ဘာတွေလုပ်ခဲ့တယ် ဆိုတာ စစ်ကျောရေး မှာ အသေအလဲ နှိတ်စက်ခံခဲ့ရတဲ့ သူတွေနဲ့ သူတို့ မိသားစု ဝင်တွေ သိပါတယ်။ လက်ရှိလဲ ထောင်ထဲမှာ နေနေရသူတွေ အများကြီးပါ။ မိသားစုလဲ ဘဝပျက်ပြီး ဒုက္ခရောက်ခဲ့ကြသူတွေ ဒုနဲ့ဒေးပါ။ စစ်ထောက်လှမ်းရေးတွေလက်ချက်ကြောင့် မတရား သဖြင့် နှိတ်စက်ခံပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ သူတွေ ရာချီပြီး ရှိခဲ့ပါတယ်။ မင်းသားလိုကျော့ကျော့လေး နေတတ်ပြီး မကောင်းမှု ဒုစရိုက်မျိုးစုံ ကို ကျူးလွန်ခဲ့တာကြောင့် ဒုစရိုက်မင်းသားလို့ နာမည်လှလှလေး ရခဲ့သူပါ။
    စစ်အုပ်စု အတွင်းမှာ အားပြိုင်ရာက အချင်းချင်း ခုတ်တာ ထစ်တာ အပြတ်ရှင်းတာ တွေအတွက် သာမန်ပြည်သူတယောက် အနေနဲ့ သူ့အတွက် သူ့အပေါ် သူမိသားစုအပေါ် သနားမိတယ်လို့ လုံးဝမခံစားရပါ။ ဒီလူ ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါး လုပ်ခဲ့တယ် ဆိုတာ သူနဲ့ တကွ သူ့အဖွဲ့သား တွေ အသိဆုံးပါ။
    အဲ.. သူထက်ဆိုးတဲ့ ယုတ်မာကောက်ကျစ်စဉ်းလဲတဲ့ ဘိုသန်းရွှေ နဲ့ ကျမှ နောက်ကောက် ချခံ လိုက်ရတာပါ။
    လက်ရှိ စစ်အုပ်စု ထိပ်သီး ဘိုချုပ်တွေ အတွက်ကတော့ ဘိုသန်းရွှေကို အာခံဘို့ထက် ကျိုးနွံဘို့ သာရှိပါတယ်။ ဘိုခင်ညွန့် အဖြစ်က သူတို့ကို ဖြဲချောက် ပြနေသလိုပါပဲ။ ဘာ အာဏာမှ မရှိတော့တဲ့ ထောက်လှမ်းရေး ပြုတ်တွေတွေကလဲ ပုဆိုးခြုံထဲနေ လက်သီးဆုပ် ပြီး အံကြိတ်နေကြမှာပါ။
    ဒီ ဖြစ်ရပ်တွေရဲ့ အဓိက အကြောင်းရင်းက အာဏာပါပဲ။ စစ်ဝါဒီတွေ အာဏာ လက်မလွတ် ရလေအောင် နည်းမျိုးစုံ သုံးပြီး တိုင်းပြည်နဲ့လူထုကို အကြပ်ကိုင် ခြိမ်းချောက် အနိုင်ကျင့် နှိတ်စက် သတ်ဖြတ်ခဲ့ကြတာ သတ်ဖြတ်နေတာကို ပြည်သူတွေက မျက်ချေ မပြတ်ဘို့ လိုပါတယ်။

  1. Anonymous said... :

    သနားမိတယ်လို့ facebook မှာ youtube မှာ ပြောတဲ့လူတွေ ဒီ post ကို ဖတ်မိစေချင်တယ်။ ဘိုခင်ညွန့်ကို သနားလို့ အမျိုးသားသစ္စာဖောက် ဖြစ်မှာလားလို့ ကန့်လန့်မေးရင်တော့ မေးတဲ့လူကို ပြန်သနားမိလိမ့်မယ်။

  1. Anonymous said... :

    သူ့ အရင်လား သူ့ နောက်လား သိပ်မမှတ်မိတော့ဘူး ၀န်ကြီးချုပ်စိုးဝင်းလဲ သွေးကင်ဆာနဲ့ စောစောစီးစီး ငရဲအိုးဇောက်ထိုး ကျသွားရတယ်လေ..ဒီပဲယင်း လုပ်ကြံမှု ခေါင်းဆောင်လို့ ပြောကြတာပဲ.. ဗိုလ်ခင်ညွန့် လဲ အခုဘ၀ပျက်နေပြီလေ..စားချင်တာ မစားရ သွားချင်တာမသွားရ လမ်းဘေးက ဆိုက်ကားဆရာလောက်တောင် ဇိမ်မရှိတော့ဘူး ..ဟား ဟား ဟား ဟား ဟား ဟား ဟား ......

  1. Anonymous said... :

    ဆောင်းပါးကောင်းတစ်ပုဒ်ပါ။ ရေးသူကို အူပစ်တင်တာ မဟုတ်ရပါဘူး။တစ်ခု ထောက်ူပပါရစေ။ူမန်မာစကားမှာ "ရှောင်တခင်ခင် "ဆိုတာမရှိပါ။ "ရှောင်တခင်" ဆိုတာပဲ ရှိပါတယ်။ "ရှောင်တခင်" ကိုလည်း နေမကောင်းတာနဲ့ တွဲမသုံးပါ။တရှောင်ရှောင်ူဖစ်နေတယ်လို့သာ သုံးနှုံးပါတယ်။

  1. Anonymous said... :

    ပိုစ့်ထက် ကော်မန့် ဖတ်ရတာပိုအရသာရှိပါ၏။ ဆက်ရေးပါခင်ဗျာ။

  1. Anonymous said... :

    သူများအကုသိုလ်ကို ကိုယ့်အကုသိုလ်ဖြစ်အောင် ၀င်ယူနေကြတယ်။ သူ့ဟာသူလုပ်ခဲ့တဲ့ အကြောင်းတွေမကောင်းလို့ ခုလက်တွေ့အကျိုးဆက်တွေမကောင်းဖြစ်နေတာကို။

  1. bestfriend said... :

    သိပ်ကောင်းတယ်ဗျာပိုစ်.လေးက ပြောမပြတတ်အောင်ကိုဖြစ်သွားတယ် အဲလိုကောင်တွေများများသိအောင် ကော်ပီကူးပြီးပို.လိုက်တယ်
    အုံးမယ်။ သတိရမိပေါ့ တချိန်တုန်းက ကျောင်းတော်သမိုင်းပေါ့

    ကျေးဇူးဗျာ အမြဲလာလည်ဖတ်နေပါတယ် စာအရေးအသားမရေးတတ်ပေမဲ့ ခုလိုအရေးအသားတွေ.ရတော့
    အားပေးပါတယ်။

  1. richard said... :

    why don't you mention my comment so far.?

  1. Anonymous said... :

    အသက် ၇၀ကျော် အပြစ်မရှိတဲ့ ကျွန်တော့အဖေဟာ ဗိုလ်ချုပ်ခင်ညွန့်ထောက်လှမ်းရေးက ဖမ်းပြီး ထောင်ချလို့ နိုင်ငံရေးအကျဉ်းသမားဘ၀နဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရဘဲ ၁၉၉၅မှာ ထောင်ထဲမှာ ကွယ်လွန်ခဲ့ရပါတယ်။
    ဗိုလ်ချုပ်ခင်ညွန့်ဟာ လူသတ်သမားပါ။
    အခွင့်အရေးရမယ်ဆိုရင် ကျွန်တော့လက်နဲ့ သူ့ကိုပြန်သတ်ချင်ပါတယ်။

  1. Anonymous said... :

    ကျွန်မတို့ လမ်းထဲက ကောင်လေး ၀ဏ်ဏ (17 နှစ်) ညဘက်မှာ အစိုးရဆန့် ကျင်ရေး စာတွေ အိမ်ရှေ့ မှာရေးနေတာ။ သူတို့ က ဆင်းရဲတယ်။ အိမ်လေးက သေးသေး လေး (10x30) sqft ဘဲရှိတယ်။ ကာလက 88 အရေးအခင်း ပြီးခါစ။ ညဘက် 10နာရီခွဲ 11 နာရီလောက် ဆိုရင် သကြားမုန့် ဖက်ထုပ် ပူပူလေး ဆိုပြီးလာတယ်။ သူဝယ်စားတယ်။ ည 2 နာရီလောက်မှာ လာဖမ်း သွားရော။ မုန့် ရောင်းတဲ့သူက ထောက်လှမ်းရေးဆိုတာ နောက်မှ သိရတာ။ အဲ့ဒီ့ထောက်လှမ်းရေးတပ်က တပ်သားတစ်ယောက်နဲ့ လမ်းထဲက အမကြီး တစ်ယောက်နဲ့ လက်ထပ်တာ။ အဲ့ဒီ့ အမလက်ထပ်တဲ့ ထောက်လှမ်းရေး ကတလမ်းထဲဆိုတော့ ပြန်ပြောပြတာက နေ သိရတာ။ သူကိုယ်တိုင်တောင် 38 လမ်း အထက်လမ်း ဈေးမှာ ( ရန်ကုန်မြို့ လယ် ) ထဲမှာ အမှိုက်ကောက် သမား ယောင် ဆောင်ပြီး သတင်းလိုက်တာ။ တပ်သားပေမဲ့ အထင်မသေးနဲ့ နော်။ ထောသလားမမေးနဲ့ ။ ဇတ်လမ်းကို ပြန်ကောက်ရရင် လာဖမ်းသွားတာ နောက်ဆုံးသတင်းအထိ သေလား ရှင်လားတောင် မသိရဘူး။ အဖေက နှလုံးရောဂါနဲ့ သားစိတ်နဲ့ သေရော။ အမေကလည်း တစ်ဦးတည်းသော သားစိတ်နဲ့ အိပ်ရာထဲလဲ။ ဘယ်လိုမှလိုက်လို့ လည်းမရ။ ဘယ်မှာမှန်းလည်း မသိနဲ့ ။ အခုအချိန်ထိ သေလားရှင်လားကို မသိသေးတာ။ အနှိပ်စက်ခံရတာ လွန်ပြီးဘဲ သေသလား တော့ မသိဘူး။ သူ့ အမေတော့ အခုအထိ အသက်ရှင် သေးတယ်။ စဉ်းစားကြည့်ကြပါအုံး ဒီလို လူတွေရဲ့ မိသားစုတွေ။ ကိုယ်ချစ်တဲ့သူတွေ နှိပ်စက်ညှင်းပန်းခံရတဲ့သောကကို ခံစားခဲ့/ နေကြရသူတွေ ရဲ့ ဝင်ုတွေကို ဦးခင်ညွန့် နဲ့ အပေါင်းပါတွေ ပြန်ပြီး လည်တာ လို့ ဘဲထင်မိပါတယ်။ ကျွန်မ ကုမ်ပဏီမှာ လုပ်တုန်းကလည်း ကုမ်ပဏီတွေက ထောက်လှမ်း ရေး ကို အိတ်ထဲတည့်ထား ရတယ်။ သုံးရစ် ဆရာကြီးအေးလွင်တို့ ၊ ဗိုလ်မှူးစည်သူ တို့ ကို အမှတ်ရမိနေပါသေးတယ်။ ဗိုလ်မှူးစည်သူဆို ရီရတယ်။ အကုန်လုံး ယောက်ခမ နာမည်တွေနဲ့ ချည်းဘဲ။ အိမ်တွေ ကားတွေ အစရှိပေါ့။ တရားမ၀င်ဆိုပြီးဖမ်း၊ ပြီးတော့ သူတို့ က တရားမ၀င်ကို ပြန်ပြီး ကုမ်ပဏီတွေပြန်ရောင်း black market ပေါ့။ အဲ့ဒါ ကုမ်ပဏီတွေက ထောက်လှမ်းရေးဆီကနေပြန်ဝယ်ရတာ။ နောက်တော့ ထောက်လှမ်းရေး တစ်ဖွဲ့ လုံးအကုန်လုံး ထောင်ထဲရောက်ကုန်ရော။ အော်.. တစ်ချိန်က ထောက်လှမ်းရေး ကောင်းစားခဲ့စဉ်ကဇတ်လမ်းတစ်ချို့ ပါ။

  1. timothy said... :

    ဒီမှာရေးထားတဲ့ကွန်မင့်တွေဖတ်ကြည့်ယုံနဲ့ကိုဗိုလ်ခင်ညွန့်ကျူးလွန်ခဲ့တဲ့ရာဇဝဋ်မှုများမနဲဘူးဆိုတာသိဘို့လွယ်ပါတယ်။ ထိုးကြိတ်ခံရလို့ဖူးယောင်ဒယီးဒယိုင်ဖြစ်နေရင်ဒီကွန်မင့်တွေမှာအတိုင်းမသိဝမ်းသာမဲ့သူတွေဒုနဲ့ဒေးနဲ့ဖတ်ကြရဦးမှာဘဲလေ။အမြန်တွေ့ချင်သူတွေတပုံတခေါင်းဘဲ။လွယ်အိပ်လေးလွယ်ပြီးရဲအကျင်းစခန်းထဲယက်ကန်ယက်ကန်ပါသွားတာလဲကြည့်အကောင်းသား။ အဲဒါလူထုမေတ္တာတုံးများရဲ့မရှုမလှဇာတ်လမ်းဘဲ။

  1. Anonymous said... :

    တကယ်တော့ကွာ ဒီကောင်တွေ အားလုံးငကြောက်တွေချည်ပဲ။ နေ၀င်းကြီးကစပြီး အခု ငသန်းရွေအထိအားလုံး တောနယ် မပြောပါနဲ့ ။ ရန်ကုန်လို မြို့ကြီးပြကြီးထဲတောင် အဖော်မပါပဲ သွားရဲကြတာ တယောက်မှ မရှိခဲ့ကြဘူး။ ဒါဟာ သူတို့ ရဲ့ လုပ်ရပ်နဲ့ သူတို့ ရဲ့သတ္တိပဲလေ။ အနားက ထိုင်းဘုရင်ကိုကြည့်၊ အမေရိကန်အိုဗားမားကိုကြည့်၊ တခြားတိုင်းပြည်၊ ဥရောပတိုင်းပြည်၊ အဂလန်ကိုပဲ ကြည့်ကြည့် တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေက ပြည်သူတွေကြားထဲမှာပဲ ရှိနေတယ်။ သွားလာနေတယ်။ ဒါပါပဲလေ သူတို့ ရဲ့ဘ၀က အရမ်းပဲ ကျဉ်းမြောင်းလွန်းလှပါတယ်။ ဒီကောင်တွေ လမ်းထိပ်က လက်ဖက်ရည်ဆိုင်တောင် အဖော်မပါပဲ သွားရဲတဲ့ကောင်တွေ မဟုတ်ဘူး။ ဒါလားဗျာ ဗိုလ်ချုပ်ဆိုတာ။

  1. မင်းသိုက် said... :

    မင်းခစား ယောကျား ကမ်းနားသစ်ပင်ပါပဲ။ ငခင်ညွန့် လုပ်ခဲ့သမျှ သူပြန်ခံရတဲ့သဘောပါပဲ။ ကောင်းတာလုပ်ခဲ့ရင် ကောင်းတာဖြစ်မှာပါ။ ကိုယ်ကြိုက်တဲ့လမ်းကို ကိုယ်ကိုယ်တိုင်ရွေးကြပေါ့။ နိုင်ငံရေးသမားတွေ ကျောင်းသားခေါင်းဆောင်တွေ တော်လှန်ရေးသမားတွေကို ညဘက် အချိန်မတော်လာဖမ်းသွားတော့ အိမ်မှာကျန်ခဲ့တဲ့ သားသမီတွေ၊ သားမယားတွေ၊ မိဘတွေက မျက်ရည်တွေဖြိုင်ဖြိုင်ကျ အားကိုးရာမဲ့ ဘယ်ခေါ်သွားမှန်းမသိ၊ ဘယ်သူကို အကူအညီသွားတောင်းရမှန်းမသိ၊ ဒီကစ္စ ဘယ်သူမှလည်း မကူညီရဲကြ၊ ကျနော် (၈)တန်းကျောင်းသားတုန်းက စတင်ခံစားခဲ့ရပါတယ်။ တကယ်ကို မျှော်လင့်ချက်မဲ့တဲ့ အချိန်လို့ ပြောရမှာပါပဲ။ အခုတော့ ကျတော်တို့ အားလုံးရဲ့ ကိုယ်စား ငခင်ညွန့် ရဲ့သားသမီး၊ မိန်းမ၊ မိဘဆွေမျိုးတွေပြန်ခံစားနေကြရပါပြီ။ ခင်ဗျားတို့ လိုပဲ တချိန်က ကျနော်တို့ အားလုံး ခံစားခဲ့ကြရပါတယ်ဆိုတာကို အော်ပြောလိုက်ချင်ပါတယ်။ ဟုတ်ကဲ့ ဒေါ်ခင်ဝင်းရွေရေ တထပ်တည်းပါပဲဗျာ။ ဗိုလ်ချုပ်မယား တဖားဖားလို့ ပြောစရာဖြစ်သွားတာပေါ့။

  1. Anonymous said... :

    ဒီ ပို့စ်က http://mandalayspring.blogsport.com
    ဒုတိယအိမ်နိုင်ငံတကာဆက်ဆံရေးအင်အားစုဆီက ပို့စ်ပါ။ဘယ်လိုလုပ် ကိုရဲ
    ဖြစ်နေတာလဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved