ဘလော့ အသစ် တခု

Friday, December 3, 2010

ဇာနည်ဝင်း ပို့တဲ့ သတင်းတို

အင်တာနက်ဆိုင်ဗုံးထောင်သူ သဲလွန်စ ရပြီ၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားကို လေဆိပ်အာဏာပိုင်တို့ ဘာကြောင့် ကြောက်သလဲ၊
ဆင်ဖြူ ထပ်တွေ့ရင် မဖမ်းတော့ဖို့ အမိန့် ထုတ်တာ ဘာကြောင့်လဲ
စတဲ့ စတဲ့ သတင်းထူးများ ပါဝင်တဲ့
သတင်း ဘလော့တခု မကြာသေးခင်က ပေါ်ထွက်လာပါတယ်။

လူအများအပြား အထူး စိတ်ဝင်စားနေကြတဲ့ ဒီဘလော့အကြောင်း စုံစမ်းထားသူကတော့ ကျမတို့ရဲ့ သတင်းထောက် ဇာနည်ဝင်း ဖြစ်ပါတယ်။ - ဒီဘလော့အကြောင်း သူ သတင်းပေးပို့ထားတာကို နားဆင်ပါရှင်။

[တဟားဟား ရီသံ၊ ထို့နောက် ဇာနည်ဝင်း၏ အသံ]

သည်းခံပါခင်ဗျာ။
အသံဖမ်းစက် ချွတ်ယွင်းတဲ့အတွက် သည်းခံပါ လို့ ပြောတာ မဟုတ်ပါဘူး၊ ကျနော် အခုပဲ http://burmastrangenews.blogspot.com ဆိုတဲ့ ဘလော့ကို ဖတ်ရင်း မအောင့်နိုင်တာနဲ့ အော်ပြီး ရီလိုက်တာပါ။

ရခိုင်ပြည်နယ် အစိုးရက အရက် တင်သွင်းခွန် ၄၀၀% ကောက်မယ်၊
မြန်မာ့တပ်မတော်က ဘန်ကောက်ကို သိမ်းတော့မယ်၊
ဘုန်းကြီး သပိတ်ထဲ သေနတ်တွေ တွေ့တယ် ဆိုတဲ့ သတင်းဦး၊ သတင်းထူးတွေ အပြင်
မြန်မာနိုင်ငံ လက်ရှိ သမ္မတနဲ့ အင်တာဗျူးထားတာတွေပါဝင်တဲ့ ဒီဘလော့ကို လူအများ စိတ်ဝင်စားနေကြပါတယ်။

Burma Strange News ဆိုတဲ့ ဒီဘလော့ကတော့ သူတို့ကိုယ် သူတို့ မိတ်ဆက်ပေးထားပါတယ်။ "အဆန်း တကြယ် သတင်းများကို Surrealism & Expressionism နည်းဖြင့် စဉ်ဆက် မပြတ် စုစည်း တင်ပြပေးနေသော Post-Modern News Agency" လို့ ဆိုပါတယ်။

ဟုတ်ပါတယ်၊ ကြာသပတေးနေ့က ဆိုရင် မြန်မာနိုင်ငံက ဂြိုဟ်တု လွှတ်တင်ဖို့ အသင့်ပြင်နေတယ် ဆိုတဲ့ အဆန်းတကြယ် သတင်းကို ရေးခဲ့တာ သူတို့ပါပဲ။

ဆယ်တန်းကျောင်းသားက အစ မြန်မာ့အရေး လေ့လာသူအဆုံး စိတ်ဝင်စားနေကြတဲ့ ဒီဘလော့ကို ဖန်တီးကြတာ ဘယ်သူတွေပါလိမ့်။ ဘယ်သူတွေ လက်ဆော့နေသလဲ။ စုံစမ်းကြည့်ကြပါစို့။

ကျနော် ပထမဆုံး ဆက်သွယ်ထားတာကတော့ ဧရာဝတီ သတင်းထောက် နရီလင်းလက် ဖြစ်ပါတယ်။

ဇာနည်ဝင်း ။ ။ မနရီလင်းလက်ရေ၊ BSN လို့ ခေါ်တဲ့ Burma Strange News ကို လုပ်နေကြတာ ဘယ်သူတွေ - -
နရီလင်းလက် ။ ။ ကျမ မဟုတ်ပါဘူးရှင်၊ ကျမနဲ့ မပတ်သက်ပါဘူးရှင်။
ဇာနည်ဝင်း ။ ။ ဒီလိုပါ၊ ကျနော်မေးချင်တာက ဒီရဲ့ - -
နရီလင်းလက် ။ ။ ဟုတ်ကဲ့၊ ဘာမေးချင်လဲ သိပါတယ်၊ ကျမ အဲဒီ သတင်းအဖွဲ့နဲ့ တကယ်ကို မသက်ဆိုင်လို့ပါရှင်။

နရီလင်းလက်နဲ့ ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အထင်ကရ သတင်းထောက်ကြီး နရီလင်းလက်က မသိဘူး ဆိုတော့ BSN အကြောင်း သဲလွန်စ ရနိုင်ဖို့ ဆက်သွယ်မေးမြန်းထားတဲ့ နောက်တယောက်ကတော့ ဧရာဝတီက ပါပဲ။ သတင်းစာ ဆရာမ အေးချမ်းမြေ့ ဖြစ်ပါတယ်။

ဇာနည်ဝင်း။ ။ ဟုတ်ကဲ့ မအေးချမ်းမြေ့ရေ - BSN သတင်းတွေကို ရေးနေတာ - -
အေးချမ်းမြေ့ ။ ။ မဟုတ်ဘူးနော်၊ ကျမ လုံး--------------------------------၀ မဟုတ်ဘူးနော်။ ဒါမျိုးတွေ ကျမ မရေးဘူး။

ကြားတဲ့ အတိုင်းပါပဲ၊ မေးခွန်း မဆုံးခင်မှာပဲ သူက လုံး--------------------------------၀ ငြင်းချက် ထုတ်သွားပါတယ်။

"ဘုရားစူး၊ မိုးကြိုးပစ်" ဆိုပြီးတော့တောင် ဆရာမ အေးချမ်းမြေ့က ကျိန်သွားပါသေးတယ်။

ပို့စ်မော်ဒန် သတင်းဌာနအကြောင်းကို သတင်းသမားတွေပဲ သိနိုင်တာမို့ ကျနော် ဘန်ကောက်က ဘီဘီစီ သတင်းထောက် ဦးဝင်းမြင့်ကို ဖုန်းဆက် မေးကြည့်ပါတယ်။

ဇာနည်ဝင်း။ ။ ဦးဝင်းမြင့်ရေ - BSN ပို့စ်မော်ဒန် သတင်းဌာ - -
ဦးဝင်းမြင့်။ ။ မောင်ဇာနည်ရေ၊ ငါလည်း အဲဒီသတင်းဌာနအကြောင်း ပြောချင်နေတာ။
ဇာနည်ဝင်း။ ။ ဟုတ်ကဲ့၊ ပြောပါခင်ဗျ၊ ဘယ်သူတွေ ဖြစ်မလဲ ခင်ဗျ။
ဦးဝင်းမြင့်။ ။ BSN ကို ဖန်တီးသူတွေဟာ ကွန်ပျူတာ၊ အင်တာနက် သုံးသူတွေ ဖြစ်မယ်လို့ သုံးသပ်မိပါတယ်။
ဇာနည်ဝင်း။ ။ အနီးစပ်ဆုံး ခန့်မှန်းနိုင်မလား။ ဘယ်သူတွေ ဖြစ်မလဲ။
ဦးဝင်းမြင့်။ ။ အတွေ့အကြုံအရ ပြောရမယ် ဆိုရင် ပေါ့လေ၊ သူတို့ဟာ သတင်းကို စိတ်ဝင်စားသူတွေ ဖြစ်နိုင်ပါတယ်။

ဒါကတော့ ဘီဘီစီ သတင်းထောက် ဦးဝင်းမြင့်ရဲ့ သုံးသပ်ချက်ပါ။

သတင်းထောက် မဟုတ်ပေမယ့်လည်း လူထုသတင်းသမားလို့ ဆိုတဲ့ ဘလော်ဂါ တယောက်နဲ့လည်း ပြောဖြစ်ပါတယ်။ သူကတော့ စင်္ကာပူမှာ နေတဲ့ နာမည်ကျော် ဘလော်ဂါ ပန်ဒိုရာ ပါ။ ပန်ဒိုရာ ဆိုတာ ခေသူ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း ခေါ် ကင်အဲရစ် အကြောင်းကို အထူးပြု လေ့လာနေသူပါ။ ကင်အဲရစ် ဗီဇာ ရုတ်တရက် ရသွားတာဟာ ပေါတာကြီး သန်းရွှေက အမိန့်ပေးလိုက်တာဖြစ်တယ်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီး၊ ကင်ဂျုံအန်တို့ သားအဖနဲ့ နာမည် တူတာကြောင့် ကြောက်လန့်ပြီး ဗီဇာ ပေးလိုက်တာလို့ သုံးသပ်ခဲ့သူပါ။ အဲဒီလို သုံးသပ်သူ၊ လေ့လာသူ ဘလော်ဂါ ပန်ဒိုရာကလည်း ပို့စ်မော်ဒန် သတင်းဌာန ဘလော့ကို သူ အနီးကပ် စောင့်ကြည့်နေပါတယ် တဲ့။ နားဆင်ကြည့်ပါဦး။

ဇာနည်ဝင်း။ ။ အန်တီပန်ရေ၊ အန်တီပန်က ဒီ ဘလော့ကို ဘာကြောင့် အနီးကပ် ကြည့်နေရတာလဲ။
ဘလော်ဂါ ပန်ဒိုရာ။ သြော် - ငါ့တူရယ်၊ ဘလော့ ဖတ်ပါတယ် ဆိုမှ အဝေးကနေ ကြည့်လို့ ဘယ်ဖြစ်မလဲ။ ဒါကြောင့် အနီးကပ် ကြည့်ရတာပါ။

ဇာနည်ဝင်း။ ။ ဟုတ်ပါပြီ၊ မှတ်သားစရာပါပဲ။ ဟုတ်ကဲ့ သူတို့ဘလော့ကို ဘယ်သူက လုပ်နေတယ်၊ ဘယ်သူတွေ လုပ်နေတယ် ဆိုတာရော ခန့်မှန်းမိသလား။
ဘလော်ဂါ ပန်ဒိုရာ။ သူတို့ဟာ ပြည်တွင်းက မဟုတ်ရင်တော့ ပြည်ပကပဲ ဖြစ်ရမယ်လို့ အန်တီ ခန့်မှန်းမိပါတယ်လေ။ သူတို့ သတင်းတွေက အရမ်း - အရမ်း ရီရတယ်နော်။ ဟီးဟီး။

ဒါကတော့ ဘလော်ဂါ ပန်ဒိုရာရဲ့ ခန့်မှန်းချက် ဖြစ်ပါတယ်။ မိုးမခမှာ ပေါက်ကရတွေ ရေးနေတဲ့ ရန်လိုကျွဲ ဆိုတဲ့သူ ဒီဘလော့မှာ လက်ဆော့နေတာ ဖြစ်နိုင်ကြောင်းလည်း သူက သုံးသပ်ပါတယ်။ ဒါကြောင့် ကျနော် မစ္စတာ ရန်လိုကျွဲကို ဒီဘလော့အကြောင်း စနည်းနာ၊ တီးခေါက်ပါတယ်။ သူက ဒီလို စပြီး ဖြေပါတယ်။

ရန်လိုကျွဲ။ ။ အိုင်ဆေး ဇာနည်ဝင်း - ကိုယ်လည်း ဒါကို သိချင်နေတာ၊ မနေ့ကတင်ပဲ ကိုယ့်မာမီဆီကို အဲဒီ ဘလော့လင့် ပို့လိုက်တော့ မာမီက ချက်ချင်း ဖတ်တော့တာပဲ။ မောင်ရင်ရေ - ကိုယ့် မာမီက အဲဒါဖတ်ပြီး အော်ကြီးဟစ်ကျယ် ဖြစ်တယ်၊ နောက်ဆုံး ဆဲတော့တာပဲကွာ။

ဇာနည်ဝင်း။ ။ ဟင် - လူကြိုက်များတဲ့ဘလော့ကို သူက မကြိုက်ဘူးလား။
ရန်လိုကျွဲ။ ။ ကြိုက်ပါသကော မောင်ရင်ရယ်၊ အော်ကြီးဟစ်ကျယ် ဖြစ်တယ် ဆိုတာက ပို့စ်မော်ဒန် သမိုင်း သီအိုရီ အသစ်များ ဆိုတဲ့ ပို့စ်ကို ဖတ်ပြီး သကာလ ၇ အိမ်ကြား၊ ၈ အိမ်ကြား အော်ပြီး ရယ်နေတာကို ပြောတာ။ ဆဲတယ် ဆိုတာက ဖတ်လို့ ကောင်းနေတုန်း အင်တာနှေးက အင်တာပျက် ဖြစ်သွားလို့ ဆဲတာ တဲ့။ F&*%$#@xqX+ ကျော်ဆန်း ဆိုတာတောင် ပါလိုက်သေးတယ်။
ဇာနည်ဝင်း။ ။ ဟီးဟီး၊ ဦးကျော်ဆန်းက ဘာဆိုင်လို့လဲ၊ အလကား အချောင် အဆဲခံရတယ်။
ရန်လိုကျွဲ။ ။ သူလည်း သူမှတ်မိတဲ့ ၀န်ကြီးနာမည်ကို ဆဲတဲ့ထဲ ထည့်လိုက်တာ ဖြစ်မှာပေါ့။

မစ္စတာ ရန်လိုကျွဲရဲ့ ပြောပြချက်တွေပါ။

သူ့မာမီ ဆဲလိုက်တဲ့ ဦးကျော်ဆန်း ဆိုလို့ မီဒီယာလောကမှာ ပေါ်လာတဲ့ ဒီဘလော့နဲ့ ပတ်သက်ပြီး သုံးသပ်ချက် ပေးဖို့ သူ့ကိုလည်း ကျနော် ခဲရာခဲဆစ် ဆက်သွယ်ထားပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မီဒီယာကို မီဒီယာနဲ့ တိုက်ဖို့ အထူး ထောက်လှမ်းရေးတွေ လုပ်နေတဲ့သူ ဆိုတော့ ဒီဘလော့အကြောင်း သိမလားလို့ မေးကြည့်တာပါ။ နားဆင်ကြည့်ပါအုံး။

ဇာနည်ဝင်း။ ။ ၀န်ကြီးခင်ဗျာ တခုလောက် မေးချင် --
ဦးကျော်ဆန်း။ ။ ဘာမေးမှာလဲ၊ ငါ့ကို မမေးနဲ့။ ထက်ထက်မိုးဦးကို သွားမေး။
ဇာနည်ဝင်း။ ။ သူက သူ့အမှု မပြတ်သေးချိန်မှာ နောက်တမှု မဖြစ်ချင်လို့ အင်တာဗျူးလက်မခံဘူးတဲ့ ခင်ဗျ။ ဒါကြောင့် ၀န်ကြီးကို ဖုန်းဆက်ရတာပါ။
ဦးကျော်ဆန်း။ ။ ခက်တာပဲ မင်းတို့ကောင်တွေ၊ မရှိကောင်း ရှိမကောင်းဆိုတာ မင်းတို့ပဲ ဖြစ်ရမယ်။ ဘာလဲ မင်းက ရွေးကောက်ပွဲမှာ ငါတို့ မဲခိုးတဲ့အကြောင်း မေးမလို့လား၊ ခိုးတယ်ကွာ၊ ဘာဖြစ်လဲ၊ ခိုးတော့ မင်းတို့က ဘာလုပ်ချင်လဲ။
ဇာနည်ဝင်း။ ။ မလုပ်ချင်ပါဘူးခင်ဗျ၊ ခိုးတာတွေလည်း ခိုးပြီးပြီပဲလေ။ အခု ကျနော် သိချင်တာက BSN ပို့စ်မော်ဒန် သတင်းဘလော့ကို ဘယ်သူတွေ လုပ်သလဲ ဆိုတာပါ။
ဦးကျော်ဆန်း။ ။ သြော် - ဒါလား၊ ပြောပြောက စောမှပေါ့ကွာ၊ ဟီးဟီး။ အင်း - အဲဒီ ဘလော့ကို KNU လုပ်တာ ကွ။

ဒါကတော့ ပြန်ကြားရေးဝန်ကြီးနဲ့ ဆက်သွယ် မေးမြန်းထားတာပါ။ ဒါ့အပြင် အခုလေးတင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သီးသန့်(သီးသန့်) ဆက်သွယ် မေးမြန်းခွင့် ရလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က Twitter သုံးချင်တယ်၊ အင်တာနက် သုံးမယ်လို့ အရင် ကတည်းက ပြောထားတာ ဆိုတော့ သူ့အမြင်ကလည်း စိတ်ဝင်စားဖို့ ကောင်းမှာ သေချာပါတယ်။

ဒီဘလော့ကို ဖတ်တဲ့သူတွေ သဘောကျတဲ့အကြောင်း၊ သူ့အမြင်ကိုလည်း သိလိုကြောင်း ရှင်းပြတော့ သူက အခုလို ပြန်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ အန်တီရဲ့ အိမ်မှာ အင်တာနက်သုံးဖို့ လျှောက်လွှာ တင်ထားတုန်းပဲ ဆိုတော့ သား မေးတဲ့မေးခွန်းကို ဖြေရ ခက်တယ်၊ အခုလို တကူးတက မေးလာတယ် ဆိုတော့ အန်တီ အင်တာနက် သုံးနိုင်တဲ့နေ့ ရောက်ရင်တော့ ပထမဆုံး ကြည့်ရမယ့် ၀က်ဆိုက်တွေထဲမှာ အဲဒီဘလော့ - - -

ရန်ကုန်မြို့လယ် တနေရာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို သီးသန့် ပြောသွားတာပါ။ ပြောနေတုန်း ဖုန်းအဆက်အသွယ် ပြတ်သွားတဲ့အတွက် နောက်တခါ သီးသန့် ထပ်ခေါ်တဲ့အခါမှာတော့ အလိုအလျောက် ဖြေကြားသံကို အခုလို ကြားလိုက်ရပါတယ်ခင်ဗျား။

"လူကြီးမင်းခေါ်ဆိုသော GSM တယ်လီဖုန်းသည်
ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
ခေါ်ဆို၍မရနိုင်ပါရှင်"


ဒါကတော့ ကျမတို့ရဲ့ သတင်းထောက်ကြီး ဇာနည်ဝင်းက လူအများအပြား အထူး စိတ်ဝင်စားနေကြတဲ့ ဘလော့တခုအကြောင်း ခပ်တိုတို ပြောပြသွားတာ ဖြစ်ပါတယ်ရှင်။ ။

5 comments :

  1. Anonymous said... :

    ဖတ်လို့တော်တော်ကောင်းတယ်ဗျ။ နောက်ထပ်စာများကို မျှော်နေမည်။

  1. Anonymous said... :

    မရီရပါဘူး။
    ရူးပေါပေါသတင်းတွေနဲ့ ငါတို့ကို အချိန်ကုန်အောင် မလုပ်ပါနဲ့။
    ယုံကြည်လို့ တနေ့ ၃ ၊ ၄ ခေါက် ဝင်ဖတ်နေတာ။ ဘာများထူးဆန်း မလဲဆိုပြီး ဆုံးတဲ့အထိ ဖတ်ဖြစ်တာ ဧရာဝတီ သတင်းဌာနကို ယုံကြည်စိတ်ကြောင့်ပါ။

  1. Anonymous said... :

    ဧရာဝတီက ညွှန်းထားတဲ့ BSN ဘလော့ကို သွားကြည့်ပါတယ်။
    လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာ့သတင်းတွေနဲ့ ပတ်သက်ပြီးတော့
    အဆီအငေါ် မတည့်တာတွေကို မီးမောင်းထိုးပြပြီး ပညာသားပါပါနဲ့
    ဟာသနှောပြီးတော့ ခေတ်ကို သရော်ထားတာကို တွေ့ရပါတယ်။

  1. Shyam said... :

    hello guys...if you are into more serious news...go into www.irrawaddy.org/bur
    and not into www.irrawaddyblog.com
    come on..this is a blog..of course, the news here can be much more freely written without much credibility for us..

    " မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ "

    Didn't you notice it at the top, it is an introduction to you on whats the blog about...come on guys...be more keen

  1. Anonymous said... :

    I like Burma Strange News..............
    It is not only making funs for the readers,
    but also giving a hint on the current happening news !!!
    Wonderful blog... It is post-modern.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved