တရားဝင် မယားကြီး ဖြစ်ကြောင်း မီရှဲလ် အိုဘားမား ကြေညာမည်

Sunday, December 19, 2010

ဟာသ

ဒီဇင်ဘာ အားလပ်ရက်ကာလ ဖြစ်သော်လည်း မီရှဲလ် အိုဘားမား မပျော်နိုင်ဘဲ အကြီးအကျယ် ဒေါသထွက်နေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာသတင်းဌာနများတွင် “အမေရိကန်သမ္မတကတော်ဟောင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက် စကားပြော” ဟူသော ရေးသား ထုတ်လွှင့်ချက်များကြောင့် အမေရိကန် သမ္မတကတော် မီရှဲလ် အိုဘားမား ဒေါသောင်းကျန်းသူ ထနေသည်။

သူသာလျှင် အိုဘားမား၏ တဦးတည်းသော ကတော် ဖြစ်သည်၊ အိုဘားမားတွင် ကတော်ဟောင်းများ မရှိ စသည့် အချက်များကို မြန်မာသတင်း ဖတ်ရှု နားဆင်သူ ပရိသတ်တို့ သဘောပေါက်စေရန် ဆန္ဒ ပြင်းပြနေသည်ဟု ဆန်ဖရန်စစ္စကို အခြေစိုက် မိုးမခ မီဒီယာ၏ အမှုဆောင်အရာရှိချုပ် မောင်ရစ်က ပြောသည်။

“သြော် --- ဟုတ်တယ်။ သူက အရမ်းကို ဒေါသဖြစ်နေတာ။ ကျမယောက်ကျားက အိမ်ထောင် တဆက်ပဲ ရှိတယ် ဘာ ညာ သာရကာ နေကြာ ကွာစေ့ပေါ့ဗျာ၊ ကျနော်တို့ မိုးမခ ဌာနချုပ်ရုံးကို လာပြီး ပေါက်ကွဲပြနေတယ်။ အဲဒီတော့ ကျနော်က အကြံတခု ပေးထားတယ်။ မိုးမခမှာ ကြော်ငြာထည့်ပေါ့ဗျာ၊ ‘ကျမသာလျှင် တရားဝင် မယားကြီး ဖြစ်ကြောင်း’ ဆိုပြီး ကြော်ငြာထည့်ပါ လို့ ပြောလိုက်တော့ သူ သဘောကျသွားတယ်။ တပတ်အတွင်း အကြောင်းပြန်မယ် တဲ့။ အဲဒါပါပဲဗျာ” ဟု မောင်ရစ်က ရှင်းပြသည်။

ဘတ်ဂျက်မရှိသဖြင့် သတင်းဌာနမွဲစာရင်း ကြေညာထားသည့် မိုးမခအတွက် အသုံးစရိတ် ရရှိစေရန် ကြော်ငြာခ တနင့်တပိုး တောင်းထားသည်ဟု မောင်ရစ်က ပြောသည်။

မိုးမခ တွင်သာမက မြန်မာဘလော့တချို့တွင်လည်း ကြော်ငြာထည့်ရန် မီရှဲလ် အိုဘားမားက အာသီသ ရှိနေသည်။

လော့စ်အိန်ဂျလိစ် အခြေစိုက် ဘလော်ဂါ မိုးချိုသင်းက “ဟုတ်တယ်၊ လာတယ်၊ ချိုသင်းကိုလည်း မေးထားတယ်၊ ဘလော့မှာ ကြော်ငြာထည့်ချင်တယ်ပေါ့နော်။ ဟင့်အင်း၊ သူကိုယ်တိုင်တော့ မလာဘူး၊ ပြည်နယ်မှူး အာနိုးကိုပဲ လွှတ်လိုက်တယ်။ ကြော်ငြာခကိစ္စတောင် မပြောဖြစ်သေးပါဘူး” ဟု ဆိုသည်။

“အိမ်က ကြောင်လေးတကောင်နာမည်ကလည်း အိုဘားမားလေ။ အဲဒါ အာနိုးက တွေ့သွားပြီး သူ့ဆရာနဲ့ နာမည်တူနေလို့ တရားစွဲမယ်လေး ဘာလေး ဟောက်စား လာလုပ်နေတယ်။ ဘာမှ လာပြောမနေနဲ့၊ ကြိုက်တဲ့နေရာမှာ တရားစွဲလိုက်စမ်းဘာလို့ ကောပစ်လိုက်တယ်။ ဘားမား ဆိုတဲ့ ငါတို့နိုင်ငံနာမည်ကိုပဲ နင့်ဆရာက ခိုးထားတာဟဲ့ လို့ ပြောထည့်ပစ်လိုက်တယ်။ ချိုသင်းကို ဒီလို လာလုပ်လို့ ဘာရမလဲ။ သူ့ကို အိမ်ထဲက ထွက်သွားဖို့ မောင်းထုတ်လိုက်တယ်။ ဒါနဲ့ပဲ ကြော်ငြာခ အကြောင်း မပြောလိုက်ရဘူး” ဟု သူက အကျယ်တ၀င့် ရှင်းပြသည်။

ဤအတောအတွင်း မီရှဲလ်က ထိုင်းအခြေစိုက် ခင်မင်းဇော်၏ ဘလော့တွင် ကြော်ငြာထည့်ရန် ဘန်ကောက်ရှိ သံအမတ်ကြီးကို လျှို့ဝှက် တာဝန်ပေးထားသည်ဟု ၀ီကီလိ ကြေးနန်းတစောင်က ဆိုသည်။

မီရှဲလ်က အိုဘားမားတွင် ကတော်ဟောင်း လုံးဝ (လုံးဝ) မရှိဟု အခိုင်အမာ ပြောဆိုနေသော်လည်း သမ္မတကတော်ဟောင်း ဆိုသူက ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဆက်ခဲ့သည်ဟူသော စကားက မြန်မာသတင်းလောကတွင် ပျံ့နေသည်။

မြန်မာပရိသတ်က ထိုသတင်းကို အထူး စိတ်ဝင်စားဟန် မပြကြောင်း စစ်တမ်းများအရ သိရသည်။

ဤအခင်းအကျင်းနှင့် ပတ်သက်ပြီး အိမ်ဖြူတော်က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

သမ္မတကတော်ဟောင်း ရန်ကုန်သို့ ဖုန်းဆက်ခဲ့သည်ဟူသော သတင်းတပုဒ်။
ဤသတင်းတွင်မူ ကတော်ဟောင်း ဆိုသူ၏ အမည်ကိုပင် ဖော်ပြထားသည်

အိုဘားမား နှင့် မီရှဲလ်

ဤသတင်းကို စာမူခ မြိုးမြိုးမြက်မြက် ပေးမည်ဟု ဆိုသော burmastrangenews.blogspot.com သို့လည်း ပို့ထားသည်။

zarnywin.blogspot.com တွင်လည်း ဖတ်နိုင်သည်။


5 comments :

  1. Unknown said... :

    ဧရာဝတီဘလော့က ရယ်စရာတွေကိုဘဲ အခုတလောတင်ထားတော့၊ အမှန်အကန်သတင်းတွေတင်ထားတဲ့အခါ စာဖတ်သူက အတည်မယူတော့ဘဲ တသင်းမှန်မဟုတ်ဘူးလို့ ယူဆနေမိမှာကိုစိုးတယ်။

  1. Anonymous said... :

    (ဦး/ဒေါ်)တိမ်တောင်နိုင်စိုး ကို ဧရာဝတီက ကျေးဇူးတင်မတင်တော့ မပြောတတ်ဘူး။ ပရိသတ် ကျနော် ကတော့ ကျေးဇူးတင်ပါတယ်။
    ဧရာဝတီ က ဆရာတွေ---ဟိုး ထိပ်မှာ ဟာသ ဆိုတာ စာလုံးကြီးနဲ့ အပြင် မှိတ်တုတ် မှိတ်တုတ် လုပ်ပြထားပါတယ်။
    ရီစရာ ဟာသပါဗျာ။ သိပ်ပီးမစိုးရိမ်ပါနဲ့ ။

    အတည်ယူရမလား။ ဟာသ လားဆိုတာ စာဖတ်သူတွေ သိပါတယ်ဗျာ။

  1. Anonymous said... :

    သတင်းရေးတဲ့လူတွေလည်း စာစီစစ်ပြီးမှ တင်ရင် ကောင်းမယ်...မှားစရာရှားလို့ သမ္မတဟောင်းကတော် ကို သမ္မတကတော်ဟောင်း လုပ်ရတယ်လို့.....ရှက်ဖွယ်...

  1. Anonymous said... :

    မှားတာတော့ မကောင်းဖူး။ ဒါမျိုး မှားတာကတော့ ၇ီ၇တယ်။
    မှားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    လူတိုင်း အမှားနဲ့ မက်င်းနိုင်ပါဖူးခ်ငဗျာ။

  1. time said... :

    ရေးတာမှားတော့လည်းပြောစရာပေါ့ဗျာ။ ဗမာစါကိုဘယ်သူဘာသာပြန်ပေးလဲမသိဘုးနော်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved