မားကို့စ်ရယ်၊ ဆက်ဒမ်ဟူစိန်ရယ်၊ သိုဟန်ဘွား သန်းရွှေရယ် (၁)

Wednesday, December 29, 2010



ဦးအလံမလှဲ

“ကိုတူမောင်..ရေ။ ဟိုတနေ့ ဦးလေးကြီး အစပျိုးထားခဲ့တဲ့စကားတွေက ဘာတွေပါလိမ့်။ အဲဒီစကားတွေကို အစပြန်ကောက်ကြပါစို့”

“ဟုတ်ကဲ့ပါ.. ဦးလေးကြီး။ အာဏာရှင်တွေထဲမှာ ဖိလစ်ပိုင်သမ္မတ မားကို့စ်ကဘာလဲ အီရတ်သမ္မတ ဆက်ဒမ်ဟူစိန်က ဘာလဲ။နောက်ပြီးတော့ သိုဟန်ဘွားသန်းရွှေက ဘာလဲ။ ဒင်းကြီးကို ဘယ့်နှယ်ရှင်းမယ်။ အဲဒီလို စကားကို အစပျိုးထားခဲ့တာပါခင်ဗျာ”

“ကောင်းပြီ.. ကိုတူမောင်။ ဆက်ဒမ်အကြောင်းကို ဟိုတလောတုန်းက ပြောခဲ့ပြီးပြီ။ မားကို့စ်အကြောင်းကို အခုပြောမယ်။မားကို့စ်အကြောင်းပြောရင်း သိုဟန်ဘွားသန်းရွှေ အကြောင်းကိုလည်း စုံစုံလင်လင်မဟုတ်ပေမယ့် ပါသင့်သလောက်ပါသွားအောင် ရောမွှေသွားမယ်။ အဆုံးသတ်မှာတော့ သိုဟန်ဘွားသန်းရွှေက ဘာလဲ။ ဒင်းကြီးကို ဘယ့်နှယ်ရှင်းမယ်ဆိုတာနဲ့ ချုပ်မယ်”


နှစ်ဦးသား ဤသို့ စကားပန္နက်ရိုက်လိုက်သည်။ ပြီးတော့ ထိုစကားပန္နက်အတိုင်း တကန့်ပြီးတကန့် ဦးလေးကြီးက ဦးဆောင်၍ စတင်ပြောဆို ဆွေးနွေးလေသည်။

“ဖြစ်ရပ်တွေက အတော်ကြာသွားပြီ။ ဒီတော့ မေ့တာတွေလည်း မေ့ကုန်ပြီ။ဒါပေမယ့် အဲ.. အဖိနှိပ်ခံ ဒါယကာဒါယိကာမ ပြည်သူများဘက်က အစဉ်အမြဲ သတ္တိရှိရှိ ရပ်တည်ပြီး တရားဟောနေတဲ့ဆရာတော်..။ ဒယ်အိုးဆရာတော်လို့ ဟိုးဟိုးကျော်တယ်။ဘွဲ့မည်နာမက ဥုးသုမင်္ဂလ..တဲ့။ ဥုးသုမင်္ဂလရဲ့`လေ´ အတိုင်း ပြောရရင်`သဘောပါ´အောင်တော့ ပြောနိုင်ပါသေးရဲ့..ဟဲ..ဟဲ။”

ဦးလေးကြီးက`အဟဲ´ဖြင့် ပေါ့ပေါ့ပါးပါး အစချီပြီး နောက်ကြောင်းကို ပြန်ကောက်သည်။
“ကွန်မြူနစ်ဝါဒ ပျံ့နှံ့ကူးစက်လာတာက နိုင်ငံတကာမှာ အရှိန်ပြင်းတယ်။ကွန်မြူနစ်ဝါဒကို အများနားလည်လွယ်အောင် အရပ်စကားနဲ့ အဓိပ္ပါယ်ဖွင့်ရရင် `ဒီမိုကရေစီရဲ့ပြောင်းပြန်´။ ဒါကြောင့် တကမ္ဘာလုံးကို ဒုက္ခပေးမယ့် ရန်သူကြီးတဲ့။ အဲဒီလို တထစ်ချမှတ်ယူခဲ့တာက အမေရိကန် (ယူအက်စ်)။ ယူအက်စ်က သူ့ကိုယ်သူ ဒီမိုကရေစီနိုင်ငံတဲ့။ ကွန်မြူနစ်နိုင်ငံတွေကတော့ ယူအက်စ်ကို အရင်းရှင်နိုင်ငံလို့ အပုတ်ချပြီးခေါ်တယ်..ဟဲ..ဟဲ။ ဘာပဲခေါ်ခေါ် ဒါတွေက အမည်နာမ`ပညတ်´တွေ..ဟဲ..ဟဲ”



ဦးလေးကြီးက အကြောင်းရှိသဖြင့် `ပညတ်´ဆိုသော ဝေါဟာရကို ကြုံတုန်းကြုံခိုက် `တို့´ ထားလိုက်ပြီး ပြောလက်စကို ဆက်သည်။

“ကွန်မြူနစ်ဝါဒ ချီတက်လာတာက မြန်လွန်းတယ်။ဒီတော့ ယူအက်စ်ကြီးဟာ ချမ်းတုန်ပြီး ငှက်ဖျားတက်ချင်သလိုလို ဖြစ်လာပါလေရော..ဟဲ..ဟဲ။ ဒါကြောင့် ကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေကို ကတောကမျော အလောတကြီးရှာရပြီ။ဂျိုကျိုးနေသလား နားရွက်ပဲ့နေသလား ဂျီထူနေ၍မဖြစ်..ဟဲ..ဟဲ။ ဟော.. ကွန်မြူနစ်ဝါဒ ကြောက်သူအချင်းချင်း လက်ချင်းချိတ်ကြရပြီ။ အဲဒီထဲ ပါလာတဲ့တယောက်က ဖိလစ်ပိုင်သမ္မတ မားကို့စ်”

ဦးလေးကြီးက ပြောဖော်ကြီး ကိုတူမောင်နှင့်အတူ မားကို့စ်ဇာတ်လမ်း တစိတ်တပိုင်းကို ဤတိုင်းမြန်ပြည်က `ဟ၀ှာကြီး´ မိသားစုနှင့် ရောမွှေပြီး တင်ဆက်လေသည်။

“ဟောဒီလိုပါ ကိုတူမောင်။ မားကို့စ်က ယူအက်စ် စစ်စခန်းကို သူ့နိုင်ငံဖိလစ်ပိုင်မှာ အခြေစိုက်ခွင့်ပေးခဲ့တယ်။ယူအက်စ်နဲ့ဖိလစ်ပိုင် ကိုယ်ကသူ့ကိုမှီ၊ သူကကိုယ့်ကိုမှီ။ အပြန်အလှန်မှီကြပြီး ကွန်မြူနစ်ဝါဒကို ကာကွယ်ခဲ့ကြတယ်။ ယူအက်စ်ဆိုတဲ့ `ဟိတ်´ က မားကို့စ်ကို ၀င့်ထည်တင့်တယ်စေခဲ့တယ်။ ဒါကိုအကြောင်းပြုပြီး မားကို့စ်က လက်မထောင်လာပါလေရော။ဘရိတ်လွတ်လာပါလေရော။ သြော်.. လူ့သဘောလူ့မနော..ဟဲ..ဟဲ”
ဦးလေးကြီးက မားကို့စ်အကြောင်းကိုပြောရင်း မစ္စက်မားကို့စ်အကြောင်းကိုပါ လိုလျှင်လိုသလို ဖြည့်စွက်လာသည်။

“အဲ..သမ္မတကြီး မားကို့စ်က ဘရိတ်လွတ်လာတော့ သမ္မတကတော် မစ္စက်မားကို့စ်က အောက်ခြေလွတ်လာတယ်။အနေအထိုင်က မတတ်။ လူမြင်ကွင်းထဲထွက်လာရင် စိန်ရွှေရတနာ ကျောက်သံပတ္တမြားတွေက အရောင်ဖိတ်ဖိတ်လက်လို့။အ၀တ်အစားကျပြန်တော့လည်း ထူးပေ့ဆန်းပေ့ ကောင်းပေ့ညွန့်ပေ့။ ဒီဇိုင်းတွေက ကလက်တက်တက်။စီးတဲ့ဖိနပ်ကချည်း ဖိနပ်စဉ်ပေါ်မှာ အရံပေါင်း နှစ်ရာကျော်။ လူပုံပန်းက ပျံတံတံနန့်တန့်တန့် မော်မော်ကြွားကြွား ပပလွှားလွှား။ဒီတော့ အများပြည်သူက မျက်စိနောက်ပြီး ကြည့်မရဖြစ်လာပါလေရော..ဟဲ..ဟဲ”



ဤတွင် ကိုတူမောင်က ဦးလေးကြီးထံမှ ဓါတ်ကူးထားသော စကားလုံးများဖြင့် စောင်းချိတ်လိုက်၏။
“ဟာ.. ဒါဆိုအပုပ်နံ့တွေ ထောင်းလမောင်းထနေတဲ့ မမွှေးမထုံမသင်းမကြိုင်တဲ့ မယ်မင်းကြီးမတို့ သားအမိတွေလိုပဲ။သူယောင်မယ်လေလား နတ်မိမယ်လေလား..ဟဲ..ဟဲ”

ကိုတူမောင်၏ `လေ´ က ဦးလေးကြီး၏ `လေ´ကို အမီလိုက်နေလေပြီ။ဒါကိုဦးလေးကြီးက သဘောကျသဖြင့် ကိုတူမောင်နှင့်အတူတကွ လိုက်၍`ဟဲ´၏။
“ဟဲ..ဟဲ..ဟဲ”

“ဒီမှာ..ကိုတူမောင်။ မားကို့စ်ကြီးဟာ ယူအက်စ်နောက်ခံကြောင့် တန်ခိုးအာဏာပါဝါတွေ ကြီးထွားလာတယ်။ ဒါနဲ့အတူ ကပ်ညိချိတ်ဆက် ပါလာတာက သြဇာရှိန်ဝါ။ အဲဒီတန်ခိုးအာဏာ ပါဝါသြဇာရှိန်ဝါ သံလိုက်စက်ကွင်းထဲ ကျောက်သံပတ္တမြား ရွှေငွေဥစ္စာဒေါ်လာဆိုတဲ့ သံမှုန့်တွေက နောက်ဖေးပေါက်ကနေ ငြိမ့်ငြိမ့်ကလေး ဒလဟောစီးဝင်လာတယ်။ ဒီနည်းနဲ့ မားကို့စ်မိသားစု ကြွယ်ဝလာလိုက်တာ အဲ.. မော်လမြိုင်စကားနဲ့ပြောရရင် အာပါး.. နိုင်ငံခြားကဘဏ်တွေမှာတောင် ယူအက်စ်ဒေါ်လာတွေ သန်းပေါင်းများစွာ ရှိနေဆိုပဲ”

ဤတွင် ကိုတူမောင်က ဦးလေးကြီး၏`လေ´အတိုင်း နှိုင်းယှဉ်ဖွယ်ရာကို ဖြည့်စွက်ပြောဆိုလှာသည်။
“မားကို့စ်မိသားစု ကြွယ်ဝလာပုံ.. သိုဟန်ဘွားသန်းရွှေမိသားစု ကြွယ်ဝလာပုံ.. ဘာကွာလို့လဲ။ အတူတူနဲ့အနူနူ။အဲလေ.. ယောင်လို့..ဘွာ..ဘွာ.. အနူနူနဲ့အနူနူ။ ဒီလိုပြောမှပိုပြီးမှန်တယ်..ဟဲ..ဟဲ”
ကိုတူမောင်.. ပင့်ထောင်ကာ`တည်´ပေးလိုက်သည့် ဘော်လီဘောကို ဦးလေးကြီးက ဤသို့ရိုက်ချလိုက်သည်။

“ဟုတ်ပါ့..ကိုတူမောင်။ တကယ်တော့ သိုဟန်ဘွားသန်းရွှေ မိသားစုဟာ မူလအစအခြေခံဘ၀တုန်းက သူလိုကိုယ်လိုပါပဲ။ရက်သတ္တတပါတ်မှာ နှစ်ရက်ပဲသားငါးကို စားနိုင်တယ်။ ကျန်တဲ့ငါးရက်မှာ အသီးအနှံ ဟင်းသီးဟင်းရွက်ပဲတို့နဲ့ ဖြေသိမ့်ကျေနပ်ခဲ့ရတာ။ မိသားစုရဲ့ စားဝတ်နေရေးကို တဖက်တလမ်း ၀င်ငွေလေးနဲ့ ကျားကန်နိုင်အောင် မွေးမြူရေးလုပ်ခဲ့ရရှာတယ်”

“ဟဲ..ဟဲ..ဦးလေးကြီးက ငယ်ကျိုးငယ်နာတွေ ဖော်ထုတ်ပြီးချတော့မှာလား”
“ဒီမယ်..ကိုတူမောင်။ ငယ်ကျိုးငယ်နာတွေကို ဖော်ထုတ်ပြီးချရင် အချခံရသူရဲ့စိတ်မှာ အနာတရခံစားရရှာလိမ့်မယ်။ချတဲ့သူမှာလည်း ဒေါသစိတ်မစ္ဆရိယစိတ်တွေကြောင့် ပူလောင်ကျွမ်းတဲ့ဒဏ်ကို ခံရလိမ့်မယ်။ကိုယ့်ကိုယ်ကိုလည်း သိက္ခာချရာကျလိမ့်မယ်။တကယ်က လူ့ဘ၀မှာ အနိမ့်အမြင့်အတက်အကျလိုက်လို့ ရုန်းကန်ကြဖေါက်ပြန်ကြပုံတွေကို မီးမောင်းထိုးပြနေတာပါ။ရည်ရွယ်ချက်က အာဏာရှင်တို့ရဲ့ သဘောသဘာဝသရုပ်သဏ္ဍာန်ကို အဟုတ်အမှန်အတိုင်း ပေါ်လွင်စေချင်တာရယ်။ သိုဟန်ဘွားသန်းရွှေမိသားစုနဲ့တကွ အများတကာက သင်ခန်းစာယူစရာတွေကို သတိပြုမိပြီး အမိအရယူစေချင်တာရယ်။ ရည်ရွယ်ချက်က ဒါတွေပါ..ကိုတူမောင်။”
ဦးလေးကြီးက ဤသို့ရှင်းချက်ထုတ်ပြီး သိုဟန်ဘွားသန်းရွှေ၏ `စကောစက အကောင်´ဘ၀က ရုန်းကန်ခဲ့ရသည်များကို ဖေါက်သည်ချ ဝေမျှပါလေတော့သည်။

“သိုဟန်ဘွားသန်းရွှေဟာ ရာထူးရာခံအကြောင်းပြုပြီး အခွင့်ထူးရခဲ့တာလေးတွေရှိတယ်။ တခုကို အမြည်းသဘောနဲ့ပြောမယ်။မွေးမြူရေးလုပ်တုန်းက အခွင့်ထူးကိုသုံးပြီး ကြက်စာဆန်ကွဲနဲ့ဂျုံဖွဲတွေကို အစိုးရကုန်သွယ်ရေး (၁) ဆီက ၀ယ်တယ်။ကြက်ဆေး `အဂျုဗစ်´ ကို ရွှေတိဂုံဘုရားလမ်း အစိုးရမွေးမြူရေးဆိုင်က ၀ယ်တယ်။ကြက်ကောင်ရေကို အများကြီးစာရင်းလိမ်ပြပြီး လိုတာထက်အဆများစွာ ပိုပြီးရအောင်ဝယ်တာ။ တပ်တွင်းမွေမြူရေးဆီကလည်း `၀ိတ်´ နဲ့ ဖိပြီးဝယ်တယ်။ ဒီတော့ အပိုအလျှံတွေ အတော်များများ ရလာပါလေရော။ ပိုတာတွေကို မှောင်ခိုဈေးကွက်မှာ ရောင်းစားတယ်..ဟဲ..ဟဲ။ သိုဟန်ဘွားသန်းရွှေမိသားစုဟာ အဲဒီဘ၀ကလာတာပါ”

ဦးလေးကြီးက သိုဟန်ဘွားသန်းရွှေ၏ ကြီးကြီးမာစတာအကောင်ဘ၀ အကြောင်းကို ဆက်၍ပြောပြန်သည်။
“မကွေးတပ်မ (၈၈) မှာတပ်မမှူးဖြစ်လာတော့ နောက်ရာထူးတက်ပြီး တိုင်းမှူးဖြစ်လာတော့ ဟိုးယခင်ကလို အသေးအနုတ် လက်သီးဆုပ်လောက်တွေကို အရေးမလုပ်တော့ဘူး..ဟဲ..ဟဲ။ တပ်မမှူးခွင် တိုင်းမှူးခွင်ထဲက လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး ထုံးစံအတိုင်း..ဟဲ..ဟဲ ထုံးစံအတိုင်းပါပဲ။”

ဦးလေးကြီးက သိုဟန်ဘွားသန်းရွှေ၏ မဆလခေတ် ဘ၀တစိတ်တပိုင်းကို ဤတွင်ရပ်ပြီး န၀တ၊ နအဖခေတ်ဘ၀ တစိတ်တပိုင်းအကြောင်းကို ဆက်၏။

“အဲ.. န၀တခေတ် ရောက်လာတော့ န၀တဥက္ကဋ္ဌ ဗိုလ်ကျန်စစ်သား စောမောင်ရဲ့ နောက်နားမှာ သိုဟန်ဘွားသန်းရွှေကြီးက ငြိမ်လို့ကုတ်လို့။ မခုတ်တတ်တဲ့ ကြောင်ပါးကြီးလိုပဲ..ဟဲ..ဟဲ။ တကယ်က လက်သည်းဝှက်ပြီး ကြွက်ကိုချောင်းနေတာ။စကားစပ်လို့ပြောရဦးမယ်.. ကိုတူမောင်။ စစ်တပ်ထဲမှာ အစဉ်အလာဆိုးတခု ရှိတယ်။ ရာထူးအလိုက် ငယ်သူဟာ ကြီးသူရဲ့ရှေ့မှာဆို ပိပြားနေရတာ။ အဲဒီငယ်သူ ရာထူးကြီးလာပြီဆိုရင်လား သူရာထူးငယ်စဉ်တုန်းက ကုန်းခံခဲ့ရတာတွေကို အတိုးနဲ့ဆပွါးပြီး ကိုယ့်လက်အောက်က ရှိရှိသမျှအကုန်လုံးကို ကြုံးနှံတော့တာ။ `ငယ်တုန်းကုန်းခံ ကြီးတော့ကြုံးနှံ´ တဲ့။ တပ်ထဲမှာ ဒီအကျင့်ဆိုးကြီးက ဖြစ်ရိုးဖြစ်စဉ်ဖြစ်နေတော့ အရပ်သားတွေကို စစ်ဗိုလ်တွေက အစွမ်းကုန်ကမ်းကုန် လူပါးဝဗိုလ်ကြတာ ဘာဆန်းသလဲ။”

ဦးလေးကြီးက အကြောင်းအရာ ဆက်စပ်လာလျှင် ဆွဲစပ်ပြီးပြောတတ်၏။ `ငယ်တုန်းကုန်းခံ ကြီးတော့ကြုံးနှံ´ ဆိုသောစကားမှာ အလေးထားစဉ်းစားစရာ ပြဿနာ။

“ကိုတူမောင်..ရေ။ ဗိုလ်ကျန်စစ်သား စောမောင်ကြီး အရှင်းခံရပြီး သိုဟန်ဘွား သန်းရွှေကြီး နံပါတ်ဝမ်းအာဏာရှင်ကြီး ဖြစ်လာတယ်။ အာဏာရှင်ဆိုတာက လောဘသားတွေထဲမှာ အထွတ်အခေါင်အချုပ် လုပ်ချင်တာလုပ်။ ဒီလို လုပ်ချင်တာလုပ်လို့ရတော့ အာဏာလောဘဇောနောက်မှာ ဥစ္စာလောဘဇောက ဖ၀ါးခြေထပ်လိုက်လာပြီ။ဒီအခြေအနေမှာ အာဏာရှင် သိုဟန်ဘွားသန်းရွှေမိသားစုရဲ့ ဥစ္စာလောဘဇောအခိုးတွေက လုပ်ငန်းရှင်စီးပွါးရေးသမားတွေကို`ဟပ်´။ လုပ်ငန်းရှင်စီးပွါးရေးသမားတွေရဲ့ ဥစ္စာလောဘဇောအခိုးတွေက သိုဟန်ဘွားသန်းရွှေမိသားစုကို `ဟပ်´။ အဲ.. ဟိုဘက်ဒီဘက် ဥစ္စာလောဘဇောအခိုးတွေ အပြန်အလှန်ရောယှက်ပေါင်းစပ်မိပြီး ဥစ္စာလောဘဇောမီးကြီး လောင်ကျွမ်းပါလေရော။ အကျိုးဆက်တခုက သိုဟန်ဘွားသန်းရွှေကြီးနဲ့ သူ့မိသားတစုလုံး မြေးကလေးတွေပါမကျန် လာဘ်စားပြီ။ ချစားပြီ။ အကျင့်ပျက်ပြီ။”

(ဆက်ရန်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved