မယားချစ်တဲ့ တပ်ချုပ်ကြီး

Sunday, January 2, 2011

တပ်ချုပ်ကြီးတို့များ အိမ်သူသက်ထား ဇနီးမယားကို ချစ်တတ်ခင်တတ်လိုက်တာ။ ဒီကမ္ဘာမှာ ပြိုင်စံရှားပါပဲခင်ဗျာ။ မယားချစ်နိုဗယ်လ်ဆုများ ရွေးချယ်မယ်ဆိုရင် ဒီကအမ္ဘာမှာ တပ်ချုပ်ကြီးကို မီမယ့်သူ မရှိဘူးလို့ ကျနော် မွန်ဇော်နိုင်က ရဲရဲကြီးအာမခံဝံ့ပါရဲ့။ မယားချစ်နိုဗယ်လ်ဆုရှင် တပ်ချုပ်ကြီးလို့ ကမ္ဘာက မသိရတာ နာလိုက်တာ။

စကားစပ်မိလို့ပြောရဦးမယ်။ တပ်ချုပ်ကြီးအကြောင်း ခရေစေ့တွင်းကျ စေ့စေ့စပ်စပ် ရေးသားပြုစုထားတဲ့ “Unmasking Burma Tyrant” အတ္ထုပ္ပတ္တိမှာ ကြိုင်ကြိုင်အပေါ်ထားရှိတဲ့ တပ်ချုပ်ကြီးရဲ့ ချစ်မေတ္တာကြီးမားပုံကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့ခြင်းမရှိဘူးခင်ဗျ။ ဒီအကြောင်းကို စာရေးသူ Bendict Rogers အား Irrawaddy က သတင်းစကား ပါးပေးစေချင်ပါတယ်ခင်ဗျာ။

ကြည့်ကြပါဦးဗျာ။ တလောက ဗိုလ်သင်တန်းဆင်းပွဲ ဗိုလ်ရှုသဘင် ပရိသတ်ကြီးထဲမှာခင်ဗျ။ ဗိုလ်ချုပ်ကြီး၊ ငယ်တွေဟာ၊ ကြယ်ပွင့်တွေ၊ ဘားတွေ၊ အနီပတ်ဦးထုပ်ကြီးတွေ ကိုယ်စီကိုယ်စီနဲ့ခင်ဗျ။ ဗိုလ်လောင်းများ အလေးပြုတာကို စစ်စိတ် စစ်သွေး စစ်မာန် ကေသရာဇာခြင်္သေ့ဟန်နဲ့ ခန့်ညား ၀င့်ကြွားစွာခံယူရမှာ မဟုတ်ပါလားခင်ဗျာ။

ခုတော့ အဲဒီလိုမြင်ကွင်းမျိုး မဟုတ်ပေဘူးဗျို့။ လား..လား.. ပရိသတ်ရဲ့ထိပ်ဆုံးတန်း အလယ်တည့်တည့် ထိတ်ထိတ်ကြဲထိုင်ခုံမှာက တပ်ချုပ်ကြီးရဲ့ ချစ်ကလျာသက်ထား မဟေသီဧကရီ ဒေ၀ီကြိုင်ကြိုင်ရယ်ဗျ။ ထားတော့ ထားပါတော့။ သက်ဦးဆံပိုင် ပဒေသရာဇ် ဧကရာဇ်ခေတ်မှာ ရှင်မင်းဘုရားကြီးနဲ့ မိဖုရားခေါင်ကြီးတို့ဟာ ရာဇာပလ္လင်မှာ ယှဉ်ကာတွဲကာ ကန်တော့ခံခဲ့ကြတဲ့ အစဉ်အလာရှိခဲ့ဘူးလေတော့ ရှိစေတော့..ရှိပါစေတော့လို့ အောင့်အည်းသည်းခံမြိုသိပ်ခဲ့ပါရဲ့။

ဒါပေမယ့် မိဖုရားကြီးမျှသာမက သမီးတော်တွေ၊ သမီးတော်တွေမျှသာမက မြေးတော်ကြီး၊ မြေးတော်လတ်၊ မြေးတော်ပေါက်စ၊ မြေးတော်ပူတူတူး တသီတတန်းတွေကပါ။ ထိပ်ဆုံးတန်းအထင်ကရ အလယ်ဗဟိုနေရာမှာ ဘာကိုမျှမထီတဲ့ ဘာမထီဟန်နဲ့ ထိုင်နေလိုက်ကြတာကိုတွေ့ရတော့ လွန်လွန်းမနေဘူးလား တပ်ချုပ်ကြီးခင်ဗျာ။

စစ်ခေါင်းဆောင်နံပါတ်တစ်ဖြစ်မလား၊ နှစ်,သုံးဖြစ်မလားဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က သမီးတော်တစ်ပါးရဲ့နံဘေးကခုံတလုံးမှာ ကျုံကျုံယုံ့ယုံ့ကလေးရယ်ဗျ။ ဒါတင်ဘယ်ကပါ့မလဲ။ ရန်သူကိုဘာမထီတဲ့ သီဟသူရဘွဲ့တံဆိပ်ရ စစ်သူရဲကောင်းကြီးကလည်း တဘက်စွန်းထိုင်ခုံက သမီးတော်တစ်ပါးရဲ့နံဘေးထိုင်ခုံမှာ။ ဟိုစဉ်ဟိုခါတုန်းကဆိုရင် မျက်နှာကြောတင်းလိုက်ပုံက ပြတ်ထွက်မတတ်။ ထိုးတော့ကြိတ်တော့မလို။ ပါးရိုက်ပစ်တော့မလို။ အဲဒီ သီဟသူရကြီးခမျာ ယခုတော့သူ့ကိုသူ ဘာကောင်ရယ်, ညာကောင်ရယ်မှန်းတောင် မသိရှာတဲ့ပုံမျိုး၊ မျက်စိသူငယ် မျက်နှာငယ်ကလေးနဲ့ ထိုင်လျက်ပါ။

ဟုတ်ပါတယ်။ သီဟသူရကြီးဟာ အရပ်ဝတ်တွေကို လက်အောက်ငယ်သားလို သဘောထား။ ခိုင်းလိုရာခိုင်း၊ စေလိုရာစေ၊ အောက်တန်းစားတွေ၊ အလေ့ကျတွေ၊ လမ်းဘေးတွေ၊ မတူမတန်တွေ၊ အထင်အမြင်သေးစရာတွေ။ သို့ကလို တသက်လုံးကြည့်ခဲ့ မြင်ခဲ့ သဘောထားခဲ့၊ နှိမ်ထားခဲ့တာ။ ယခုတော့ စစ်ယူနီဖေါင်းဝတ် ဗိုလ်ချုပ်ကြီး ငယ်တွေရဲ့ကြားမှာ တိုက်ပုံပုဆိုးဝတ် အရပ်သားအဖြစ် အူကြောင်ကြောင် ငေါင်တောင်တောင်နဲ့ နေနေရတာ။ သူကိုယ်တိုင် အရှင်လတ်လတ်ပုဆိုးနဲ့၊ တိုက်ပုံနဲ့၊ အရပ်သားစစ်စစ်ကြီး ဖြစ်သွားပါပကော။

ဒါထက်ပိုလို့ဆိုးတာက သီဟသူရကြီးခမျာ၊ ဗိုလ်ချုပ်ကြီး ငယ်တွေရဲ့အထက်က အကြီးအကဲလား။ ဒါမှမဟုတ် ဗိုလ်ချုပ်တွေရဲ့ အမိန့်ကိုနာခံရတဲ့ လက်အောက်ငယ်သားပေလား။ သူကိုယ်တိုင်က ဝေခွဲပိုင်းခြားသိနိုင်ဖို့ ခက်ခဲနေပုံပါပဲ။

အဲဒီလို မယားချစ်တပ်ချုပ်ကြီးရဲ့ အချစ်သံယောဇဉ်ကြောင့် ကျနော်တို့ဗိုလ်ချုပ်ကြီးငယ်တို့ဟာ မိဖုရားခေါင်ကြီးကိုသာမက သားတော်၊ ထိပ်ခေါင်တင်သမီးတော်နဲ့ မြေးတော်တို့ တပြုံလုံးကိုပါ ဦးထိပ်တင်ပြီး salute ရိုက်နေရတဲ့အဖြစ်က တပ်မတော်ကြီးရဲ့ ဂုဏ်သိက္ခာကိုလည်းထိခိုက်၊ ဗိုလ်ချုပ်တွေရဲ့ စစ်စိတ်၊ စစ်သွေး၊ စစ်မာန်ကိုလည်း ယုတ်လျော့စေရာ အထင်သေးစရာ ဖြစ်ရပါတယ်ဗျာ။

မယားချစ် တပ်ချုပ်ကြီးရဲ့ချစ်စိတ် ခင်စိတ်က ဒီမျှလောက်နဲ့ပင် အတောသတ်မှာ မဟုတ်ဘူးဆိုတာ တွေ့နေရပြန်သေးတယ်ခင်ဗျ။ မကြာခင်ကမှတော်ကောက်လိုက်တဲ့ သမက်ထွေးလေးပူပူနွေးနွးကို တရုတ်ပြည်ကြီးရဲ့ သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီလေ။ သမက်ကလေးက စစ်ဗိုလ်လူထွက် မိုးပေါ်ကျ အရပ်ဘက်အရာရှိငယ်လေး..။ နိုင်ငံရေးတို့ ကမ္ဘာ့နိုင်ငံရေးတို့ဆိုတာကိုတောင ၊ကြားမှကြားဖူးရဲ့လား..။ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေ သုခမိန်တွေ ကမ္ဘာ့နိုင်ငံရေး ကျားကွက်ကစားရာက သံရေးတမန်ရေး..ဆိုတာတွေကတော့.. ဆိုတာတွေကတော့.. ဝေလာဝေးပေါ့ဗျာ။ တရုတ်ပြည်လို ကမ္ဘာ့စူပါပါဝါကြီးရဲ့ သံခင်းတမန်ခင်းမှာ ကိုယ့်နိုင်ငံအတွက် ကောင်းကျိုးတွေသယ်ပိုး ရွက်ဆောင်နိုင်ဖို့ဆိုတာ အလွယ်ကလေးမှ မဟုတ်တာ။ စဉ်းစားသာကြည့်ကြပါတော့ဗျာ။

ကြူကြူမွှေးသမက်တော်ကို ကမ္ဘာ့စူပါ ပါဝါကြီးရဲ့ သံအမတ်ကြီးအဖြစ်တောင်ခန့်အပ်ရဲရင် သမီးတော်တပါး, ပါးဟာလည်း၊ ဂန္ဒီ၊ နေရူးကြီးတို့ရဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံရဲ့ သံအမတ်ကြီး ဖြစ်မလာဘူးလို့ ဘယ်သူကပြောရဲမှာလဲဗျာ။ ကဲ..ဒီလိုဆိုရင်ဖိုးအေချစ်မြေးကလေးကရော တနေ့မိုးပေါ်ကျ`ဥုံဖွ´ ဗိုလ်ချုပ်မှူးကြီး ဖြစ်မလာဘူးလို့ ဘယ်သူပြောရဲလဲ။

အဲ.. ကျနော် မွန်ဇော်နိုင်တို့ အလွန်ဂုဏ်ယူ ၀င့်ကြွားချင်လှတဲ့ သမိုင်းအစဉ်အလာ အလွန်ကြီးမားတဲ့ တပ်မတော်ကြီးကတော့ တပ်ချုပ်ကြီးရဲ့ မယားချစ်စိတ်ကြောင့် ရေတိမ်နစ်ရတော့မယ်ထင်ပါရဲ့ဗျာ။ ။

မွန်ဇော်နိုင်

9 comments :

  1. ဗဟန်း said... :

    စစ်တပ်အုပ်ချုပ်ချိန်ဆိုတော့ စစ်တပ် ကို ပထမ ဦးစားပေးရပါတယ်.. အခုတစ်လော သတင်းစာတွေမှာ ကြည့် ကြည့်ပါ.. တိုင်းမှုး က အရင် -- သူ့နောက်ကမှ ၀န်ကြီး တွေလိုက်ရပါတယ်.. ဖြတ်ရမဲ့ ဖဲကြိုးကတော့ တစ်နေရာပါ.. ဒါပေမဲ့ မျက်နှာ နာတော့ တိုင်းမှုးအပါအ၀င် ရှိရှိသမျှ ၀န်ကြီးတွေပါ ပါအောင် ၈ နေရာလောက်ဖြတ်ရတာတွေ့ရတယ်.. ဘာမှတော့မဖြစ်ဘူး.. ကပ်ကြေး ၈ ခု သုံး ပြီး ကပ်ကျေးလင်ပန်းကိုင် ၁၆ ယောက် သုံးရတာလောက်ပါဘဲ။။ ပြသနာ က -- ဒီ တိုင်းမှုး ဆိုတာက တစ်ကယ့်ချာတိတ်တွေ-- စစ်အရာရှိ ကော်မရှင်စားတာ ၀န်ကြီးတွေထက် စာရင် ၁၂ နှစ်လောက် နောက်ကျတယ်.. တစ်ချိန်က ကိုယ့်ကို အလေးပြု သတင်းပို့နေရတဲ့ ကိုယ့် တပ်စုမှုးလေးတွေ ကို -- အခုချိန်မှာ ကိုယ်ကဘဲ နောက်က ဘောလေးအုပ်ကာ -- ဖင်လေးကာ ကာ (ရှေ့လက်ပစ်ခြင်း-နောက်လက်ပစ်ခြင်း ကိုဆိုလို).. နဲ့ ဘုရားကားအောက် မျောက်ကား အထက် ဆိုတာ တွေ ကိုယ်တိုင်ခံစားရပြီဖြစ်တယ်။။ ၂၀၀၈ ဖွဲ့စည်းပုံကို အင်တိုက်အားတိုက် ပြဌာန်းလို့ရအောင် သူတို့တွေဘဲ ဦးဆောင်ခဲ့တာ ခုလောက်ဆို နဲနဲ သဘောပေါက်နေလောက်ပြီ.. နောက် တိုင်းမှုး တွေ ကိုယ်၌ က ပရိုမိုးရှင်း ရတာ ၂ လ လောက်ရှိသေးတော့ (officiating or probation ကာလ မှာဘဲ ရှိသေး) အထာမကျွမ်းသေး.. ကိုယ့်အာဏာကိုယ်ဒီလောက်အသုံးမချ ကြသေးဘူး.. အင်း -- မကြာပါဘူး.. ငိုပွဲတွေ ကြည့်ရတော့မှာ--

  1. Anonymous said... :

    နောက်ထပ်ရေးစရာတွေ့မရှိဘူးလား မသေးဘူး ပြေစရာမရှိကြံဖန်ရေကြတယ်။ သတင်း အမှန်ကျရင်မတင်ကြဘူး သတင်းဌာနတွေ့ ။နယူးယောက် UN ရုံရှေးမှာ ရခိုင်တွေ လွပ်လွပ်ရေး ကြွေးကြော်စွာကျတော့ ဘယ်သူမှ မတင်ကျဘူး။

  1. Anonymous said... :

    ရဟန်းရှင်လူ ပြည်သူကို သတ်နေတဲ့ နအဖ သန်းရွေက သူ့ ရဲ့  မြေးမကို ဘုရားစေတီတော်ကြီးထဲမှာ ဖိနပ်ပေးစီးထားလေရဲ့ ။ http://www.niknayman-niknayman.co.cc/2010/12/blog-post_5884.htm

  1. ဗဟန်း said... :

    “နောက်ထပ်ရေးစရာတွေ့မရှိဘူးလား မသေးဘူး ပြေစရာမရှိကြံဖန်ရေကြတယ်။ သတင်း အမှန်ကျရင်မတင်ကြဘူး သတင်းဌာနတွေ့ ။နယူးယောက် UN ရုံရှေးမှာ ရခိုင်တွေ လွပ်လွပ်ရေး ကြွေးကြော်စွာကျတော့ ဘယ်သူမှ မတင်ကျဘူး။ ”

    သတ်ပုံနဲ့ စာလုံးပေါင်းအကျအန မှားတာဟာ ဟားစရာတော့မဟုတ်ဘူး.. လူတိုင်း အမှားနဲ့ မှ မကင်းကြတာကိုး... ရှေ့ ကွန်မင့်က မိတ်ဆွေကိုတော့ နဲနဲ တော့ နဲနဲ လိုက်ပါရစေ.. တမင် ဟာသများ ရေးထားသလားလို့ပါ..
    ၁- မသေးဘူး ။ ၂- ပြေစရာမရှိ ။ ၃- ရေကြတယ်။ ၄- UN ရုံရှေးမှာ။ ၅- လွပ်လွပ်ရေး၊ ၆- ကြော်စွာကျတော့ စသဖြင့် အမှားကြီးတွေတွေ့ရတယ်.. ရှေ့ထိုး နောက်ပစ် ၀စ္စပေါက် အပင့် အရစ် မှားတွေ မပြောသေးဘူး..
    ဆိုတော့ မိတ်ဆွေရယ်.. ရခိုင်ဆန္ဒပြပွဲ မပါလို့ သတင်းဆိုဒ်တွေကို အပြစ်တင်နေမဲ့ အစား အဲဒီ ဆန္ဒပြသူတွေကိုယ်တိုင်ကကော မီဒီယာတွေကို အကြောင်းကြားရဲ့လား..ဆိုတာ အရင် မေးကြည့်သင့်တာပ...နောက် ရခိုင်သတင်းတွေ အဓိကထားတင်လေ့ရှိတဲ့ နေရဉ္စရာ မှာကော ဆရာ ကြည့်ဖြစ်လား-- သူတို့ထည့်ချင်ထည့်မှာပေါ့.. ဒါမှမဟုတ် ဆရာကိုယ်တိုင် သတင်းဘလော့ လေး ဖန်တီးကြည့်ပါလား.. (ကျုပ်ကိုဧရာဝတီကလို့ မထင်နဲ့ဦး..) နဲနဲ ပျော်တတ်တဲ့ သတင်းဖတ် ပရိတ်သတ် တစ်ယောက်သက်သက်ပါ..

  1. Anonymous said... :

    ခွေးရူးကောင်းစား တစ်မွန်းတည့်---

  1. Anonymous said... :

    မိန်းမ ကို ခေါ်လာတာ တော့  ထားပါအုံး....အဲ့ သမီးတွေ မြေးတွေက ဘာလို့ ခေါ်လာရတာတုန်း... အဲလို အလေးပြုခံချင်ရင် တပ်ထဲ ထည့်ပါ့လား... သူ့ မြေးကျတော့ သေမှာကြောက်လို့ တပ်ထဲ မထည့်ဘူး...အလေးကျတော့ အပြုခံ ခိုင်းတယ်....အောက်ခြေက ရဲဘော်တွေ..အကြပ်တွေ..အရာရှိ ..အရာခံ တွေ တောထဲတောင်ထဲမှာ မြန်မာပြည်သား အချင်းချင်း တိုက်ခိုက်နေရတာ...ဒါကိုကျတော့ မငဲ့ ဘူး... လုံးဝ (လုံးဝ) မဖြစ်သင့်ဘူး...

  1. ပျော်တတ်တဲ့ ကိုဗဟန်းရယ်
    သူက စာကိုသူစကားပြောသလိုရေးထားလို့ပါဗျာ
    အသံကိုအာရုံခံပြီးပြန်ဖတ်ကြည့်ပါ ၀ဲတဲတဲလေးနဲ့ချစ်စရာခံစားရမှာပါဗျာ။
    ကျနော်က ဘလော့ဂ်မှာ အလျှင်းသင့်ရင် ရခိုင်အရေး ကရင် ကချင် တိုင်းရင်းသား အရေးအရာဟူသမျှ
    ခံစားချက်လေး ထင်ဟပ်ပီး တင်ပေးလေ့ရှိသူပါ ယူအင်န်ရုံးရှေ့ လွတ်လပ်ရေးကြွေးကြော်စွာကျတော့ ရခိုင်ကို
    ကိုလိုနီအဖြစ်ကလွတ်အောင် ဆိုသဟာက တိုင်းရင်းသားစည်းးလုံးရေးအမြင်နဲ့ဆိုရင် အစွန်းရောက်ရာကျပါမယ် ညီနောင်တို့ရယ်။ ပဒေသရဇ်ခေတ်အခါအလိုက် အာဏာစက် ချဲ့ထွင်တာ ခေတ်ကာလတခုရဲ့ လုပ်ဆောင်မှုသမိုင်းဖြစ်ရပ်တခုထက် ပိုတဲ့ နာကျည်းမှုကိုကျီးပေါင်းတက်စေရာမသင့်ပါ။ ခုအခါများမှာ စစ်အာဏာရှင်စနစ်ရဲ့ နှိပ်စက်ချက်အောက်မှာ တိုင်းရင်းသားအားလုံး ရဟန်းရှင်လူ သူ့လူမဟုတ်တွေအားလုံး
    ဖိနှိပ်ညှင်းပမ်းခံနေရတာ ရခိုင်တရေးသာမဟုတ်ပါဗျာ။
    ကမ္ဘာမကြေ

  1. ဗဟန်း said... :

    ပြေပြေလျော့လျော့လေး အကောင်းမြင်ပေးတဲ့ အတွက် ကျေးဇူးပါ ဆရာ ကမ္ဘာမကြေ-- ရှစ်သူကို ချွှေနန်းထက်မှာ ထားရှင်တယ် ဆိုတဲ့ တောင်ငူ-ရေတာရှည်-အုတ်တွင်း သား အသံမျိုး နဲ့ ရေးကုန်ရင်လည်း ဂွကျမဗျို့.. ကိုတွစ် တယောက် ထွင်စက်မောင်းရင်း ရေတွန်းနားမှာ အလွင်းသယ် နေတယ် ဆိုတဲ့ မြေလတ်လေသံ တို့-- မြိတ် သံ- ထားဝယ်သံ.. စသဖြင့် လေသံတွေ အတိုင်း သာ ချရေးကြကုန်ရင်ဖြင့်.. စာဖတ်သူ ရဲ့ mood တွေ အကုန် လိုက်ပြောင်းရမယ် ထင်ပ.. စကားမစပ်.. ဆရာ့ ဘလော့ ကို လည်ဖြစ်တယ်.. အတွေးဆန်းတယ်.. တင်ပြပုံကောင်းတယ်.. အသစ်တင် နှေးတယ် လို့ သုံးသပ်မိရပါတယ်..

  1. ပုခိုးသားလေး said... :

    ဟုတ်ပါရဲ့ဗျာ..ဇနီးကိုခေါ်တာတော့ ထားပါတော့..သမီးတွေကို ခေါ်တာတော့ သမက်ဖမ်းဖို့ ပဲဖြစ်မှာပေါ့..အင်း..စစ်ဗိုလ်တွေ ခဗျာလဲ စစ်တိုက်ဖို့ထက် ပိုက်ဘောအရင်ဖမ်းတာ လေ့ကျင့်ရမယ်ထင်ပါရဲ့ဗျာ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved