အကယ်ဒမီအတင်း

Monday, January 24, 2011

ဧရာဝတီဘလော့ စာလုံးပေါင်းမှားတယ်၊ ခေါင်းစဉ်ကြီးတောင် မှားရသလား ဘာညာနဲ့ ဖိုရမ်တွေ၊ ဖေ့စ်ဘုတွေ ထဲမှာ ဆွေးနွေးလားဘာလား မလုပ်ကြပါနဲ့။ လက်ညောင်းပါလိမ့်မယ်။ အကယ်ဒမီ အတင်းဖြစ်ကြောင်း ထပ်မံ အသိပေးအပ်ပါတယ်။

ဒီနှစ်အကယ်ဒမီ ရန်ကုန်သားတာတေ မရသောကြောင့် အလွန့်အလွန် စိတ်မကောင်း ဖြစ်နေပါတယ်။ ဒါထက် စိတ်မကောင်းဖြစ်ရတာကတော့ အူဝဲလေးတို့ (အိန္ဒြာကျော်ဇင်ပေါ့)၊ မစိုးကြီးတို့ (စိုးမြတ်သူဇာကို ပြောတာနော်)၊ ဒါဒါလေးတို့ (စိုးမြတ် နန္ဒာပါ။ စိုးမြတ်က ဘယ်လိုနံတာလဲလို့တော့ မမေးပါနဲ့) မခိုင်လေးတို့ (ခိုင်သင်းကြည်ပေါ့) ... မခိုင်ကြီးတို့ (ဒါကတော့ ထွန်းအိန္ဒြာဗိုပါတဲ့ကွယ်) အဲဂလို ... အဲဂလို မင်းသမီးလေးတွေ မင်းသမီးဆု မဆွတ်ခူးရတာကို ပိုပြီး စိတ်မကောင်းဖြစ်ပါတယ်။ ငိုမိတာ မျက်ရည်တွေတောင် ဗူးသီးလုံးလောက် ကျပါရဲ့ ... တကယ်ပြောတာပါ။

အဲဒီထဲမှာ ဒီနှစ် အကယ်ဒမီကို မင်းသမီးထဲက သေချာပေါက် မှန်းထားတာကတော့ အူဝဲလေးနဲ့ စိုးမြတ်သူဇာ ကြီးလို့ မဒမ် တာတေက ပြောပါတယ်။ “အဲဒီနှစ်ယောက်ထဲမှာ အူဝဲက ပိုရနိုင်ခြေရှိတယ် သိလား” လို့ ကိုတာတေ့ကို သေချာပေါက်ဆိုတဲ့ မျက်နှာပေးနဲ့ ပြောလိုက်သေးတာ။ ဒီကိစ္စမှာတော့ သူက ကိုတာတေ့ထက် ပိုသိတယ်လေ။ ဟုတ်လည်း ဟုတ်ပါတယ်။ မစိုးကြီးက မင်းသမီးကြီးတွေ နေရာကနေ အကယ်ဒမီရသူကို ကြေညာပေးလိုက်ရတော့ သူ မင်းသမီးဆု မရတော့ဘူးဆိုတာ သေချာသွားတာပေါ့။ ဒါပေမယ့် မနေ့ညက ဆုပေးပွဲမှာ မင်းသမီးဆု ဘယ်သူမှ မရဘူးလည်းဆိုကော မဒမ် တာတေခများ အူဝဲအစား မျက်ရည်တွေ ဝဲနေလို့ ကိုတာတေ့ကို ကုန်စုံဆိုင်က ပြန်အမ်းလိုက်တဲ့ တစ်ရှူးထုပ်ကလေး ကမန်းကတန်း ကမ်းလိုက်ရသေးသပေါ့။ ကိုတာတေကတော့ နောက်မှပဲ မဒမ်တာတေ မမြင်အောင် မျက်ရည် ဗူးသီးလုံးလောက် ကျအောင် ကျိတ်ငိုမိတာပါ။

“သြော် ... အူဝဲ ... အူဝဲ ... မင်းက မင်္ဂလာဆောင်ကို ၆ ခါတောင် စိန်တွေ စီလိုက်တာကိုး၊ တညတည်း စိန်စီ လိုက်ရတဲ့သူက ဘယ်ကျေနပ်ပါ့မလဲကွယ်။ ခုတော့ မင်းပစ်မင်းဒဏ် မင်းသာခံ ဆိုသလို မင်းပဲ ခံပါလိုက်တော့ ကွယ်။ အကယ်ဒမီ မရတာကို ပြောတာပါနော်။ မင်းက စပွန်ဆာတွေကလည်း အများကြီး၊ ပိုက်ဆံလည်း မကုန်ဘဲ မင်္ဂလာကို ၆ ခါဆောင်ခွင့်ရတယ်လေ။ ဟိုခမျာမှာတော့ စပွန်ဆာကလည်း မရှိ၊ ကိုယ့်အိတ် ကိုယ်စိုက်ပြီး စိန်စီတာတောင် စိန်ရောင်က မထွက်၊ ရုပ်ကလည်း ဆိုးသေး၊ မင်းလို ငါးရံ့ကိုယ်လုံးလေးမှ မဟုတ်ဘဲ၊ ဖက်တီးပုတ်ကြီး၊ ဘုတ်ထိုင်းကြီး မဟုတ်လား။

မင်းကျတော့ မင်းသားလေး ပြေတီဦးကိုလည်း ရသေး၊ ပြီးတော့ MRTV4 မှာလည်း ဆက်တိုက် လွှင့်ခွင့်ရသေးတယ်။ ဟိုတယောက်မှာတော့ အင်တာနက် ယူကျု မှာပဲ လွှင့်ခွင့် ရလိုက်ရှာတယ်လေ။ ခက်တာက ယူကျုဆိုတာ မြန်မာပြည်ထဲမှာ ဘန်းထားတော့ မြန်မာပြည်ထဲက လူတွေ ကြည့်ခွင့်မရကြဘူးကွဲ့။ ဒီတော့ မင်းကို မနာလိုပြီး အမျက်တော့ ရှပေမပေါ့ အူဝဲရယ် ... ငှယ် ... ငှယ် ... ရွှတ်ဖတ်”

အဲဒီလို ငိုမိတာပါ။

အူဝဲကို မင်းသမီးဆု မပေးတာဟာ တပ်ချုပ်ကြီးရဲ့ သမီးတော် စိန်စီသောသန္တာရွှေက မကျေနပ်လို့ဆိုပြီး ကောလာဟလတွေ ထွက်နေတာကိုတော့ လေဒီတာတေခေါ် မဒမ်တာတေက မသိလိုက်ဘူးလေ။ ဒီတကွက်တော့ ကိုတာတေ့ကို ကျောလို့မရရှာဘူး။

သို့သော် အူဝဲကို မပေးရင်လည်း တခြား မင်းသမီးတွေထဲက ပေးလို့မရတော့ဘူးလား။ မြန်မာပြည်မှာ မင်းသမီး ဆုနဲ့ တန်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတွေ မရှိတော့ဘူးလားဆိုတဲ့ လားပေါင်းများစွာကလည်း မေးခွန်းအဖြစ် ကိုတာတေ့ စိတ်ထဲမှာ ကျန်ရှိနေပါသေးတယ်။

ဒါပါနဲ့ဆို မင်းသမီးကို ဆုမပေးတာ ၂ နှစ်တောင် ရှိသွားပြီလေ။ ပထမ တခါတုန်းက ဇာတ်ပို့တောင် ရတာမဟုတ်ဘူး။ အခုတခါတော့ မကောင်းတတ်လို့ ထင်ပါရဲ့ ဇာတ်ပို့ဆုကို စိုးပြည့်သဇင်က ရသွားတယ်။ မိန်းမသရုပ်ဆောင်တွေအတွက် အမြင့်ဆုံးဆုဖြစ်တဲ့ မင်းသမီးဆုတော့ မပေးဘူးပေါ့။

မင်းသမီးဆု မပေးတာ ဘာလို့လဲ၊ လွှတ်တော်ကြီးကလည်း နီးပြီဆိုတော့ နည်းနည်းမှ အမှားအယွင်း မခံနိုင်လို့လား (ဆိုင်ဆိုင်မဆိုင်ဆိုင်)၊ ယတြာ ခြေတာလား၊ ဒါမှမဟုတ် KNU ရဲ့ လက်ချက်လား။ ကိုတာတေ အလုပ်မရှိ အလုပ်ရှာ စဉ်းစားကြည့်တာပါ။

တော်တော်တော့ ခေါင်းစားပါတယ်။ ကိုတာတေ ဉာဏ်မီသလောက် အဖြစ်နိုင်ဆုံး ပြောရရင်တော့ မင်းသမီးတွေဝတ်တဲ့ ကြိုးကြီးချိတ်တွေက ဝန်ကြီးတွေရဲ့ ချိတ်တွေထက် အဆင်လှလို့ ဆိုတဲ့ အဖြေပဲ ထွက်ပါတယ်။ မယုံရင် ဓာတ်ပုံတွေကိုသာ ကြည့်ပေတော့။ အကယ်ဒမီမင်းသမီးတွေရဲ့ ထမီဆင်တွေအတိုင်း တပုံစံတည်းရအောင် အမီအပ်ပြီး ကြံ့ဖွံ့ အမတ်မင်းတွေ လွှတ်တော်တက်ကြမယ်လို့လည်း အတည်မပြုနိုင်တဲ့ သတင်းတွေအရ ကြားရပါတယ် (ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းတယောက်လည်း အကယ်ဒမီပွဲမှာ ကြိုးကြီးချိတ် ထမီ မဝတ်ရလို့ မကျေမနပ်ဖြစ်နေတယ်တဲ့)

ရန်ကုန်သားတာတေ

(ဓာတ်ပုံ - ဧရာဝတီ)

5 comments :

  1. တာတေအဖေ လျှာရှည် said... :

    ငိုတာတောင် မျက်ရည်က ဘူးသီးလုံးလောက် ကျရသလားဟဲ့ မောင်တာတေရဲ့...မင်းသမီးအကယ်ဒမီဆု မရတာလည်း KNU လက်ချက်ဘဲလားဟဲ့ မောင်တာတေရဲ့...တရက်ထဲဘဲ စိန်စီလိုက်ရတဲ့သူက ရုပ်တော်တော်ဆိုးသလားဟဲ့ မောင်တာတေရဲ့...သူများပြောရမယ်ဆို နှစ်ယောက်မရှိဘူး...သွား...လူဆိုး...မုန်းစရာကြီး။

  1. Anonymous said... :

    ကျော်ဆန်းသည် အလွန်အရပ်ပုသောကြောင့် သူနဲ့ တော်တဲ့ ဖိနပ်ဆိုက် မရှိပါ။ နံပါအငယ်ဆုံး ဖိနပ်စီးထားတာတောင် ဖိနပ်က ကြီးနေတာ တွေ့ရသည်။

  1. Unknown said... :

    စိန်ဘယ်လောက် စီစီ ဒါပါဘဲ မောင်တာတေ ရယ် ..... မြန်မာ တွေဒါကြောင့် မတိုးတက်တာ အားနေရင် ဘာတွေလုပ်နေမှန်း ကိုမသိ ဘူး....ငါလဲ အတူတူ ဘဲ ..ဟဲဟဲ ...ကိုယ်ကောင်းအောင်တော့ နေရမှာပေါ့လေ.....ဘကြီးဘုန်းကြီးပြောတဲ့ စကားပုံ ရှိတယ်လေ "ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံ ဘဲ ရှိတော့ မပေါ့ " ဘာမှတော့မဆိုင် မြန်မာ လူမျိုးဆိုတော့ မပြောရင် မနေနိုင်လို့ ..ဟဲဟဲ....

  1. တာတေဘိုးဘိုး said... :

    တာတေဘိုးဘိုး ကလည်းပြောချင်နေတာ လျှာကိုယား နေတာပဲ။ ဘုတ်ထိုင်း မကြီးကတော့ မဂ်လာဆောင်မှာ ဗိုက်ကိုဖုံး ထားတာ ရီးလိုက်ရင် ဝက်မကြီးနဲ့ တူတာ လမ်းလျှောက်ရင် ဆီးပိုင်းကြီး လိမ့်လာတာလား တောင်ထင်ရတယ်။ ဒါတွေကို အူဝဲလေးနဲ့  ယှဉ်လို့  မရဘူးလေး။ ဒါကြောင့် လူကြီးတွေက ပြောဘူးတယ် သမီးယူမယ် ဆိုရင် အမေ ကိုအရင်ကြည့်တဲ့။ ကြိုင်ကြိုင် ကိုသာကြည့် စီနီယာ ဘုတ်ထိုင်းမကြီး ပဲဟာ။ ဘာကြောင့် တို့  တပ်ချုပ်ကြီးက ကြိုက်လဲမသိဘူး? ဘာကို ကြည့်ပြီး ကြိုက် တာလဲ တပ်ချုပ်ကြီး ရယ်? ဟီးဟီး

  1. Anonymous said... :

    ရှမ်းကြိုက်နွားချောစကားပုံမမှားဘူးဆိုရင်.....အဲဒီသန္တာအကိတ်ကြီးကို ကြိုက်တဲ့သူတော့ ရှိအုန်းမယ်ထင်တယ်။ မှတ်ချက်၊ ထမိန်အနားခိုစားခြင်လို့ ကြိုက်ခြင်ယောင်ဆောင်သူများကို မဆိုလိုပါ။  

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved