NHEC မှ ဘတ် ၃ သန်း ခိုးယူထွက်ပြေးသူအား ဖမ်းဆီးရေး ကူညီစေလို

Wednesday, January 19, 2011

ဒီမနက် မေးလ်ထဲကို ဝင်လာတဲ့ စာတစောင်ကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ NHEC လို့ အတိုကောက် လူသိများတဲ့ “အမျိုးသား ကျန်းမာရေးနှင့် ပညာရေး ကော်မတီ” ရဲ့ ဘဏ္ဍာရေး တာဝန်ခံ စောဒေးဗစ်မြမောင် ခေါ် David Vinyurat က NHEC အတွက် ရရှိထားတဲ့ ဘတ်ငွေ ၃ သန်းကို ခိုးယူထွက်ပြေးသွားတာကြောင့် အဲဒီလူကို ဖမ်းဆီးဖို့ ဝိုင်းဝန်းကူညီပေးပါရန် မေတ္တာရပ်ခံတဲ့ စာပါ။

NHEC ဟာ နယ်စပ်ဒေသမှာ မြန်မာပြည်ဖွား တိုင်းရင်းသားများရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားတဲ့ အဖွဲ့များကို ထောက်ပံ့ကူညီမှုပေးနေတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။

ဝင်လာတဲ့ အီးမေးလ်မှာတော့ ဒီလိုဖြစ်တာဟာ NHEC ရဲ့ ဌာနတွင်း စီမံရေး အားနည်းချက်ကြောင့်ဖြစ်ကြောင်း ဝန်ခံထားပါတယ်။

အကူအညီတောင်း ဖြန့်ဝေတဲ့စာမှာ စောဒေးဗစ်မြမောင်ကို ထိုင်းရဲက ဖမ်းဝရမ်းထုတ်ထားတဲ့စာလည်း တွဲပို့ထားတာ တွေ့ရပါတယ်။

စောဒေးဗစ်မြမောင်ဟာ NHEC မှာ ၆ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့အတွက် သူ့ကို ယုံစားထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်ကြရတဲ့ တိုင်းရင်းသားတွေကို ကူညီဖို့ အပါအဝင် လုပ်ငန်းတွေအတွက် ပေးထားတဲ့ ဘတ်ငွေ ၃ သန်းကို ခိုးယူထွက်ပြေးသွားခဲ့ပါတယ်။

NHEC ရဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒီလုပ်ရပ်ကြောင့် သူတို့အရှက်ကွဲရကြောင်း၊ အလှူငွေတွေအတွက် အခွန်ထမ်းပေးထားတဲ့ နော်ဝေနဲ့ နယ်သာလန်မှ ပုဂ္ဂိုလ်များကို မျက်နှာပျက်ရကြောင်း ရေးထားပါတယ်။

ငွေတွေ ပျောက်သွားပြီးတဲ့နောက် လာရောက်ဖြေရှင်းဖို့ NHEC က အခွင့်အလမ်းတွေ ပေးခဲ့ကြောင်း၊ ဒါပေမယ့် စောဒေးဗစ်မြမောင်က တိမ်းရှောင်နေခဲ့ကြောင်း၊ ချင်းမိုင်ရုံးမှာ အမှုဖွင့်ပြီး ထိုင်းအာဏာပိုင်များက စောဒေးဗစ်မြမောင်ရဲ့ ကိုယ်ပိုင် ဘဏ်အကောင့်ကို ထိန်းချုပ်လိုက်ကြောင်း၊ ၂၀၀၉ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သူ့ဘဏ်အကောင့်ထဲ ဘတ် ၁ သန်း လွှဲထည့်ထားတာ တွေ့ရပြီး ကျန်ငွေများကိုတော့ ငွေသားအဖြစ် အဲဒီနေ့မှာပဲ ခိုးယူထွက်ပြေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

၂၀၁၀ ဒီဇင်ဘာ ၂၁-၂၂ မှာ မယ်ဟောင်ဆောင် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး စောဒေးဗစ်မြမောင် နေထိုင်ရာကို သွားရောက်ရှာဖွေရာမှာ မတွေ့ရကြောင်း သိရပါတယ်။

လောလောဆယ်မှာ NHEC ဟာ လုပ်ငန်းတွေလည်ပတ်ဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။

နယ်စပ်သတင်းများအရတော့ စောဒေးဗစ်မြမောင်ဟာ ထိုင်း-မြန်မာ နယ်စပ်ဒေသဘက်ကို ထွက်ပြေးရောက်ရှိနေကြောင်း သိရပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မေးမြန်းလိုရင် NHEC က လက်ထောက် အမှုဆောင် ဒါရိုက်တာ nyomin@nhecburma.org ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်လို့ ဆိုပါတယ်။

6 comments :

  1. မင်းသစ္စာ said... :

    ကြားရတာ စိတ်မသက်သာစရာပါဘဲ။ ကရင်အမျိုးသားဖြစ်တော့ ပိုလို့ တောင် စိတ်ညစ်ရတယ် တကယ်တော့ပြည်ပမှာ ဒုက္ခတွေအများဆုံးရင်ဆိုင်၇သူတွေက ကရင်အမျိုးသားတွေပါ။။ ထွက်ပြေးနေ၇တဲ့ ပြည်သူတွေမှာ ကရင် အမျိုးသားတွေက အများဆုံးဆိုတာ အားလုံးသိကြပါတယ်။ အဲဒီရံပုံငွေတွေကို ခွဲတမ်းချသုံးရင် ကရင် အမျိုးသားတွေ အတွက် အများဆုံးသုံးခွင့်ပေးကြရမှာပါ။ အခုတော့ အမျိုးသားကျန်းမာရေးနဲ့ ပညာရေးကော်မီတီငွေတွေယူပြီး ထွက်ပြေးတာက ကရင်အမျိုးသားဆိုတော့ တော်တော်အရုပ်ဆိုးတာဘဲ။ အားလုံးက တိတိကျကျနဲ့ ပူးပေါင်း ဆောင်ရွက်ရင် မိမှာပါ။ တိတိကျကျ အရေးယူသင့်ပါတယ်

  1. Anonymous said... :

    သြော်-
    ကရင်တွေ ရိုးလှ ရိုးလှ နဲ့ ယောင်းမ မြင်းစီးထွက်ပြ သလိုဖြစ်နေ ပါပေါ့လား၊
    အများနဲ့ ရင်ဘောင်တန်း ချင်ရှာလွန်းလို့ ထင်ပါ့။
    ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး မပုတ် ပါစေနဲ့လို့ ဆုများ ပဲ နာနာ တောင်းမိပါရဲ့။

  1. Anonymous said... :

    ဒါမျိုးကျတော့ ကေအန်ယူက ငြိမ်နေပါလား. တခြားသူတွေဆိုရင်တော့ ကျွန်းပင်ကြီးအောက်ရောက်သွားပြီ။

  1. Unknown said... :

    It is believed that he was already assassinated by others companions ( some leaders from NHEC). When he tried to share other amount to the same persons at that time he was going to be shot and go to hell by them, but other got money a lot too.

  1. Unknown said... :

    ဒီကိစ္စဟာ အားလုံးအရှက်ရစေတဲ့ကိစ္စပါ.....ဒီလိုမြန်မာနိုင်ငံသားအားလုံးရဲ့ အရှက်ရစေတဲ့ ကိစ္စကို...ပြီးဆုံးနိုင်ရေးအားလုံးဝိုင်းကူညီပေးသင့်ပါတယ်......
    ကျွန်တော်တို့ လဲဝိုင်းကူပေးပါမယ်...

  1. Anonymous said... :

    စောဘဦးကြီးသတ်တာလည်းကရင်ပါ
    ဖဒိုမန်းရှာသတ်တာလည်းကရင်ပါ
    ကရင်အချင်းချင်းသတ်ဖြတ်နေတာလည်း........ဘာကြောင့် ပါလည်း....စဉ်းစားကြည့် ကြပေါ့ 

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved