ပြည်ပအခြေစိုက် မီဒီယာများရဲ့ ရပ်တည်မှု အခြေအနေ

Tuesday, February 15, 2011

ပြည်ပ အခြေစိုက် မြန်မာမီဒီယာတွေ ထောက်ပံ့ငွေ အဖြတ်ခံရတဲ့အကြောင်း AFP က “ရံပုံငွေတွေ ဖြတ်လို့ ပြည်ပအခြေစိုက် မီဒီယာတွေ အခက်ကြုံ” ဆိုပြီး သတင်းရေးသားထားတာကို DVB မှာ ဖော်ပြထားပါတယ်။ DVB, ဧရာဝတီတို့ အကြောင်းတွေပါ။

စစ်တပ်ကနေ အရပ်ဖက်ပြောင်းသူတွေနဲ့ လွမ်းမိုးထားပေမယ့် ပါလီမန်အသစ်တွေ ဘာတွေကြောင့် နိုင်ငံရေးစနစ်အပြောင်းအလဲ ဖြစ်တော့မယ်ဆိုပြီး အလှူရှင်တွေက ပြည်တွင်းဘက်ကို ခြေဦးလှည့်ကြတာဖြစ်ပါတယ်။

DVB က တချို့ ပရိုဂရမ်တွေ ရပ်လိုက်တယ်၊ ဝန်ထမ်းအင်အား လျှော့ရတယ်။ ၂၀၁၁ မှာ ထောက်ပံ့ငွေ ဒေါ်လာ ၁ သန်းလောက် ဖြတ်တောက်ခံရတယ်လို့ DVB က တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးခင်မောင်ဝင်းကို ကိုးကားပြီး AFP က ရေးထားပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီဆိုရင်လည်း လစဉ်ပုံနှိပ် မဂ္ဂဇင်းကို ရပ်ထားလိုက်ရတယ်။ အွန်လိုင်းသတင်းတွေကို ဖိလုပ်နေတယ်။

“အလှူရှင်တွေက ပြည်တွင်း ပရောဂျက်တွေကို ငွေပေးချင်လို့ ဒါမှမဟုတ် ပြည်ပအခြေစိုက် မီဒီယာတွေက စစ်အစိုးရနဲ့ ရွေးကောက်ပွဲအပေါ် သတင်းတင်ပြချက်တွေကို ဘဝင်မကျလို့ ဖြစ်နိုင်ပါတယ်” လို့ ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

တခြား လွတ်လပ်တဲ့ မီဒီယာတွေ ဖြစ်တဲ့ RFA နဲ့ BBC တို့လည်း ထောက်ပံ့ငွေတွေ အကြီးအကျယ် ဖြတ်တောက်ခံရမယ်လို့ အစောပိုင်းက သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

AFP ရဲ့ သတင်းမှာ မဖော်ပြပေမယ့် တိုင်းရင်းသား ကိုယ်စားပြု မီဒီယာတွေလည်း ထောက်ပံ့ငွေ ဖြတ်တောက်ခံရမှုကြောင့် ထိခိုက်မှုတွေရှိနေတာ တွေ့ရပါတယ်။ ထုတ်ဝေနေတဲ့ စာစောင်တွေကို ရပ်ဆိုင်းလိုကရတယ်။ လူအင်အား လျှော့ချရတယ် စသည်ဖြင့်ပါ။

စစ်အစိုးရရဲ့ မီဒီယာချုပ်ကိုင်မှုကတော့ ပိုပြီး တင်းကျပ်လာပါတယ်။ တလောကပဲ သင်္ကြန်ဗုံးကွဲတဲ့နေရာမှာ ဓာတ်ပုံရိုက်တဲ့ အတွက် စည်သူဇေယျကိုရော၊ သူ့အဖေ ဦးမောင်မောင်ဇေယျကို ဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒဏ်တွေ ပေးလိုက်ပါတယ်။

Ref: AFP

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved