တပ်မတော်နေ့ကို ဘာကြောင့် အကျဉ်းချုံးကျင်းပမှာလဲ

Monday, February 21, 2011

ခေါင်သူကြီးတွေက ကြိုးကြီးချိတ်တွေပဲ ဓာတ်ကျနေတာဆိုတော့ ဒီနှစ် တပ်မတော်နေ့ကို ခမ်းခမ်းနားနား ကျင်းပဖို့ ဂွကျနေပုံရတယ် (စစ်ဝတ်စုံတွေ အပေါင်ဆိုင်ပို့ထားတာလားတော့ မသိ)

ဇန်နဝါရီ လကုန်ပိုင်းလောက်ကတည်းက နှစ်စဉ် ကျင်းပမြဲ တပ်မတော်နေ့ အခမ်းအနား မကျင်းပတော့ဘူး လိုလို၊ ချီတက်လမ်းလျှောက်မယ့် အရာရှိ၊ စစ်သားတွေကို လေ့ကျင့်ဖို့ခေါ်ထားရာကပဲ ပြန်လွှတ်သလိုလို ကြားနေရာက အခုတော့ တော်တော်လေး ဂဏန်းငြိမ်သွားပြီလို့ ပြောရပါမယ်။ နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းရဲ့ အဆိုအရ တပ်မတော်နေ့ကို အကျယ်မချဲ့တော့ဘဲ အကျဉ်းချုံး ကျင်းပတော့မယ်ဆိုပဲ။ ပြီးတော့ လမ်းလျှောက် ကြမယ့် စစ်သားတွေ၊ စစ်အရာရှိတွေကိုလည်း ပြန်ခိုင်းနေတယ် ဆိုတာ သေချာပါပြီ။

ဒီတော့ ကိုတာတေကလည်း ထုံးစံအတိုင်း တွေးရပြီပေါ့။

အာဇာနည်နေ့ကိုသာ မေ့ချင်မေ့ထားမယ်၊ တော်လှန်ရေးနေ့လို့ ခေါ်တဲ့ တပ်မတော်နေ့ကိုတော့ မမေ့မလျော့တဲ့အပြင် နှစ်စဉ် နှစ်တိုင်း ခြိမ့်ခြိမ့်သည်းသည်း ကျင်းပနေကျကို အခု ဘာကြောင့် အကျဉ်းချုံး ကျင်းပမှာလဲပေါ့ ...။

အကျဉ်းချုံးမှာဆိုတော့ ဘုန်းကြီးပဲ ဆွမ်းကပ်မှာလား။ စဉ်းစားစရာပဲလေ။ မဖြစ်နိုင်ဘူးလား။ သူရို့ ခေါင်သူကြီးတွေ တော်တော်များများက အခု စစ်ဝတ်စုံအစား ကြိုးကြီးချိတ်ထမီ ဓာတ်ကျနေကြတာကိုး။ ဒီ ချိတ်ထမီကြီးတွေ တကားကားနဲ့က ဘုန်းကြီး တရားပွဲနဲ့ပဲ အဆင်ပြေမှာ မဟုတ်လား။ ဘုန်းကြီးမှ ဆွမ်းမကပ်ဘူး ဆိုရင်တော့ ဒီလူပြက်ကြီးတွေနဲ့ အငြိမ့်ထွက်ကြဖို့ပဲ ရှိတယ်။

နောက်တခု ဖြစ်နိုင်တာကတော့ လာမယ့် တော်လှန်ရေးနေ့ အခမ်းအနားက အစိုးရသစ် အတည်ဖြစ်ပြီးတဲ့ အချိန်မှာ ကျင်းပရမှာဆိုတော့ ကာကွယ်ရေးဦးစီးချုပ် အသစ်စက်စက် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က နိဗ္ဗာန်ယာဉ်ကြီး ... အဲ ယောင်လို့ ... ကားပက်လက်ကြီးစီးပြီး ဗိုလ်ပါအပေါင်းရဲ့ အလေးပြုကိုခံ ... ပြီးရင် စင်ပေါ်တက် တပ်မတော်နေ့ မိန့်ခွန်းကို ပြောရတော့မှာကိုး။ အဲဒီအခါမှာ ကိုတာတေတို့ရဲ့ ဇာတ်လိုက်ကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အောက်က ထိုင်ပြီး နားထောင်ရတော့မှာ။ အဲဒီ အဖြစ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြိုမြင်ထားပုံရတယ်။ သူမှ မိန့်ခွန်းမပြောရတဲ့နောက်တော့ တပ်မတော်နေ့ ဆိုတာကိုလည်း အကျဉ်းပဲ ချုံးလိုက်ကွာလို့ ပြောလိုက်ပုံရတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် လာမယ့် တပ်မတော်နေ့မှာ သိပ်ပြီး မျက်စိမနောက်တော့ဘူးလို့ ယူဆရတယ်။ ဘယ်ပုံ ဘယ်နည်း အကျဉ်းချုံးမယ် ဆိုတာကိုတော့ စောင့်သာကြည့်ပေတော့ ဧရာဝတီ ပရိသတ်ကြီးရေ။

1 comments :

  1. Anonymous said... :

    we r no interesting ...f u

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved