ကျမ၏ စု

Monday, February 21, 2011

(Reader Digest, Volume 96, No.575, FEBRUARY 2011 မှ Noriko Ohtsu ရဲ့ MY FRIEND SUU ကို ဒီပါအောင်က ဆီလျော်အောင် ပြန်ဆိုပြီး ဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။ အဲဒါကို ဒီမှာ ပြန်လည် ဖော်ပြလိုက်ပါတယ်။)

ကမ္ဘာကသိကြတဲ့ အောင်ဆန်းစုကြည်ဆိုတာ ရဲစွမ်းသတ္တိရှိတဲ့ ဟီးရိုးတစ်ယောက်၊ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မကြာခင်ကမှ လွတ်လာတဲ့ အကျဉ်းသား၊ နှစ်၂၀ ကျော်ကျော်လောက် မြန်မာပြည်မှာ ဒီမိုကရေစီ မီးတောက်လေး အညွန့်တစ်လူလူ ဖြစ်လာအောင် ထွန်းညှိပေးတဲ့ လူတစ်ယောက် အဖြစ်ပေါ့။ ဒါပေမယ့်လို့ ကျမ အတွက်တော့ “စု” ဆိုတာ - နာမ်စား အနေနဲ့ ခေါ်တဲ့ “စု” ဆိုတဲ့ အမျိုးသမီးဟာ ခပ်ရိုးရိုးပါပဲ။ လွန်ခဲ့တဲ့ ၃၅ နှစ်လောက်က အောက်စဖို့ဒ်မှာ စာပေပညာသင်ကြားနေတဲ့ လူငယ်အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး အဖြစ် “စု” ကို စတင်သိကျွမ်းခဲ့ပါတယ်။ သူမဟာ အလွန်တော်တဲ့ အိမ်ထောင်ရှင်မတစ်ဦး ဖြစ်သလို အလွန်ကြင်နာတတ်တဲ့ အမေတစ်ဦးလည်း ဖြစ်တယ်။


ကျမဟာ သူယောက်ျား မိုက်ကယ် အဲရစ်ကို ပထမ စတင်သိခဲ့တာပါ။ ၁၉၇၄ ခုနှစ်က လန်ဒန်မှာရှိတဲ့ အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေးကျောင်း (SOAS) မှာ ကျမနဲ့ သူဟာ တိဘက် ဘာသာစကားကိုအတူတူ သင်ကြားရင်းတွေ့ခဲ့တာပါ။ အဲရစ်ဟာ ချောမောတယ်လို့ မပြောနိုင်ပေမယ် ကျမကတော့ သူကို သဘောကျပါတယ်။ သူ့ရဲ့ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ လူကြီးလူကောင်းဆန်တဲ့ အသွင်အပြင်ဟာ လူတွေကို ကျေနပ်နှစ်သိမ့်နိုင်ပါရဲ့။

အဲ့ဒီတုန်းက သူ့အသက်ဟာ ၂၇ နှစ်ပဲ ရှိသေးပေမယ့် အိန္ဒိယနိုင်ငံအထက်ပိုင်းက သေးငယ်လှတဲ့ တိဘက်နိုင်ငံရဲ့ တော်ဝင်မိသားစုတွေကို အင်္ဂလိပ်စာ သင်ကြားပေးနေတာ အတော်ကြာခဲ့ပါပြီ။ သူ့ရဲ့ မရိတ်မသင်ဘဲ ထားထားတဲ့ ဆံပင်၊ မုတ်ဆိတ်တွေနဲ့ ရှည်လျားတဲ့ အရပ်ကြောင့် သူ့ကိုတွေ့တာနဲ့ ဟိမ၀န္တာက ဘီလူးတစ်ကောင် ကိုယ်ထင်များ ပြနေသလားလို့တောင် ထင်ရတယ်။ သူ့ကိုယ်သူ မိတ်ဆက်ပြီးတော့ ကျေနပ်ပီတိဖြာနေတဲ့ အပြုံးနဲ့ ပြောတာက “ကျနော့် အမျိုးသမီးက မြန်မာဗျ” တဲ့။

နောက်ပိုင်း ရေစက်ပါလာလေသလားတော့ မသိပါ။ ကျမယောကျာ်း ဂျပန်လူမျိုး ဆာဒါရိုရှိ (ဆိုဗီယက်ယူနီယံမှာ စီးပွားရေး ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ) ရော၊ “စု” နဲ့ ကျမရော၊ ၁၉၇၃ ခုနှစ်မှ မွေးတဲ့ ကလေးလေး အလက်ဇန်ဒါရော၊ မိုက်ကယ်ပါ လန်ဒန်ကနေ အောက်စဖို့ဒ်ကို အတူတကွ ပြောင်းရွေ့ခွင့်ရခဲ့ပါတယ်။ ရလဒ်ကတော့ ကျမတို့အားလုံး တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိသွားကြတာပေါ့။ အာရှက လာကြတဲ့ “စု” နဲ့ ကျမ နှစ်ယောက်လုံး အတွက်တော့ ပိုပြီး အကူအညီရပါတယ်။ ဝေးကွာတဲ့ ကမ္ဘာ့ရဲ့ အရှေ့ခြမ်းက လာသူတွေ နည်းနည်းလေးပဲ ရှိတဲ့မြို့ မှာလေ။ ကျမတို့ဟာ အောက်စဖိုဒ့်က ဘယ်သူငယ်ချင်းနဲ့မှ မခင်ဖူးတဲ့ ခင်မင်မှုမျိုးနဲ့ ခင်ခဲ့ကြပါတယ်။

“စု” ကို ကျမ စတွေ့ဖူးတော့ ကလေးတွန်ုးလှည်းလေးကို တွန်းလာတဲ့ လှပငယ်ရွယ်တဲ့ အမျိုးသမီးလေးလေ။ မြန်မာ့ရိုးရာ ထမီကို ၀တ်ဆင်ထားပါတယ်။ ထမီဆိုတာ မလေးနဲ့အင်ဒိုမှာ အမျိုးသမီးတွေ ၀တ်လေ့ဝတ်ထရှိတဲ့ လုံချည်နဲ့ ခပ်ဆင်ဆင်ပါပဲ။ သူမက ဆံပင်ကို တစ်ပတ်လျိုဆံထုံး ထုံးပြီးတော့ နောက်ကို တွဲချထားတယ်။ သူ့ကြည့်ရတာ ၂၉ နှစ်လို့ကို မထင်ရဘူး။ သူက မိုက်ကယ်ထက် ၁ နှစ်ပိုကြီးတယ်။ ဒါပေမယ့် မိုက်ကယ် ကတော့သူနဲ့ တွဲသွားရင် သူအဖေလို့ ထင်ရတယ်။


“စု” နဲ့ ကျမနဲ့ဟာ စားစရာ အချိုအချဉ်တွေ လဲရတာ ၀ါသနာပါတယ်။ ပြီးတော့ အောက်စဖိုဒ့်က ဈေးထဲမှာ အတူတူ ဈေးဝယ်ကြတယ်။ ကျမတို့ဟာ ဟိုစပ်စပ် ဒီစပ်စပ် လျောက်ကြည့်ကြတာပေါ့။ ၀ယ်ချင်တာကို ကြည့်ထားရတာလေ။ ဒါမှ ဈေးနှုန်းချရောင်းတဲ့အခါ အလွယ်တကူရှာလို့ရမှာပေါ့။ “စု” ဟာ သူမ၀တ်ဖို့ လုံချည်ကို သူ့ဖာသူရက်လေ့ရှိပါတယ်။

မိုက်ကယ်ဟာ သူ့ရဲ့တိဘက်ဆိုင်ရာ သုတေသန လုပ်ငန်းကို ကြိုးစားပြီး အဆုံးသတ်ဖို့ လုပ်နေပါတယ်။ ဒါပေမယ့် သူ့မှာ ၀င်ငွေက နည်းနေပါတယ်။ “စု” က ကျမ ကိုပြောတယ်၊ “နိုရီကိုရေ … ကျမတို့တော့ ပေါင်တစ်တယ် နောက်ဆုံးပဲ ကျန်တဲ့အထိ ဖြစ်သွားပြီ။ ဒီကမ္ဘာမှာ ဘာလုပ်လို့ ရပါဦးမလဲ”။ ဒါပေမယ့်လို့ “စု” ဟာ ဈေးသက်သက်သာသာနဲ့ ညစာ ပြင်ဆင်ချက်ပြုတ်ရတဲ့နေရာမှာ တော်တော် တော်ပါပေတယ်။ သူမရဲ့ မိန်းမ မာနက ငါးနဲ့အာလူးချောင်း သို့မဟုတ် ဘာဂါနဲ့ ကျန်တဲ့ အမြန်စာလောက်ကို လုပ်ဖို့ ခွင့်မပြုခဲ့ပါဘူး။ သူမဟာ ခရစ္စမတ် ကိတ်ကိုတောင် ခရစ္စမတ် မရောက်ခင် ၆ လလောက်ကတည်းက လုပ်စားတတ်သေး။

ကျမက ဘယ်အချိန်ပဲဖြစ်ဖြစ် ကူညီဖို့ ကြိုးစားတဲ့ အနေနဲ့ သူတို့မိသားစု ကြိုက်တတ်တဲ့ ဂျပန်ရိုးရာ အစားအစာ ရှဘူ-ရှဘူ (shabu-shabu)၊ ဆုကီယာကီ sukiyaki (ဟော့ပေါ့ပုံစံမျိုး) နဲ့ တန်ပူရာ (tempura) ကို ချက်ပြုတ်ပြီး ညစာ အတူစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဆဒါယိုရှိ နဲ့ ကျမ ဂျပန်ကို ပြန်ခဲ့ကြပါတယ်။ ကျမတို့ပြန်ရောက်ပြီး ၁၀ နှစ် အကြာ ၁၉၈၅ ခုနှစ်မှာ “စု” ဟာ အသက် ၈ နှစ်ရှိပြီဖြစ်တဲ့ သူ့သားငယ် ကင်မ် ကိုခေါ်ပြီး ကျိုတို တက္ကသိုလ် က သုတေသန အသင်းအဖွဲ့ဝင်အဖြစ် ရောက်လာပါတယ်။ ရက်သတ္တပတ် ကုန်တိုင်းကုန်တိုင်းမှာ သူတို့ဟာ ဘီဝ ကန်ကြီးကနေ လှမ်းကြည့်ရင် မြင်နေရတဲ့ ကျမတို့အိမ်ကို လာရောက် လည်ပတ်လေ့ရှိကြပါတယ်။ နှစ်သစ်ကူး အကြိုည ဒီဇင်ဘာ ၃၁ ရက်နေ့မှာ သူတို့ရောက်လာတော့ ကျမတို့က အနီးအနားက ဂျပန်ရိုးရာ ခေါင်းလောင်း အကြီးကြီးတွေ ရှိတဲ့ ဗုဒ္ဓဘုရားကျောင်းတစ်ကျောင်းကို ခေါ်သွားခဲ့ပါတယ်။ နောက်နေ့ကျတော့ ကျမဟာ “စု” ရဲ့ ရင်ထဲမှာ “စု” ဟာ မြန်မာပြည်ကို ဘယ်လောက် လွမ်းတယ်ဆိုတာ မျက်ဝါးထင်ထင် မြင်လိုက်ရပါတယ်။

ကျမက ပြောတယ် ဒီနေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးကျောင်း တစ်ကျောင်း ရှိတယ်လို့ပြောတော့ စုက ကျမတို့ သွားလည်လို့ရမလားလို့ မေးပါတယ်။ အဲဒီမှာ ပိတ်ရက်ဆိုတော့ မုဒ်ဦးက ပိတ်ထားပါတယ်။ ဒါနဲ့ ကျမက နောက်ဘက်ကို လှည့်ဝင်သွားပြီး အကူအညီ တောင်းလိုက်ပါတယ်။ တံခါးဖွင့်ပေးပြီး အထဲဝင်သွားတော့ နူးညံ့သိမ်မွေ့ပြီး ၀မ်းသာပိတိဖြစ်နေတဲ့ မြန်မာဘုန်းတော်ကြီး တစ်ပါးကို တွေ့ခဲ့ရပါတယ်။ “စု” ဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပိုက်ဆံနဲ့ပတ်သက်ပြီး အတော်လေး ဂရုစိုက်ပေမယ့်လို့ သူမဟာ ဘုန်းကြီးကို ယန်း ၅၀၀၀ (ဒေါ်လာခြောက်ဆယ်နှင့် ယနေ့ခေတ်တွင်ညီမျှ သည်) ကို ကပ်လိုက်ပါတယ်။ ဘုရားရှိခိုးပြီးတော့ ထိခြင်းငါးပါးနဲ့ ဘုရားရှေ့မှာ လက်စုံမိုးပြီး ရှိခိုးခဲ့ပါတယ်။

ကျမ အံ့အားသင့်ခဲ့မိတာ တစ်ခုက ကျမနဲ့ စုဟာ ဗြိတန်နဲ့ဂျပန်မှာပဲ တွေ့ခဲ့တာ၊ မြန်မာပြည်မှာမှ မဟုတ်တာ။ ကျမက သူမကို နိုင်ငံခြားသားတစ်ယောက် အနေနဲ့ပဲ သိခဲ့တာလေ။ ဒါဟာ ကျမသိသလောက်ပဲ။ မထင်မရှား ဂျပန်ရွာလေးတစ်ရွာမှာ မြန်မာဘုန်းတော်ကြီးတစ်ပါးနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရတဲ့အချိန်မှာ ကျမဟာသူ့ရဲ့ မြန်မာ့နှလုံးသားကို ရုတ်တရက်တွေ့လိုက်ရပါတယ်။ ကျမ ခံစားမိလာတာက သူမဟာ မြန်မာ့မြေကိုပဲ သစ္စာစောင့်သိနေတယ် ဆိုတာပါပဲ။ “စု” ဘ၀တစ်ခုလုံးအတွက် စဉ်းစားမယ်ဆိုရင် နေလို့ထိုင်လို့ကောင်းတဲ့ ဗြိတန်မှာ ပိုမကောင်းဘူးလား၊ ဘယ်လိုပဲ ခက်ခဲမှုတွေ၊ အန္တရာယ်တွေ ရင်ဆိုင်နေရပါစေ သူမဟာပြောင်းလဲမှာ မဟုတ်ဘူးလို့။

သူမ ဂျပန်ကနေ ပြန်ရတော့မယ့်တစ်နေမှာ ကျမကို ထပ်လာတွေ့ခဲ့ပါတယ်။ ကျမတို့ရဲ့ ဂျပန်ရိုးရာ အစားအစာ မန်ဂျုကိတ် (manju cake) ကို ယူလာပြီး လက်ဘက်ရည်သောက်ဖြစ်ခဲ့ပါတယ်။ သောက်ပြီးသွားတော့ ကျမသူ့ကို ပြောတယ်၊

“စု ကျမသာ ရှင့်နေရာမှာဆိုရင် မြန်မာပြည်ကို ပြန်မယ်။ ရှင့်တိုင်းပြည်က ရှင့်ကို လိုအပ်နေတယ်။ ရှင်လုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိနေတယ်။ ရှင့်ရဲ့ အင်္ဂလိပ်စကားပြော စွမ်းရည်တစ်ခုတည်းနဲ့တင် အရမ်းတန်ဖိုးရှိနေပါပြီ။ မိုက်ကယ်လည်း အိန္ဒိယမှာ သုတေသနတွေကို ဆက်လုပ်လို့ရတာပဲ၊ ရှင်တို့တွေ အဝေးကြီးမှာ ခွဲမနေရတော့ဘူးပေါ့။ ရှင်လည်း ကလေးတွေကို ဘော်ဒါကျောင်းမှာ ထားလို့ရတယ်။ သဘောမတူဘူးလား”

ပုံမှန်အားဖြင့်ဆိုရင် “စု” ရဲ့ တုံ့ပြန်မှုတွေဟာ လျင်လျင်မြန်မြန် ပြန်လာလေ့ရှိပါတယ်။ အခုတော့ သူမဟာ အောက်ကိုငေးကြည့်နေပြီး ဘာမှပြန်မပြောပါဘူး။ ဒါပေမယ့် အဖြေဘာလဲဆိုတာ ကျမသိနေပါတယ်။ “စု” ဟာ ဂျပန်မှာ ရောက်နေတဲ့ မြန်မာကျောင်းသားတွေနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ သူတို့တွေဟာ သူမဖခင် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားကြည်ညိုသလိုပဲ သူမအပေါ်မှာည်း ယုံကြည်ကိုးစားမှုတွေ ရောယှက်နေပြီး သူတို့ရဲ့လေးစားမှုတွေဟာ သူမအပေါ်မှာ မျှော်လင့်နေကြပါပြီ။

မန်ဂျုကိတ်ဟာ ပန်းကန်ပြားပေါ်မှာ အရာမယွင်းရှိနေဆဲပါ။ နောက်ဆုံးတော့ စု ဟာ ခေါင်းထောင်လာပါတယ်။
“နိုရီကို၊ ရှင်ပြောတာ မှန်တယ်” လို့ သူမပြောခဲ့ပါတယ်။

နောက်၂ နှစ်လောက်ကြာတော့ သူမ မြန်မာပြည်ကို ပြန်သွားပါတယ်။
ဒါဟာ ဒီဇာတ်လမ်းရဲ့ အဆုံးပါပဲလေ..။

ကျမ သူမကို တခါမှ ပြန်မတွေ့တော့ပါဘူး။ ကျမနဲ့ ဆဒါယိုရှိတိုဟာ အောက်စဖို့ဒ်ကို နှစ်တိုင်း သွားကြပါတယ်။ အဲဒီတော့ သူမရဲ့ အရွယ်ရောက်နေကြပြီ ဖြစ်တဲ့၊ သူမအတွက် အလွန်ဂုဏ်ယူတတ်ကြတဲ့ သူမရဲ့သားတွေကို ကြည့်ရှုနိုင်လိမ့်မှာပေါ့။

၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ သူမဟာ ရန်ကုန်မြို့က ရွေတိဂုံဘုရားမှာ အလွန်ကြီးမားတဲ့ လူအုပ်ကြီးကို စကားပြောပြီး သူမရဲ့ နိုင်ငံရေးသမားဘ၀ကို စတင်ခံယူခဲ့ပါတယ်။ မြန်မာ့ရဲ့ မြင့်မြတ်တဲ့ တောက်ပလင်းလက်မှုကို မိုက်ကယ်နဲ့ သူ့သားတွေက စောင့်ကြည့်နေကြပါတယ်။ သူမဟာ လူအုပ်ကြီးကို ဒီလိုပြောခဲ့ပါတယ်။

“ကျမဟာ နိုင်ငံခြားမှာ နေခဲ့တယ်၊ ဒါအမှန်ပဲ။ ကျမဟာ နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့တယ်။ ဒါလည်း အမှန်ပဲ။ ဒီအချက်တွေဟာ ကျမရဲ့ နိုင်ငံပေါ်က အချစ်နဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်ကို ၀င်ရောက်စွက်ဖက် လွှမ်းမိုးနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။ အဲဒီနှစ်မှာ ဆူပူဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ “ဒုတိယအကြိမ် နိုင်ငံလွတ်လပ်ရေး အတွက် အခက်အခဲ အကြပ်အတည်းကာလလို့ သူမပြောခဲ့ပါတယ်’’။ အလွန့်အလွန် ကြီးမားခက်ခဲတဲ့ ဖြစ်ရပ်ကြီးတစ်ခုပါပဲ။

ကျမ မိုက်ကယ်ကို အောက်စဖို့ဒ်မှာ နောက်တကြိမ် ထပ်တွေ့တော့ ကျမတို့ စု အကြောင်း နဲ့ သူမရဲ့ အမိမြေအတွက် ဆောင်ရွက်ချက်တွေ အကြောင်းပြောဖြစ်ခဲ့ပါတယ်။ သူက ကျမကို ဒီလိုပြောခဲ့ပါတယ်။

“နိုရီကို၊ အစတုန်းကတည်း တစ်နေ့နေ့မှာ ဒီလို အချိန်မျိုးကို ရောက်လာလိမ့်မယ်ဆိုတာ ငါသိပြီးသားပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စုကို ငါ ကတိပေးထားခဲ့တယ်။ တကယ်လို့ မြန်မာ ပြည်သူတွေ သူမကို လိုအပ်လာခဲ့ရင် ငါဟာသူ့လမ်းကို ဘယ်တော့မှ တားဆီးမှာမဟုတ်ပါဘူးလို့”

သူမ၏ ခက်ခဲ၊ ကြမ်းတမ်း ရိုင်းစိုင်းသော ကံကြမ္မာအတွက် မျက်ရည်တို့သည် ကျမ၏ပါးပြင်ပေါ်သို့ တိတ်တဆိတ် ကျဆင်း၍ လာနေလေသည်။

6 comments :

  1. ခိုင်ကြီး said... :

    တကယ်တော့ ဒေါ်စု ရဲ့  ကိုယ်ပိုင် ဘ၀ ဆိုတာလည်း တကယ့်ကို ကြေကွဲစရာ ကောင်းတာပဲ။ ဘာမှ မသိတတ်သေးတဲ့ ငယ်ဘ၀ ကတည်းက အဖေ့ကို ဆုံးရှုံးလိုက်ရ ၊ လူလတ်ပိုင်းလေးမှာ မိသားစုတွေ ကွဲကွာရ နှင့် ရင်နင့်စရာတွေ များလိုက်တာ၊ ဒေါ်စု နှင့်တကွ မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့  မြန်မာပြည်ကြီး တိုးတက် ငြိမ်းချမ်း ဖို့  အနစ်နာ ခံကြတဲ့ သူတွေ အားလုံးကို ငြိမ်းချမ်းကြပါစေလို့  ဆုတောင်းလိုက်ပါတယ်။

  1. Aunty Su is wonderful. Really deserve than that word but i can't find.

  1. Anonymous said... :

    အရမ်းကို လေးစားအားကျရတဲ့ မိခင်ကြီးပါ၊၊ အမေ နေကောင်းကျန်းမာပါစေ၊၊

  1. Anonymous said... :

    ဟုတ်တယ်နော်။ ဒေါ်စု ဘ၀မှာ မိသားစုအေးချမ်းမူဆိုတာ အတော်ကို ရှားခဲ့တာပဲ။ အစ်ကိုကလည်း လုံးဝမကောင်းဘူး။ နိုင်ငံခြားသားကိုယူလို့ ချမ်းသာလားဆိုတော့လည်း မီလီလျှံနာကို ယူခဲ့တာမဟုတ်။ သဘောကောင်းပြီးအေးချမ်းတဲ့သူကိုပဲ ယူခဲ့တယ်။ အဆိုးဆုံးက သားနှစ်ယောက်ကို သက်ရှိခွဲခွာနေရတာ အတော်ဆိုးတာပါ။ နိုင်ငံေ၇းသမားများ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်း ဘေးအတားအဆီးအပေါင်းမှ ယခုဘ၀မှစလို့ နောက်ဘ၀တွေဆက်တိုင် လွတ်ကင်းနိုင်ကြပါစေ

  1. Anonymous said... :

    မြန်မာဟာ၊မြန်မာပါဘဲ ဘယ်နေရာကိုရောက်နေနေ ကိုယ့်မြေကို အမြဲသတိရနေတာ မြန်မာတိုင်းပါဘဲ။ လေးစားပါတယ် အန်တီစု။

  1. Unknown said... :

    ဒေါ်စု အောင်မြင်ပါစေ
    ဒေါ်စုရဲ့သတ္တိနှင့် ပြတ်သားသော စိက်ကို
    လေးစားစွာဖြင့်
    ဒီမိုကရေစီ ပေါ်ထွန်းလာရေးအတွက်
    လှုပ်ရှားသူ တစ်ယာက်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved