ကြီးငါးကြီး ဘဝပြောင်းပြီလား

Tuesday, February 22, 2011

ငါပြောင်းရင် နင်လည်း လိုက်ပြောင်းရမယ်ဆိုတဲ့ တပ်ချုပ်ကြီးနဲ့ ဘေးက ဒုတပ်ချုပ်
ကြီးငါးကြီး ဆိုတာကတော့ သိကြမှာပါ။ တပ်ချုပ်ကြီး အပါအဝင် ဒုတပ်ချုပ်နဲ့ နေပြည်တော် သူခိုးကြီးတွေကို ပြောတာပါ။ သူတို့ ၅ ဦးသား အပါအဝင် ဗိုလ်ချုပ်တချို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကာကွယ်ရေး ဝန်ကြီးဌာနပိုင် အိမ်ရာတွေကနေ ပြောင်းသွားတယ်လို့ သတင်းရရှိပါတယ်။
အဲဒီလို အိမ်ပြောင်းတဲ့သတင်း ကြားပြီးတာနဲ့ တပြိုင်နက်တည်းမှာ တပ်ချုပ်ကြီး သန်းရွှေနဲ့ ဒု တပ်ချုပ်ကြီးတို့ ဘဝပါ ပြောင်းကြပြီဆိုတဲ့ သတင်းတွေပါ နေပြည်တော် စစ်ဘက်အသိုင်းအဝန်းမှာ ဆက်တိုက် ထွက်ပေါ်လာပါ တယ်။ ဘဝတပါးကို ပြောင်းတာတော့ မဟုတ်ဘူးပေါ့လေ။ စစ်ဘက်ကနေ အရပ်ဘက်ကို ပြောင်းတယ်ဆိုတဲ့ သတင်းပါ

“ပြီးခဲ့တဲ့ သောကြာနေ့က ဗိုလ်ချုပ်မှူးကြီးနဲ့ ကြီးငါးကြီး အိမ်ပြောင်းတယ်။ နောက်ရက်တွေမှာ တခြား စစ်ဗိုလ်ချုပ်တချို့လည်း အိမ်ပြောင်းကြတယ်။ အဲဒါကို ကြည့်ပြီး ဗိုလ်ချုပ်မှူးကြီး အရပ်ဘက်ပြောင်းမယ်လို့ တချို့က ယူဆကြတယ်။ တချို့လည်း ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာချုပ်ပေးတော့မှာ သေချာတယ်လို့ ယူကြတယ်။ နောက်ပြီး တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်ကိုလည်း မကြာခင်ကမှ ခေါ်ထားသေးတယ်။ ဘယ်လိုအစီအမံတွေ ရှိလဲတော့မသိရဘူး” လို့ ကာကွယ်ရေး ၀န်ကြီးဌာနက တပ်မတော် အရာရှိကြီးတွေက ပြောနေ ကြပါတယ်။
တပ်ချုပ်ကြီးတို့ အရင်နေတဲ့နေရာက ကြပ်ပြေးနေပြည်တော်ရဲ့ သိုက်ချောင်းဆိုတဲ့ နေရာမှာ ဗိုလ်ချုပ်ရွာ ဆိုပြီးတော့ ရှိတာပါ။ အခု ပြောင်းလိုက်တဲ့ နေရာကတော့ စည်ပင်သာယာ ၄ လမ်းကြားက ကြီးငါးကြီး အိမ်ရာလို့ အမည်တွင်သတဲ့။ ထူးက ဆောက်ပေးနေတာလို့လည်း သိရတယ်။
တပ်ချုပ်ကြီး အရပ်ဘက်ပြောင်းမယ်ဆိုရင်တော့ ကြိုးကြီးချိတ်ဆိုင်တွေ အလုပ်ဖြစ်ဦးတော့မှာပဲ။ အမရပူရ ဘက်က ကိုတာတေ့ သူငယ်ချင်း ဂျာနယ်လစ် တယောက်ကိုတော့ အရည်မရ အဖတ်မရ ဂျာနယ်လစ် အလုပ် မလုပ်နဲ့တော့၊ ယက္ကန်းစင် ပြန်ထောင်ချေ လို့ ပြောထားတယ်။ ဟုတ်တယ်လေ ဇီးကွက် စီးပွားရေး ခေတ် မဟုတ်လား။ အမေရိကန်နဲ့ ဥရောပ ဆန်ရှင်ကိုလည်း တန်ပြန် ပိတ်ဆို့ရဦးမှာ။
နေပြည်တော်တိုင်း စစ်ဌာနချုပ်က အရာရှိကြီး တယောက်ကတော့ တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီး ထွက်မယ်၊ အရပ်ဘက် ပြောင်းမယ်ဆိုတာ ဖြစ်လည်း ဖြစ်နိုင်ပြီး မဖြစ်လည်း မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ရှင်းသွားတာပဲနော်။ ဟုတ်တယ်လေ ... မြန်မာပြည် နိုင်ငံရေးဆိုတာ ဘယ်သူက ဘာဖြစ်မယ်ဆိုတာ ပြောနိုင်တာလိုက်လို့။ သေချာတာ တခုကတော့ တပ်ချုပ်ကြီးတော့ ဒုချုပ်ကြီးပါ ကျန်းမာရေး တော်တော်မကောင်းဘူး ဆိုတာပါပဲ။ ဒုချုပ်ကြီး မောင်အေးကလည်း တော်တော်လေး သောက်တယ်လို့ ဆိုပါတယ်။ သူက ကျန်းမာရေးပိုဆိုးတယ်ဆိုတော့ သူတော်တော်သောက်တာ ရေတွေတော့ မဖြစ်နိုင်ဘူးလို့ ကိုတာတေတော့ သုံးသပ်မိတာပဲ။

ဒုချုပ်ကြီး မောင်အေးဟာ အမြဲတမ်းစိတ်ညစ်နေပြီး ဖိသောက်တဲ့ အလုပ်ပဲ လုပ်နေတယ်လို့ သိရပါတယ်။ သူ့ဟာနဲ့သူ အေး တလုံးတည်းနဲ့ နာမည်ကြီး ဖြစ်နေပြီး တပ်ချုပ်ကြီးကိုလည်း ဖင်တုန်အောင် ကြောက်ရတယ်။ ဘာဖြစ်ဖြစ် မလွန်ဆန်နိုင်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန အသိုင်းအ၀န်းက ပြောကြပါတယ်။
တပ်ချုပ်က ဒုချုပ်ကို “ငါပြောင်းရင် နင်လည်း ပြောင်းရမယ်လို့” အမြဲပြောသတဲ့။ အခု သူ အိမ်ပြောင်းတော့လည်း လိုက်ပြောင်းရတာပါပဲ။

နိုင်ငံရေး လေ့လာသူ တချို့ကတော့ ဗိုလ်ချုပ်မှူးကြီးဟာ စစ်ဘက်ရာထူး အကြီးဆုံးနေရာကို လွယ်လွယ်နဲ့ စွန့်လွှတ်ဖွယ်မရှိဘူးလို့ သုံးသပ်ကြတယ်။

ဒါပေမယ့် ဒီနှစ် တပ်မတော်နေ့ကို ခမ်းခမ်းနားနား မကျင်းပခြင်းဟာ တပ်ချုပ်ကြီးအနေနဲ့ စစ်ဘက်ကနေ အရပ်ဘက်ကို ကူးပြောင်းမယ့် အရိပ်အယောင်လို့လည်း ပြောနေကြတယ်။ စစ်ဘက်ကနေ အရပ်ဘက်ကို ပြောင်းပြီး ၈ ဦးပါတဲ့ နိုင်ငံ့ဥသျှောင်ထဲမှာ ပါမယ်လို့လည်း ထင်ကြေးပေးနေသူတွေ ရှိတယ်။
ကိုတာတေကတော့ အိမ်ပြောင်းတာဟာ ယတြာခြေနည်း တမျိုးလို့ ထင်ပါတယ်။ အိမ်ပြောင်းလိုက်ခြင်း အားဖြင့် လက်ရှိရာထူးနေရာတွေကနေ မပြောင်းရတော့ဘူး ဆိုတဲ့ သဘောပေါ့။ ကိုတာတေက လက်လွတ်စပယ် သုံးသပ်တယ်လို့ မထင်ပါနဲ့။ ရန်ကုန်မှာ နှလုံးထီ ဆက်တိုက် ထိုးစဉ်က ဗေဒင်ဆရာတွေ၊ ဘိုးတော်တွေ တော်တော်များများကို ဆည်းကပ်ခဲ့ဖူးပါတယ်။ တော်ရုံတန်ရုံ အတွေ့အကြုံနဲ့ သုံးသပ်တာ မဟုတ်ပါဘူး။
“တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီးတို့ တော်တော်လေး နေမကောင်းဘူးဆိုတော့ပေါ့နော် ... အိမ်ပြောင်းရင်း ဘဝတပါးကိုပါ ကူးပြောင်းသွားရင် အရမ်းအရမ်းကို ကောင်းမှာပဲပေါ့နော်” လို့ ကိုတာတေက ကိုယ့်ဘာသာ တကိုယ်တည်း ပြောနေပါတယ်။
ဧရာဝတီသတင်းထောက် စည်သူပေးပို့တဲ့ သတင်းကို ကိုးကားဖော်ပြသည်။

2 comments :

  1. Anonymous said... :

    ကြီးငါးကြီး မကောင်းဆိုးဝါးကောင်တွေ မြန်မြန်သေလေ ကောင်းလေးဘဲ တိုင်ပြည်ကို ဒုက္ခရောက်အောင်လုပ်နေတာ နစ်ပေါင်းကြာလှပြီး.

  1. Anonymous said... :

    မှန်တာပေါ့ ကိုတာတေ။မြန်မြန်သွားလေ ကောင်းလေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved